သတင်းဆောင်းပါး

ဇာနည်ကြီး – ရွှေဂတ်စ်ပိုက်လိုင်းကိုကြည့်ပါ၊ မြန်မာခေါင်းဆောင်များ ညီညွတ်ဖို့အရေးကြီးနေပါတယ်


ရွှေဂတ်စ်ပိုက်လိုင်းကိုကြည့်ပါ၊ မြန်မာခေါင်းဆောင်များ ညီညွတ်ဖို့အရေးကြီးနေပါတယ်
 
ဇာနည်ကြီး
မတ်လ ၂၁၊ ၂၀၁၄

 

 ကျွန်တော် ညအချိန်မှထွက်ခွာသော အဝေးပြေးကားစီးပြီး ရန်ကုန်တောင်ကြီး ခရီးစဉ်တွင် ဘတ်စကားကြီးပေါ်၊ ခရီးသည် ၄၅ဦးပါလာတယ်။ ဘတ်စကားမယ်၏ ဂရုနာအသံဖြင့် ခရီးသွားမိတ်ဆွေများကို ကြေငြာသောအသံက  လေယဉ်ပေါ်က လေယဉ်မယ်၏ အသံထက် နှလုံးသာကို ထိခိုက်မိပါတယ်။ သူမ လစာငွေ ဒေါ်လာ ၂၀၀ခန့် ဝင်ငွေရဖို့ မအိပ်မနေ၊ ဘတ်စကားပေါ်တွင် ပင်ပမ်းစွာ လုပ်ကိုင်ရတယ်။ ဘတ်စကား ရပ်နား၊ စားသောက်၊ အပေါ့သွားသည့် နေရာများမှာလည်း အဆင့်မြင့်လာတယ်။ ရေ အခမဲသောက်လို့ရပါတယ်။ သန့်ရှင်းသပ်ယပ်နေတယ်ကို ဝမ်းသာမိပါတယ်။ အားနည်းချက်များစွာ ရှိနေသော်လည်း မြန်မာ့ခရီးသွားလုပ်ငန်း အလွန်တိုးတက်နေပါတယ်။ အစိုးရက အခွန်ငွေ နင့်နေအောင် မကောက်ဖို့လိုတယ်။ ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးစရိတ်ချိုသာမှ စီးပွားကောင်းလာပါမယ်။  လမ်းမှန်တော့ ရောက်နေပါတယ်။ ကားရပ်သည့်နေရာတွင် လူငယ်များခရီးသည်များ ၊ ပုဆိုးမဝတ်တော့မပါ။ ဘောင်းဘီရှည်များဖြင့် အပေါ့သွားသည့်နေရာတွင် အမှိုက်ပုံးရှာပြီး၊ အမှိုက်ပစ်နေတာကို တွေ့လိုက်ရပါတယ်။ ဘတ်စကားမယ် ပေးသော သွားတိုက်တံ၊ သွားတိုက်ဆေးဗူးပေါက်စ၊ တစ်ခါသုံးမျက်နှသုတ်ပဝါ တို့ကို သုံးပြီး လွှင့်ပစ်လိုက်သူကို  အခြား လူငယ်၎ဦးက “ဗမာတွေ စည်းကမ်းမဲ့လို့ ထီးနန်းပျောက်ခဲ့ရပြီး၊ မင်းလည်း ဒါမျိုးမလုပ်ပါနဲ့”  ဟုပြောပြီး၊ သူတို့ထဲမှပဲ ပြန်ကောက်၊ အမှိုက်ပုံးထဲ ထည့်လိုက်တာကို အံ့သြစွာတွေ့ရတယ်။ သြော် လူငယ်တွေကတော့ ပြောင်းလဲနေကြပေမဲ့ ..ငွေ၊ အာဏာရှိနေတဲ့ လူကြီးတွေကတော ပြောင်းလဲဖို့ တယ်နှေးတာကိုး..ဟု သုံးသပ်မိပါတယ်.။

မြန်မာပြည်က EMG မီဒီယာထုတ် 17-3-2014 ဂျာနယ်မှာ အထက်ပါပုံ၊ တရုပ်-မြန်မာ ဓါတ်ငွေ့နဲ့ရေနံပိုက်လိုင်း မရိုးနိုင်တဲ့မြေပုံကို ထပ်မံတွေ့လိုက်ပါတယ်။ ထုံးစံအတိုင်း တရုပ်နိုင်ငံရဲ့ တရုပ်နိုင်ငံ ကမ္ဘာ့အင်အားကြီးဖြစ်လာရေး၊ မဟာဗျူဟာကို အသေးစိတ်ရေးသား ထားပါတယ်။ ၂ခြမ်းကွဲနေတဲ့ မြန်မာနိုင်ငံမြေပုံဟာ တရုပ်နိုင်ငံအတွက် မသိချင်ယောင်ဆောင်နေပေမဲ့၊ မြန်မာနိုင်ငံအုပ်ချုပ်သူများနဲ့ လူထုအတွက်တော့ အင်မတန် ရင်လေးစရာကောင်းပါတယ်။ ဘယ်လို မဟာဗျူဟာရှိတယ်ဆိုတာတော့ ဂျာနယ်မှာအသေးစိတ်မရေးပါဘူး။ စီးပွားရေးအတွက် စာချုပ်ထဲမှာပါတဲ့ ရထားလမ်းကိုဆောက်ဖို့ တရုပ်ကုမ္ပဏီရဲ့ တွန်းအားပေးခြင်း ခံနေရတဲ့ မြန်မာအစိုးရရဲ့ မချိမဆန့်ခံစားနေရပုံကို ရေးသားထားပါတယ်။ မြန်မာနိုင်ငံအတွက် စီးပွားရေး ငွေရရှိရေးသတ်သတ် ဆိုရင် ရထားလမ်းဖောက်ခြင်းဟာ ကန့်ကွက်စရာမရှိပေမဲ့ ဘယ်လိုစာချုပ်ထားတယ်ဆိုတာ သိနိုင်သူ လူနည်းစုပဲရှိပါတယ်။ စာချုပ်တာဝန်ခံ လက်မှတ်ရေးထိုးခဲ့သူ ဒု-သမ္မတဟောင်းကတော့ အေးအေးဆေးဆေး အနားယူနေပါပြီ။ စာချုပ်ကို လက်မှတ်မထိုးခဲ့ပဲ မိမိလုံခြုံရေးအတွက် စနစ်တကျလုပ်ဆောင်ခဲ့သူ နံပါတ်(၁)တာဝန်ရှိတဲ့ ဦးသန်းရွှေလဲ အခုတော့ သူနဲ့မဆိုင်တော့ပါဘူး။ လက်ရှိ သမ္မတဦးသိန်းစိန် နဲ့ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၊ ကာ/လုံမှာ အာဏာရှိနေတဲ့ စစ်ဗိုလ်များ (လက်ရှိနဲ့အငြိမ်းစား) သူတို့ရဲ့ တာဝန်ဖြစ်နေပါပြီ။ လက်ရှိ စစ်ခေါင်းဆောင်များဟာ ကမ္ဘာ့အဆင့် နည်းပညာများကို မကျွမ်းကျင်ပေမဲ့ မြန်မာပြည်လွတ်လပ်ရေး တဖန်မဆုံးရှုံးရအောင် ကာကွယ်နိုင်မယ်လို့တော့ ယုံကြည်ပါတယ်။ စစ်အင်အားနဲ့ ကာကွယ်ရတဲ့ ခေတ်က ကုန်နေပါပြီ။ စစ်အင်အားပြပြီး၊ စစ်မတိုက်ပဲ စီးပွားရေးနဲ့ နယ်မြေတိုးချဲ့ခြင်း၊ ကိုယ့်နယ်မြေ ကာကွယ်ခြင်းများကို လုပ်ရမဲ့ ခေတ်ဖြစ်နေပါပြီ။

လက်ရှိ မြေပုံကို ကြည့်လိုက်တာနဲ့ တရုပ်နိုင်ငံရဲ့ ဘင်္ဂလားပင်လယ်အော်ကို ထိုးဖေါက်ပြီး၊ အိန္နိယ၊ အမေရိကန် (ဂူအမ်စစ်စခန်း) တို့ကို မဟာဗြူဟာချိမ်းခြောက်နေတာ အထင်အရှားပဲဖြစ်ပါတယ်။ ပြောတာထက် လက်တွေ့ဖြစ်ပျက်နေတာကိုပဲ အဓိကထားကြည့်ရင်၊ တရုပ်-မြန်မာ-အမေရိကန်-အိန္နိယ ခေါင်းဆောင်များ ဘာပြောသလဲဆိုတာထက် သူတို့ ဘာလုပ်နေကြသလဲဆိုတာက ပိုပြီးအရေးကြီးပါတယ်။ အခု တရုပ်က လုပ်ပြသွားတဲ့ ဓါတ်ငွေ စာချုပ်ကို အထူးလေ့လာသုံးသပ်၊ ပြင်ဆင်ဖို့လိုနေပါပြီ။ နိုင်ငံတိုင်းဟာ နိုင်ငံစီးပွားရေး ချွတ်ခြုံကျ၊ ထိခိုက်စေမဲ့အရေးအခင်းများကို သူတို့စစ်အင်အားသုံးပြီး ကာကွယ်ဖို့ စစ်တပ်အသုံးစရိတ်ဟာ နိုင်ငံတိုင်း ဦးထိတ်ထားရပါတယ်။ စစ်အင်အားကြီးမှ စီးပွားရေးအနိုင်ကျင့်မခံရမှာ ဖြစ်ပါတယ်။ စင်ကာပူကျွန်ပတ်လည်က ဒေါ်လာ ထရီလျှံပေါင်းများစွာ တန်ဖိုးရှိတဲ့ အမေရိကန်နဲ့ဥရောပကုမ္ပဏီများ ပိုင်တဲ့ ရေနံလှောင်ကန်၊ ရေနံချက်စက်ရုံကြီးများကို အင်ဒိုနီးရှားက မွတ်ဆလင်အကြမ်းဖက်သမားများရန်၊ အမေရိကန် စစ်သား ၈၀၀၀ကျော် ၊ လေယာဉ်တင်သင်္ဘောတစ်စီး၊ ခရူစာစစ်သင်္ဘောများစွာနဲ့ စောင့်ထိမ်းနေရပါတယ်။ စင်ကာပူနိုင်ငံနဲ့ သူ့စီးပွားရေးကို ထိပါးလာခြင်းဟာ အမေရိကန်ကို ထိပါးသလိုဖြစ်ပြီး။ အမေရိကန်အကျိုးစီးပွားကို ကာကွယ်ဖို့၊ အချိန်မရွေး အမေရိကန်မရိန်းစစ်သားများ စင်ကာပူကျွန်းပေါ် ဝင်လာရင်လဲ ဘာမှမတတ်နိုင်ပါဘူး။

ဥပမာ .. မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းစာချုပ်၊ မြန်မာနိုင်ငံက စာချုပ်ဖောက်ဖျက်တဲ့အတွက် ဆောရီးပြောလို့မရပါဘူး။ ၂နိုင်ငံ အချုပ်အချာအာဏာမှာ စီးပွားကျိုးတူ၊ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဟာ အရေးကြီးပါတယ်။ ဒီစာချုပ်ဟာ တရားမျှတပါသလားဆိုတာ ကမ္ဘာ့တရားရုံး၊ နယူးယောက်ကွန်ဗင်းရှင်းတွေက လာရောက်စီရင်ပေးမှာ မဟုတ်ပါဘူး။ တရုပ်နဲ့မြန်မာ၂နိုင်ငံ သဘောတူနေရင် တခြားနိုင်ငံတွေက လာမရှုပ်ပါဘူး။ သူတို့အကျိုးစီးပွား ထိခိုက်လာမှ လာရောက်စွတ်ဖက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြစ်ဆုံစာချုပ်ကို ဘယ်လိုချုပ်ထားသလဲ ဆိုတာ အမေရိကန်ကြီး စိတ်မဝင်စားပါဘူး။ အလားတူ လက်ပတောင်းကြေးနီစီမံကိန်းလဲ အမေရိကန်ကြီး စိတ်မဝင်စားပါဘူး။

အမေရိကန်ကြီး စိတ်ဝင်စားတာကတော့ တရုပ်-မြန်မာ ရွှေဂတ်စ် ရေနံဓါတ်ငွေပိုက်လိုင်းလဲ မဟုတ်ပါဘူး။ ရုရှားနိုင်ငံထွက်တဲ့ ရေနံတွေ အရှေ့ဥရောပနိုင်ငံများက ဖြတ်သန်းပြီး အနောက်ဥရောပနိုင်ငံများကို ရောင်းစားနေပေမဲ့၊ ရုရှားနိုင်ငံ၊ ကြားခံနိုင်ငံ နဲ့ အနောက်ဥရောပနိုင်ငံများ အားလုံး အကျိုးတူစီးပွားရေးဖြစ်လို့ အမေရိကန်နဲ့မဆိုင်ပါဘူး။ သို့သော် ကရိုင်းမီးယားကို ရုရှားက Politically Take Over လုပ်လိုက်တော့ အမေရိကန်နဲ့အနောက်ဥရောပနိုင်ငံများသာမက၊ ကြားခံနိုင်ငံများအားလုံး တုံလှုပ်သွားပါတယ်။ ကရိုင်းမီးယားအုပ်ချုပ်သူနဲ့ ပြည်သူအများစု မဲပေးထောက်ခံပြီး ရုရှားလက်အောက်ပဲနေမယ် ဖြစ်သွားတော့ ဘာမှမတတ်နိုင်ဖြစ်သွားရပါတယ်။

တရုပ်-မြန်မာ ရထားလမ်းဆောက်မဲ့ကိစ္စတော့ အများကြီးစဉ်းစားရမဲ့အကြောင်း EMG ဂျာနယ်က မျက်နှာဖုံးသတင်းအဖြစ် အထူးရေးသား ထားပါတယ်။

ဒီ စီးပွားရေး၊ နိုင်ငံရေး အားနည်းချက်များကို ဘယ်လိုကာကွယ်မလဲဆိုတာ သမိုင်းသုတေသီ ဦးသန့်မြင့်ဦး (ကုလအကြီးအကဲ ဦးသန့်၏မြေး) ရေးတဲ့ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်များမှာ အတိအလင်းရေးထားပါတယ်။ ကာကွယ်နည်းကတော့ မြန်မာနိုင်ငံဟာ ဘက်စုံတောင်တင်းခိုင်မာ၊ ညီညွတ်ဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ရေးထားပါတယ်။ မြန်မာပြည်နဲ့ ၃ပုံတစ်ပုံ က တိုင်းရင်းသားလက်နက်ကိုင်များအရေးအခင်းကို မြန်မာအစိုးရသစ်က နည်းမျိုးစုံနဲ့ ညီညွတ်ရေးအတွက် ဖြေရှင်းပါတယ်။ ရှင်းမရတဲ့ ကချင်လက်နက်ကိုင်များကို အင်အားသုံးပြီး ဖြေရှင်းမယ်ကြံရွယ်တော့ တရုပ်ကြီးပြသနာဖြစ်လာပါတယ်။ ကချင်များဟာ ရှေးနှစ်ပေါင်း ထောင်နဲ့ချီပြီး မြန်မာများနဲ့ ညီအစ်ကိုလိုနေထိုင်ကြပါတယ်။ ရှေ့တန်းစစ်မျက်နှာမှာ အရာရာ “စစ်နိုင်ဖို့လုပ်တာ၊ တရားမျှတတယ်” ဆိုပြီး၊ တရုပ်၊ကချင် နယ်စပ် မြို့ရွာပေါင်းများစွာ (ဗန်းမော်-မြစ်ကြီးနားလမ်းတစ်လျှောက်) မီးလောင်ပြာကျသွားပြီး ကချင် KIA တွေကလည်း တရားသောစစ်မှာ မရှုံးဖို့ ကချင်လူမျိုးစုများ လူဦးရေ၊ သိန်းနဲ့ချီပြီး ထွက်ပြေးစေတယ်။ ဒုက္ခသယ်စခန်းများစွာကို ကုလ၊ အမေရိကန်နဲ့ဥရောပ အင်ဂျီအိုများက ကျွေးမွေးထားပါတယ်။ ရေခဲအောင်အေးချမ်းတဲ့ ဒေသမှာ ကြမ်းကြားလေလုံအောင် စောင်ထူထူခြုံပြီး ဒုက္ခသည်များ အရေးအခင်းဟာ မြန်မာ-ကချင် စစ်ခေါင်းဆောင်များ ယုံကြည်မှုမရမချင်း ဒုက္ခခံနေရဦးမဲ့ ဓါးစာခံများဖြစ်ပါတယ်။ ကချင်လက်နက်ကိုင်များနဲ့ ပြည်သူများက မြန်မာနဲ့ အတူနေချင်ပေမဲ “ဝ” လက်နက်ကိုင်များ၊ ကိုးကန့်ရှမ်း လက်နက်ကိုင်များနဲ့ သူတို့ထိမ်းချုပ်ရဒေသပြည်သူများက ဘယ်လိုသဘောထားမယ်ဆိုတာ မသိနိုင်ပါဘူး။

တရုပ်ပြည်မကြီးနဲ့ ကမ္ဘာ့အဆင့် မဟာဗျူဟာကြောင့် ကချင်၊ ကိုးကန့်၊ ဝ လူမျိုးများရဲ့ ခံယူချက်က ယူကရိန်း၊ ကရိုင်းမီးယားဒေသလို ဖြစ်သွားရင်တော့ မြန်မာနိုင်ငံရဲ့ အနာဂါတ်ဟာ ကျွန်တော်တို့ အသက်ရှင်နေတုံး လာမဲ့ ၁၀နှစ်၊ ၂၀နှစ်အတွင်း မထင်မှတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ပြည်တွင်းညီညွတ်ရေးဟာ အလွန်အရေးကြီးကြောင်း၊ အီအမ်ဂျီ ဒေါက်တာသန်းထွန်းအောင်၊ မြန်မာအစိုးရအကြံပေးဖြစ်နေတဲ့ ဦးသန့်မြင့်ဦး နဲ့အတူ ပညာရှင်များအားလုံး သဘောတူကြပါတယ်။ လက်တွေ့လုပ်ဖို့လဲ ပေါ်လစီအရ အုပ်ချုပ်နေသူ ခေါင်းဆောင်များက သဘောတူပေမဲ သူတလူငါတမင်းဖြစ်တဲ့ နိုင်ငံကြီးကို ညီညွတ်ဖို့ ခက်ခဲနေပါတယ်။ သမ္မတဦးသိန်းစိန်ကို မြန်မာလုပ်ငန်းရှင်ကြီးတစ်ဦးက ဝန်ကြီးများစွာရှေ့မှာ – သမ္မတကြီး၊ နွားနို့ထုတ်လုပ်ဖို့၊ မဖြစ်နိုင်မရှိပါဘူး။ ဒါပေမဲ့ သမ္မတကြီးရဲ့ ဝန်ကြီးများက သမ္မတလုပ်စေချင်တဲ့အတိုင်း မလုပ်ပဲ၊ ဝန်ကြီးဌာနအာဏာချင်း ပြိုင်နေကြတာ အခက်ခဲကြီး ဖြစ်နေပါတယ်…လို့ ရှင်းရှင်ပဲပြောချလိုက်တယ်။ ပါလာတဲ့ဝန်ကြီးများက မျက်နှာဇီးရွက်လောက်နဲ့ ငြိမ်နေကြတယ်။ အနားမှရှိနေတဲ့ ရာထူးကြီး၊ စီနီယာနိုမ့်၊ အသက်ငယ်တဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တခိခိ ရယ်တယ်။  ဒီအဖြစ်အပျက်လဲ ကြာသွားတော့  သမ္မတကြီးနဲ့ ဝန်ကြီးအားလုံးလဲ မေ့လောက်ပါပြီ။ သူတို့က အရမ်းအလုပ်ရှုပ်ကြတာကိုး။ အမြက်အစွန်းကြီးမားလှတဲ့ High Rise Building ဥပဒေနဲ့ သူတို့လူတွေပိုင်တဲ့ မြေနေရာတွေကို ကွန်ဒိုများဆောက်ခွင့်ရရေးအတွက် ရန်ကုန်မြို့မှာ စည်ပင်သာယာ နဲ့ အိုးအိမ် အသေအလဲ ဖိုက်တင်လုပ်နေကြပါတယ်။ တိုင်းပြည်အတွက်ကွ ပြောပြီးတော့ လက်တွေ့မှာ ငွေအတွက် တိုက်ပွဲဝင်နေသူ အစိုးရခေါင်းဆောင်များစွာ ရှိနေဆဲဖြစ်ပါတယ်။ အရေးမယူသေးဘူးလား…ပြည်သူတွေကမေးနေပါတယ်။ တစ်ကောင်ကို တရားဝင်အရေးယူပြမဲ့အချိန် နီးလာပြီးဖြစ်ပါတယ်။

နိုင်ငံခြားကလာတဲ့ FDI Foreign Direct Investment ငွေတွေနဲ့ တိုင်းပြည်ကြီးပွားအောင်လုပ်မယ်ဆိုတဲံ့ ကလေးအကြံကို စွန့်လွှတ်ဖို့လိုပါတယ်။

တိုင်းပြည်တည်ထောင်တာ ငွေနဲ့မဟုတ်ပါဘူးဆိုတာ လက်ရှိအုပ်ချုပ်သူများ နှစ်၅၀အတွင်း ကမ္ဘာ့ထိပ်တန်းရောက်သွားတဲ့ ကိုးရီးယား၊ စင်ကာပူ၊ တရုပ် တွေကို အတွင်းကျကျ လေ့လာ၊ ဆည်းပူးသင်ပါတယ်။  “ ငွေနဲ့ တည်ထောင်တာမဟုတ်၊ လူနဲ့တည်ထောင်တာ” ဖြစ်ပါတယ်။

စနစ်ကောင်းရင် တိုင်းပြည်တိုးတက်မယ် ဆိုတဲ့ ကလေးကလား အကြံတွေနဲ့ စီမံကိန်းကြီးတွေချနေတာ ကောင်းပေမဲ၊ လူစုတ်တွေက အကောင်ထည်ဖေါ်ရင် တိုင်းပြည်စုတ်မသွားပေမဲ့ ပြုတ်သွားမဲ့အလားလာ မြင်နေရပါပြီ။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်ကတော့ စစ်တပ်ကိုလမ်းမှန်ရောက်အောင် လမ်းပြခဲ့ပါပြီ ပြောနိုင်ပါတယ်။ လယ်မြေသိမ်းခြင်းများ ကိုလဲ အကောင်းဆုံးဖြေရှင်းပြခဲ့ပါတယ်။ အသက်မပြည့်စစ်သားပြသနာလည်း ဖြေရှင်းနိုင်ပြီး။ ဦးပိုင်စစ်တပ်စီးပွားရေး ကိုလဲ မကြာခင်ဖြေရင်းနိုင်မယ် မျှော်လင့်ပါတယ်။ လွှတ်တော်ထဲက ၂၅% စစ်သားများလည်း အခြေအနေကောင်းရင် ရုပ်သိမ်းနိုင်ပါတယ်။ အခြေအနေကတော့ အခုထိ သိပ်မကောင်းသေးပါဘူး။ အာဏာလုနေကြတဲ့ အာဏာရှင်စိတ်ဓါတ်ရှိသူများ၊ ငွေနောက်ကိုလိုက်နေကြပြန်ပါ တယ်။ စစ်တပ်က စစ်ဗိုလ်များစွာ ရုရှား၊ ယူကရိန်း၊ တရုပ်ပြည်များထံကို စစ်ပညာသင်ပို့ရုံသာမက၊ ထိုင်း၊ အင်္ဂလန်၊ အမေရိကန် နိုင်ငံများက ကမ္ဘာကျော် ဝက်စပွိုင့်လို စစ်တက္ကသိုလ်များမှာ ကြည်း၊ လေ၊ ရေ စစ်ပညာများ သင်ကြားစေလွှတ်ဖို့ အရေးကြီးနေပါတယ်။

တိုင်းပြည်ညီညွတ်ရေးအတွက် စစ်တပ်၊ ရဲ၊ ကြံခိုင်ရေး၊ အင်အယ်ဒီ စတဲ့ လူငယ်အင်အားများနဲ့၊ လူငယ်များရဲ့ ကောင်းမြတ်တဲ့ စာရိတ္တပညာကို လက်ရှိ အုပ်ချုပ်သူလူကြီးများက နေရာပေး၊ အသုံးချဖို့ အထူးလိုအပ်နေပါတယ်။

ပြည်ပနိုင်ငံများရဲ့ စံနမူနာများကို ယူဆောင်တတ်ဖို့ ပိုပြီး အရေးကြီးပါတယ်။ မဟာအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့၊ တရုပ်၊ အိန္နိယ (အမေရိကန်ထောက်ခံသူ) ကြားမှာ ရှိနေတဲ့ မြန်မာနိုင်ငံကြီး ညီညွတ်အင်အားကြီးလာဖို့ စံနမူနာများယူရမဲ့ နိုင်ငံများကတော့

– တိုင်ဝမ်း၊  (တရုပ်နဲ့ဂျပန်ကြား)

– တောင်ကိုးရီးယား – တရုပ်(မြောက်ကိုးရီးယား)နှင့်အမေရိကန်ကြား)

– ချက်၊ စလိုဗက် နိုင်ငံများ (ရုရှားနှင့်အနောက်ဥရောပနိုင်ငံအကြား)

– ယူကရိန်းလိုတော့ မြန်မာပြည်ဖြစ်သွားဖို့ လမ်းနည်းပါတယ်။ သို့သော် ယူကရိန်းအုပ်ချုပ်သူ၊ ခေါင်းဆောင်လဲ နှုတ်ထွက်ပေး၊ ဆန္နပြသူ များကို ရိုက်နှက်၊ဖြိုခွဲတဲ့ ရဲများက တိုင်းပြည်ကို ဒူထောင် တောင်းပန်ခဲ့သော်လည်း နောက်ကျသွားပါပြီး။ ဘုရားသခင်က မြန်မာနိုင်ငံခေါင်း ဆောင်များကို အချိန်တွေ ပေးနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတခုလုံး အထူးသဖြင့် လက်နက်ကိုင်ကြီးစိုးဒေသများမှာ ဘိန်းဖြူ၊ မူးရစ်၊ လိင်၊လပ်စား၊ လောင်းကစားမှုများ ကျိန်စာအောက်တွင် မြန်မာလူငယ်များစွာ ပညာမသင်ပဲ၊ ပျက်စီးနေကြပါတယ်။ ဘိန်းကုန်သည်များရှိနေခြင်းကြောင့် မြန်မာ့သားသမီးရတနာများ ပျက်စီးရခြင်းဖြစ် ပါတယ်။ ဝိသမဘိန်းကုန်သည်များနှင့် ပတ်သတ်သော ဝိသမကုမ္ပဏီကြီးများ၏ လက်ဝါးအုပ်၊ စီးပွားစနစ်ကိုလည်း ပြည်သူအစိုးရ၊ ညီညွတ်စွာလုပ်နိုင်မှ အိမ်မြေဈေးကြီးခြင်း၊ အလုပ်ကိုင်ရှားပါးခြင်း၊ ဆင်းရဲမွဲတေခြင်းမှ အမြန်မဆုံးလွတ်မည်ဖြစ်ပါတယ်။

တိုင်းပြည်အတွက်လုပ်နေတာဟု ပြောပြီး၊ မိမိငွေကြေးကြွယ်ဝရေးအတွက် လုပ်နေသူ လူနည်းစုထဲ သင်ပါနေပါသလား?


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဇာနည်ကြီး – ရွှေဂတ်စ်ပိုက်လိုင်းကိုကြည့်ပါ၊ မြန်မာခေါင်းဆောင်များ ညီညွတ်ဖို့အရေးကြီးနေပါတယ်

Comments are closed.