ကဗျာ ရဲရင့်သက်ဇွဲ

ရဲရင့်သက်ဇွဲ – လူဟာလူပဲ …ပြောစမ်းပါ ..ဘာကွာလဲ

လူဟာလူပဲ …ပြောစမ်းပါ ..ဘာကွာလဲ
ရဲရင့်သက်ဇွဲ
မတ်လ ၃၀၊ ၂၀၁၄

 

Photo @ Aung Htet

လူဟာ လူပဲ
ပြောစမ်းပါ ဘာကွာခြားတာများရှိနေလဲ
အရောင် မတူညီတဲ့
အရေပြားတွေရဲ့ အောက်က
စီးဆင်းတဲံ့သွေး ချင်းချင်းနီရဲတာကထပ်တူ…..

ဘယ်သူက ဘယ်သူ့ ကို
အပြစ်တင်နေ အပြစ်မြင်နေတာတုန်း
တိုင်းချစ်ပြည်ချစ်စိတ်ဆိုတာ
ဆူးလေ ဘုရားဘေးက ခိုတအုပ်ကို
အာသာပြေ အစာချကြွေးသလိုမျိုးမဟုတ်ဘူး ….

(အမျိုးကိုချစ်တယ်တဲ့ 
ဘာလဲ ဒီစကားတွေဟာ
ဝံသာနု ရက္ခိတ တရား ကင်းမဲ့ပြီးလားဆိုရင်
အမျိုးသား .. အမျိုးသား နဲ့ 

အားကြီး ပြောကြတာပဲ …)
စာ၂၅ မောင်ထင်ဝတ္ထုတို ပေါင်းချုပ်ထဲက
မှတ်သားမိတာလေး ပြန်ဖတ်မိတော့
ခေတ်ကို မျက်စေ့ထဲလာထဲ့ထားသလိုမျိုး
ဝမ်းသာရမှာလား ၀မ်းနဲရမှာလား
အမုန်းတရားများမီးလိုတောက်ခဲ့ ……

လူတယောက်ဟာ ဘယ်လောက်အတိုင်းအတာထိ
အမျိုးကိုချစ်ခွင့်ရှိသလဲ

လူတယောက်ဟာ အခြားလူတယောက်ရဲ့ ဘ၀ကိုဖျက်ဆီးပီးမှ
သူဟာ အမျိုးကို ဘယ်လိုချစ်ကြောင်း
လက်သီးလက်မောင်းတမ်းပြ
ခေတ်ကြီးကိုက ခေတ်စားလာခဲ့ကြ
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
ခေတ်ကြီးကိုက လက်ခုတ်လက်ဝါးတီးကြ …..

ပလေတိုရဲ့  နိုင်ငံတော်မှအစ
မင်းနှင့်ပြည်သူ အလယ်
သက်ဦးဆံပိုင်စနစ်အဆုံး မင်းတုန်းမင်းရဲ့ 
သတင်းစာလွပ်လပ်ခွင့်အထိ

ဘယ်လိုအကြောင်းနဲ့ မှ
လူနဲစုရဲ့ အခွင့်အရေးအကြောင်း
မျက်စောင်းတောင် မထိုးခဲ့ကြဘူး……

ဒီရေ ဒီမြေအပေါ်မှာ မွေးဖွား
ဒီရေ ဒီမြေအပေါ်မှာ သစ္စာထား
ယုံကြည်ရာ ကိုးကွယ်ခွင့်တရား

မတူကွဲပြားခြားနားသော်ငြားလည်း
အလံတော်တခုတည်းရဲ့ အရိပ်အောက်မှာ
အေးအတူပူအမျှအတူတကွနေထိုင်ခဲ့ကြ
အခုကြမှ ဘာကြောင့်အတူတကွ နေထိုင်လို့ မရရမှာလဲ

လူနည်းစုရဲ့ အခွင့်အရေး
လူအများအစုကြီးက ကာကွယ်ပေးကြ
လူတိုင်းလူတိုင်း လူ့ အခွင့်အရေးရှိရမယ်

လူတိုင်းလူတိုင်း လူ့ အခွင့်အရေး ရသင့်ပါတယ်……

ဗြမဟ်စိုတရား လောကပါလတရား
ဗုဒ္ဓရဲ့ အေးချမ်းတဲ့တရားတော်များနဲ့ 
ကြီးထွားစည်ပင်လာတဲ့ လူ့ အဖွဲ့ အစည်းကြီးဟာ
မေတ္တာတရားကွယ်ပျောက်
ဘာကြေင့် ဘီလူးသဘက်ရုပ်ပေါက်လာရပါသလဲ
ဘီလူးသဘက်တွေဖြစ်အောင်
ဘယ်သူတွေကများ သွေးထိုးလှုံ့ ဆော် နေကြပါသလဲ
စဉ်းစားကြ …စဉ်းစားကြ…. လောကအတွက်….

လူဟာလူပဲ ….
ပြောစမ်းပါ ဘာကွာလဲ
တခုသတိထားစရာ
ဘုရားလောင်း ဒေ၀ဒတ်တောင်မှ
သူပြုသမျှကံ သူ့ ထံပြန်ရောက်တယ်

(ကောင်းမှု့မြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စီမင်း
ရခိုင်သူမြတ်)

ရဲရင့်သက်ဇွဲ
၂၈၁၀၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရဲရင့်သက်ဇွဲ – လူဟာလူပဲ …ပြောစမ်းပါ ..ဘာကွာလဲ
  1. တရားဥပဒေစိုးမိုးမှုရှိဖို့ဆိုရင် တရားမျှတတဲ့ ဥပဒေတွေရှိဖို့လိုအပ်တယ်။ နို့မဟုတ်ရင် “မတရားဥပဒေ စိုးမိုးမှုပဲ ရှိလိမ့်မယ်။ ကျနော်တော့ လူကိုလူလိုပဲ မြင်အောင်ကြိုးစားတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို နိုင်ငံတကာစံနှုန်းနဲ့အညီ ပြင်ဆင်သင့်တယ်။ မြန်မာနိုင်ငံသားဖြစ်ရင် အသွေးအရောင်၊ ဘာသာ၊ လူမျိုးမခွဲခြားဘဲ လူတိုင်းဟာ သမ္မတဖြစ်ခွင့်ရှိရမယ်။ ဗမာမို့လို့၊ တိုင်းရင်းသားမို့လို့ ဆိုပြီး အခွင့်အရေး ပိုမယူသင့်ဘူး။ ကုန်ကုန်ပြောမယ်ဗျာ။ ကျနော့ကို ဆဲချင်ရင် ဆဲနိုင်ပါတယ်။ ကျနော်တို့နိုင်ငံ အမည်ကိုတောင် “မြန်မာနိုင်ငံ”လို့ ခေါ်တာကိုတောင် ကျနော်တော့ လိပ်ပြာမသန့်ဘူးဗျ။ ဖြစ်နိုင်ရင် National Reconciliation အတွက် (ဒီစကားကိုတောင် “အမျိုးးသား ပြန်လည်သင့်မြတ်ရေး” ဆိုတဲ့ စကားထက် “တနိုင်ငံလုံး ပြန်လည်သင့်မြတ်ရေး” လို့ပဲ သုံးချင်တယ်ဗျာ။ “အမျိုးသားရေး” ဆိုတဲ့ စကားလုံးတွေကို ကြားရရင် စိတ်ကကို လိပ်ပြာမသန့်တော့လို့ပါ။) လူနည်းစုတွေက ယေဘူယျကျကျ ရွေးချယ်လိုက်တဲ့ နိုင်ငံအမည်ကို ပြောင်းလဲသတ်မှတ်ရင်တောင် ကျနော်တော့ လက်ခံတယ်ဗျာ။ ကျနော်ဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးကို တန်ဘိုးထားတယ်။ အမှန်တရားနဲ့ တရားမျှတမှု ရှုထောင့်ကပဲ ကြည့်တယ်။ အမျိုးသားရေးဆိုတဲ့ ရှုထောင့်က လုံးဝမကြည့်နိုင်ပါဘူး။ လောကကြီးကို ချုပ်ကြည့်လိုက်ရင် စိတ်နဲ့ ရုပ် နှစ်မျိုးပဲရှိပါတယ်။ ဒီနှစ်မျိုးကလည်း တကယ်တော့ ဖြစ်ပျက်ပြောင်းလဲနေတဲ့ သဘောမျှသာရှိတာပါ။ “စိတ်” နဲ့ “ရုပ်” ဆိုတာကိုက ပြောဆိုသုံးစွဲလို့ရအောင် အမည်သတ်မှတ်ထားတာသာ ဖြစ်ပါတယ်။

Comments are closed.