(တူမောရိုးသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၃၊ မတ်လ ၁၁၊ ၂၀၁၄)
မြန်မာနိုင်ငံအတွက် ကောင်းနိုးရာရာ (အပိုင်း ၁)
အောင်ဒင်၊ မတ် ၁၆၊ ၂၀၁၄
အမေရိကန်ပြည်ထောင်စုက အခြားဖွံ့ဖြိုးပြီးနိုင်ငံအများစုလို ကုန်ပစ္စည်းများအပေါ်မှာ ပေါင်းစပ်တန်ဘိုးအခွန် (Value Added Taxes) မကောက်ခံတာကြောင့် အစိုးရအသုံးစားရိတ်များအတွက် ဝင်ငွေခွန် (Personal Income Tax) အပေါ် အများစုအားထားနေရတာပါ၊ ဒါကြောင့် ဝင်ငွေခွန်ဆိုင်ရာမူဝါဒချမှတ်ခြင်းဟာ ပြည်သူလူထုနဲ့ အစိုးရအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတဲ့ အင်မတန်အရေးကြီးတဲ့ နိုင်ငံရေးဆောင်ရွက်မှု ဖြစ်ပါတယ်၊
# ဝင်ငွေခွန်လျှော့ချချင်တဲ့ ရီပတ်ဘလီကန်ပါတီ
ရီပတ်ဘလီကန်ပါတီက ပြည်သူလူထုအပေါ် အခွန်အကောက် လျှော့ချကောက်ခံရေး (Tax Cut/
Lower Taxation) မူဝါဒကို လက်ခံကျင့်သုံးပါတယ်၊ ပြည်သူလူထုဟာ ၎င်းတို့တစ်ယောက်ချင်းရဲ့ ဘဏ္ဏာရေးအခြေအနေပေါ်မှာ တာဝန်ရှိသလို ပြည်ထောင်စုအစိုးရရဲ့ ဘဏ္ဏာရေးအခြေအနေပေါ်မှာလည်း ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်လို့ ယုံကြည်ပါတယ်၊ ပြည်သူလူထုရဲ့ သဘောဆန္ဒမပါပဲ အစိုးရက အခွန်အကောက်များကို တိုးမြှင့်ကောက်ခံခြင်းမပြုသင့်လို့ ရပ်တည်ပါတယ်၊ ပြည်သူလူထုဆိုတဲ့နေရာမှာ ရီပတ်ဘလီကန်ပါတီ ရည်ညွှန်းတာက သာမာန်ဆင်းရဲသားနဲ့ အလယ်အလတ်လူတန်းစားတင်မကပဲ ချမ်းသာကြွယ်ဝသူများလည်းပါဝင်ပါတယ်၊ ရီပတ်ဘလီကန်ပါတီက ချမ်းသာကြွယ်ဝသူများကိုလည်း ချမ်းသာကြွယ်ဝမှုကြောင့်၊ ဝင်ငွေမြင့်မားမှုကြောင့် အခွန်အတုတ်တိုးမြှင့်ကောက်ခံတာကို လက်မခံပါ၊
သူတို့ရဲ့ အတွေးအခေါ်က ဝင်ငွေခွန်ကို လျှော့ချကောက်ခံခြင်းဖြင့် တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအားကို ပိုမိုတိုးမြှင့်စေမှာ၊ အသားတင်ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်စေမှာဖြစ်ပြီး တိုးမြှင့်လာတဲ့ ပြည်တွင်းထုတ်လုပ်မှုပေါ်ကနေ အခွန်ငွေတိုးမြှင့်ရရှိလို့ အစိုးရအတွက် ဝင်ငွေပိုပြီး ရရှိစေမယ်လို့ ယုံကြည်ပါတယ်၊ ချမ်းသာကြွယ်ဝသူများကို အခွန်ငွေပိုပြီး ကောက်ခံခြင်းဖြင့် ၎င်းချမ်းသာကြွယ်ဝသူများရဲ့ ပိုမိုရင်းနှီးမြှုတ်နှံလိုမှုများကို အဟန့်အတားဖြစ်စေပြီး မြင့်မားတဲ့ အခွန်အကောက်များကို ရှောင်တိမ်းဖို့ ချမ်းသာသူများက သူတို့ရဲ့ စီးပွါးရေးလုပ်ငန်းများကို အခွန်သက်သာတဲ့ ပြည်ပနိုင်ငံများကို ရွှေ့ပြောင်းအောင် တွန်းပို့သလို ဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်၊ အခွန်အကောက်များကို လျှော့ချခြင်းအားဖြင့် ပိုပြီးကြီးပွါးချမ်းသာလာတဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီးများ၊ ကော်ပိုရေးရှင်းကြီးများဟာ ၎င်းတို့ရရှိတဲ့ အမြတ်အစွန်းတွေကို လုပ်ငန်းတွေထဲမှာ ပိုမိုရင်းနှီးမြှုတ်နှံခြင်းဖြင့် အမေရိကန်ပြည်သူများအတွက် အလုပ်အကိုင်တွေပိုပြီး ဖန်တီးပေးနိုင်ပြီး အလုပ်လက်မဲ့နှုံးကို လျှော့ချနိုင်လိမ့်မယ်၊ အလုပ်လက်မဲ့တွေလျော့နည်းခြင်းဖြင့် အစိုးရထောက်ပံ့ကြေးကို မှီခိုနေရတဲ့ လူတွေကို ဆင်းရဲနွမ်းပါးမှုက လွတ်မြောက်စေလိမ့်မယ်၊ သူဋ္ဌေးကြီးတွေက အခွန်သက်သာလို့ ရတဲ့ အမြတ်အစွန်းတွေကို လူမှုရေးအသင်းအဖွဲ့တွေကို ပိုမိုလှူဒါန်းပြီး ဆင်းရဲနွမ်းပါးသူများကို မျှဝေစောင့်ရှောက်ကြလိမ့်မယ်လို့ ရီပတ်ဘလီကန်ပါတီက ယုံကြည်ပါတယ်၊ ဒါကြောင့်လည်း ရီပတ်ဘလီကန်ပါတီကို သူဋ္ဌေးကြီးများကြိုက်တဲ့ပါတီလို့ခေါ်ကြတာပါ၊
#သူဋ္ဌေးတွေကို အခွန်ပိုပြီးကောက်ချင်တဲ့ ဒီမိုကရက်တစ်ပါတီ
ဒီမိုကရက်တစ်ပါတီကတော့ အစိုးရဆိုတာ နိုင်ငံသားအားလုံးကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ယူဆပါတယ်၊ ပြည်ထောင်စုအစိုးရဟာ နိုင်ငံတွင်း လူ့အသိုင်းအဝိုင်းများရဲ့ လိုအပ်ချက်ကို ဒေသဆိုင်ရာအစိုးရတွေ၊ အဖွဲ့အစည်းတွေထက် ပိုမိုနားလည်ပြီး အဲဒီလိုအပ်ချက်တွေကို ပြည်ထောင်စုအစိုးရက ဖြည့်ဆည်းပေးနိုင်ဖို့ နိုင်ငံသားများဆီက အခွန်ငွေကောက်ခံရာမှာ ဝင်ငွေအနည်း၊ အများအပေါ်မူတည်ပြီး အခွန်ငွေကို အဆင့်လိုက် တိုးမြှင့်ကောက်ခံတဲ့ စနစ် (Progressive Taxation) ကို လက်ခံကျင့်သုံးပါတယ်၊ ဆိုလိုတာက ဝင်ငွေနည်းသူကို အခွန်ငွေနည်းနည်းပဲကောက်ခံပြီး ဝင်ငွေများလေလေ အခွန်ငွေတိုးမြှင့်ပေးရလေပါ၊ ချမ်းသာတဲ့ ပုဂ္ဂိုလ်များဟာ အခွန်ငွေများများပေးဆောင်ခြင်းဖြင့် ၎င်းတို့ရဲ့ ကြွယ်ဝချမ်းသာမှုကို ၎င်းတို့လောက် ကံမကောင်းကြသူများကို အစိုးရကတဆင့် မျှဝေပေးဖို့ တာဝန်ရှိတယ်လို့ ဒီမိုကရက်တစ်ပါတီက ယုံကြည်ပါတယ်၊ ဒါကြောင့်လဲ ဒီမိုကရက်တစ်ပါတီကို ဆင်းရဲနွမ်းပါးသူများ၊ အလယ်အလတ်တန်းစားများက ပိုပြီး ထောက်ခံကြတာပါ၊ တချို့ကလည်း ဒီမိုကရက်တစ်ပါတီကို ကွန်မြူနစ်ဆန်လွန်းတယ်လို့ စွပ်စွဲကြပါတယ်၊
# နှစ်မျိုးစလုံးမှန်၊ နှစ်မျိုးစလုံးမှား
ဝင်ငွေခွန်မူဝါဒမှာ ပါတီကြီးနှစ်ခုစလုံးရဲ့ မူဝါဒတွေဟာ မှန်တာရော၊ မှားတာရော ရောထွေးနေတယ်လို့ ကျနော်ထင်ပါတယ်၊ ရီပတ်ဘလီကန်ပါတီရဲ့ မူဝါဒအရ ဆင်းရဲနွမ်းပါးသူများ၊ ဝင်ငွေနည်းသူများကို အခွန်ငွေမကောက်ခံခြင်းဟာ မှန်ကန်တယ်လို့ ကျနော်မြင်ပါတယ်၊ ဒါပေမည့် ချမ်းသာကြွယ်ဝသူများကို အခြားသော အလယ်အလတ်များနဲ့ တန်းတူပဲ အခွန်ကောက်ခံရမယ်ဆိုတာတော့ မှားတယ် ထင်ပါတယ်၊ လက်ရှိအခြေအနေမှာ အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေ (၁) ရာခိုင်နှုံးက တိုင်းပြည်ဝင်ငွေစုစုပေါင်းရဲ့ (၂၂) ရာခိုင်နှုံးကို ပိုင်ဆိုင်ထားပြီး ကျန် (၉၉) ရာခိုင်နှုံးက တိုင်းပြည်ဝင်ငွေ စုစုပေါင်းရဲ့ (၇၈) ရာခိုင်နှုံးကိုသာ ပိုင်ဆိုင်ပါတယ်၊ ချမ်းသာသူ (တစ်) ရာခိုင်နှုံးနဲ့ သာမာန်ပြည်သူ (၉၉) ရာခိုင်နှုံးကြားမှာ ဝင်ငွေမညီမျှမှု (Income Inequality) က အင်မတန်များပြားလှပါတယ်၊ ဒီတော့ ဆင်းရဲနွမ်းပါးသူများအပေါ်မှာ အခွန်လုံးဝမကောက်ခံပဲ အလယ်အလတ်တန်းစားများကို မျှတတဲ့ နှုံးထားနဲ့ အခွန်ကောက်ခံပြီး အလွန်ချမ်းသာသူ (၁) ရာခိုင်နှုံးအပေါ်မှာ အခွန်ငွေတိုးမြှင့်ကောက်ခံသင့်ပါတယ်၊
ရီပတ်ဘလီကန်ပါတီက လုပ်ငန်းတွေပိုမိုတိုးချဲ့ပြီး အလုပ်အကိုင်တွေ ပိုမိုဖန်တီးပေးနိုင်စွမ်းရှိတဲ့ ချမ်းသာသူများကို အခွန်ငွေတိုးမြှင့်ကောက်ခံခြင်းဟာ မတရားဘူးလို့ ဆိုပါတယ်၊ အခွန်ငွေမြင့်မြင့်မားမားပေးရတာကြောင့် ချမ်းသာသူတွေဟာ ကြိုးစားစီးပွါးရှာချင်စိတ်တွေ လျော့နည်းပြီး လုပ်ငန်းတွေ ဆက်လက်မတိုးချဲ့တော့ပဲ ရပ်တန့်သွားရင် အလုပ်အကိုင်တွေ လျော့နည်းသွားပြီး အလုပ်လက်မဲ့တွေ၊ အစိုးရထောက်ပံ့ကြေးကို မှီခိုရသူတွေ ပိုများလာမယ်၊ ပြည်ပကို လုပ်ငန်းတွေ ရွှေ့ပြောင်းသွားကြရင် အလုပ်အကိုင်တွေ ပျောက်ဆုံးသွားမည့်အပြင် အခွန်အတုတ်တွေလည်း လျော့နည်းရရှိမှာမို့ အစိုးရအတွက် ပိုပြီး အကြပ်အတည်းဖြစ်နိုင်တယ်ဆိုတာမှန်ပေမည့် ချမ်းသာသူများကို အလယ်အလတ်လူတန်းစားနဲ့ တန်းတူ အခွန်ကောက်ခံရမယ်ဆိုတာတော့ မဖြစ်သင့်ပါ၊ ရီပတ်ဘလီကန်ပါတီက မျှော်လင့်သလို ချမ်းသာသူတိုင်းက စီးပွါးရေးမှာ ပိုပြီးရင်းနှီးမြှုတ်နှံတာမဟုတ်ပါ၊ စီးပွါးရေးလုပ်ငန်းရှင်တိုင်းက လူမှုအဖွဲ့အစည်းများကို လှူတန်းနေတာ မဟုတ်ပါ၊ ချမ်းသာသူအချို့က သာမာန်ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုဟာ အစိုးရရဲ့ တာဝန်သာဖြစ်တယ်လို့ ယုံကြည်ပြီး သူတို့ရဲ့ ကိုယ်ပိုင်ကြွယ်ဝမှုတွေထဲက ခွဲဝေပေးချင်ကြတာ မဟုတ်ပါ၊
၂၀၀၈ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ကြရာမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဆီနိတ်တာ အိုဘားမားက သူ သမ္မတအဖြစ် အရွေးခံရရင် ချမ်းသာသူများကို အခွန်အတုတ်တိုးမြှင့်ကောက်ခံမယ်လို့ ကြွေးကြော်ခဲ့ပါတယ်၊ အဲဒီအချိန်က သူ့ရဲ့ လက်သုံးစကားက “လူတစ်ယောက်က သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကို သူ့ရဲ့ပါတ်ဝန်းကျင်ကလူတွေကိုလည်း မျှဝေပေးမယ်ဆိုရင် အားလုံးအတွက် ကောင်းမွန်လိမ့်မယ်” (When you spread the wealth around, it’s good for everybody) လို့ ဖြစ်ပါတယ်၊ ဒါကြောင့်လည်း သူ သမ္မတအဖြစ် ရွေးချယ်ခံရပြီးတဲ့နောက်မှာ ချမ်းသာသူများကို အခွန်တိုးမြှင့်ကောက်ခံဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်၊ အောက်လွှတ်တော်မှာ အများစုနေရာရထားတဲ့ ရီပတ်ဘလီကန်ပါတီရဲ့ အပြင်းအထန်ကန့်ကွက်မှုကြောင့် အခုထိ မအောင်မြင်သေးပါ၊ သမ္မတကိုယ်တိုင်က အဲဒီလို ဦးဆောင်နေလို့ ၂၀၁၂ ခုနှစ်အတွင်းမှာ ” ဝေါလ်လမ်းမကို သိမ်းပိုက်ကြ” (Occupy Wall Street) လို့နံမည်ကြီးတဲ့ လူထုလှုပ်ရှားမှုတစ်ခုဖြစ်ပေါ်ပြီး နယူးယောက်မြို့တော်က ဘဏ်လုပ်ငန်းများရဲ့ ဗဟိုအချက်အချာ ဝေါလ်လမ်းမကြီး အပါအဝင် စီးပွါးရေးလုပ်ငန်းအချက်အချာနေရာတွေကို ပြည်သူလူထု (၉၉) ရာခိုင်နှုံးကို ကိုယ်စားပြုတယ်ဆိုတဲ့ လူငယ်များက ဝိုင်းဝန်း၊ သိမ်းပိုက်၊ ဆန္ဒပြတာ လပေါင်းအတော်ကြာ ဖြစ်ပွါးခဲ့ပါတယ်၊ ဒီလို ခြိမ်းခြောက်မှုတွေကြောင့်ပဲ အမေရိကန်စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေ နှစ်စဉ်နှစ်တိုင်း သူတို့ရဲ့လုပ်ငန်းတွေကို ပြည်ပနိုင်ငံများကို ရွှေ့ပြောင်းနေကြပါတယ်၊ အဲဒီလို အလွန်အကျွံခြိမ်းခြောက်တာမျိုးလည်း မဖြစ်သင့်ပါ၊
# မြန်မာနိုင်ငံအတွက် ဝင်ငွေခွန် မူဝါဒ
မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေမှာ ဝင်ငွေအနည်းအများအလိုက် အခွန်ငွေတိုးမြှင့်ကောက်ခံတဲ့ စနစ် (Progressive Taxation) ကို ကျင့်သုံးနေပါတယ်၊ ဒီစနစ်ဟာ မြန်မာနိုင်ငံအတွက် သင့်တော်ပါတယ်၊ သို့သော်လည်း လက်ရှိဝင်ငွေခွန် မူဝါဒကို ဝေဘန်ချင်ပါတယ်၊
#ဝင်ငွေခွန်ကင်းလွတ်ခွင့်
တည်ဆဲဥပဒေနှင့် နည်းဥပဒေများအရ မြန်မာနိုင်ငံမှာ တစ်နှစ်ကို ကျပ် ၁၄သိန်း ၄သောင်းအထက်ရရှိတဲ့ ဝန်ထမ်း (အစိုးရ၊ ပုဂ္ဂလိက၊ ပင်စင်စား) အားလုံး၊ တစ်နှစ်ဝင်ငွေ ကျပ် ၁၂ သိန်းအထက်ရရှိတဲ့ ကိုယ်ပိုင်စီးပွါးရေးလုပ်သူများ၊ ဖက်စပ်လုပ်ငန်းလုပ်ကိုင်သူများ အားလုံးဟာ ဝင်ငွေခွန်ဆောင်ရန် တာဝန်ရှိပါတယ်၊ ဒီပြဋ္ဌန်းချက်ကြောင့် ဝန်ထမ်းဆိုရင် တစ်နှစ်ဝင်ငွေ ကျပ် ၁၄သိန်း ၄သောင်းအထိနဲ့ အဲဒီထက်နည်းပြီး ရရှိသူတွေ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူဆိုရင် တစ်နှစ်ဝင်ငွေ ကျပ် ၁၂သိန်းအထိနဲ့ ၁၂သိန်းထက်နည်းပြီး ရရှိသူတွေကို ဝင်ငွေခွန်ဆောင်စရာမလိုပဲ ကင်းလွတ်ခွင့်ပေးထားပါတယ်၊ ဒီဝင်ငွေခွန် ကင်းလွတ်ခွင့်ကို အစိုးရဝန်ထမ်းများရဲ့ လစာနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ လစာနှုံး (ကျပ် တစ်သိန်းနှစ်သောင်း-နှစ်ထောင်-ကျပ် တစ်သိန်းသုံးသောင်း) ရရှိတဲ့ ဦးစီးအရာရှိ/လက်ထောက်အင်ဂျင်နီယာ/လက်ထောက်မန်နေဂျာ/လက်ထောက်ကထိက/ဒု-ရဲမှူး/ဗိုလ်ကြီး စတဲ့ ရာထူးတာဝန်များနဲ့ အထက် ဝန်ထမ်းများအားလုံးဟာ ဝင်ငွေခွန်ဆောင်ရမှာ ဖြစ်ပါတယ်၊ ပုဂ္ဂလိကနဲ့ ကိုယ်ပိုင်၊ ဖက်စပ်လုပ်ငန်းများမှာလည်း လစာနှုံး ကျပ် တစ်သိန်းအထက်ရရှိသူအားလုံးဟာ ဝင်ငွေခွန်ဆောင်ရမှာ ဖြစ်ပါတယ်၊
ဝင်ငွေခွန်ကောက်ခံရေးနဲ့ ပါတ်သက်ပြီး မူဝါဒများ ချမှတ်ရာမှာ ဝင်ငွေတစ်ခုတည်းကို ဦးတည်မစဉ်းစားပဲ လက်ရှိကုန်ဈေးနှုံးများနဲ့ ထွက်ငွေများကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်၊ ဝင်ငွေခွန်ဟာ နိုင်ငံသားများအပေါ် ဝန်ထုတ်ဝန်ပိုးကြီးအဖြစ် မသက်ရောက်စေပဲ အားလုံးက ကျေကျေနပ်နပ်၊ တာဝန်ကျေကျေပေးဆောင်နိုင်ရေး စဉ်းစားပြီး မူဝါဒချမှတ်ကြပါတယ်၊ အထူးသဖြင့် ဝင်ငွေနည်းပြည်သူများအပေါ် ဝင်ငွေခွန်မကောက်မိအောင် ကြိုးစားကြရပါတယ်၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ လစဉ်ဝင်ငွေ ကျပ် တစ်သိန်းနှစ်သောင်းကနေ ကျပ်နှစ်သိန်း အထိရရှိသူတစ်ယောက်ရဲ့ လစဉ်ထွက်ငွေက ဝင်ငွေထက်တောင် ပိုများနေတတ်ပါတယ်၊ စားသောက်စားရိတ်၊ ခရီးစားရိတ်၊ အိမ်ငှါးခ၊ သင့်တင့်လျောက်ပတ်ရုံအဝတ်အစား စတဲ့ မရှိမဖြစ်ကုန်ကျစားရိတ်တွေကတင် လစာထက်ပိုများနေတတ်ပါတယ်၊ နေမကောင်းလို့ ကုန်ကျရတဲ့ ဆေးဝါးကုသမှုစားရိတ်၊ စာအုပ်စာတမ်းဘိုး၊ သားသမီးများရဲ့ ကျောင်းစားရိတ်၊ ကျူရှင်စားရိတ်တွေ၊ ပွဲလမ်းသဘင်တက်ရောက်တဲ့ စားရိတ်တွေ ထည့်ပေါင်းလိုက်ရင် တစ်လ ကျပ် နှစ်သိန်းရသူလူတစ်ယောက်အတွက် စုဆောင်းဖို့တောင် ငွေမကျန်နိုင်တော့ပါ၊ ထွက်ငွေက ဝင်ငွေထက်ပိုများနေလို့လည်း လာဘ်စားမှု၊ အကျင့်ပျက်ချစားမှုတွေ ဖြစ်ပေါ်နေတာပါ၊ ဒါကြောင့်မို့လို့ တစ်လကို ကျပ်နှစ်သိန်းနဲ့ တစ်နှစ်ဝင်ငွေ ကျပ် ၂၄သိန်းအထိရှိသူများအားလုံးကို ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးသင့်ပြီး ကျပ် ၂၄သိန်းအထက်ရရှိသူများကိုသာ ဝင်ငွေခွန်ကောက်ခံသင့်ပါတယ်၊
#သက်သာခွင့်များ
ဝင်ငွေခွန်ကောက်ခံတဲ့နေရာမှာ ရတဲ့ဝင်ငွေအားလုံးအပေါ် ရာခိုင်နှုံးသတ်မှတ်ပြီး ကောက်ခံတာတော့ မဟုတ်ပါ၊ အခွန်ထမ်းဆောင်သူအတွက် သက်သာခွင့်တွေပေးထားပြီး သက်သာခွင့် (Deduction/Exemption) တွေကို ခုနှိမ်ပြီး ကျန်တဲ့ငွေကိုမှ ဝင်ငွေခွန်စည်းကြပ်သင့်သော ဝင်ငွေ (Taxable Income) လို့ သတ်မှတ်တာပါ၊ အမေရိကန်ပြည်ထောင်စုမှာတော့ သက်သာခွင့်များအဖြစ် အကြမ်းဖျင်းအားဖြင့် (၁) အိမ်ထောင်ဘက် (၂) မှီခိုသူသားသမီး (၃) တက္ကသိုလ်၊ ကောလိပ်ပညာသင်စားရိတ်၊ (၄) ကိုယ်ပိုင်လုပ်ငန်းလုပ်သူများအတွက် ကျန်းမာရေးအာမခံ၊ (၅) ရွှေ့ပြောင်းစားရိတ်၊ စတာတွေ သက်သာခွင့်ပြုပါတယ်၊ ၂၀၁၃ ခုနှစ်အတွက် ဝင်ငွေခွန်စည်းကြပ်မှုအရ ဥပမာအားဖြင့် အခွန်ထမ်းဆောင်သူဟာ လူလွတ်ဖြစ်မယ်ဆိုရင် ဒေါ်လာ ၆၁၀၀၊ အိမ်ထောင်ဦးစီးဖြစ်မယ်ဆိုရင် ဒေါ်လာ ၈၉၅၀ သက်သာခွင့်ပြုပါတယ်၊ အိမ်ထောင်ဘက်နဲ့ မှီခိုသူသားသမီးများအတွက် တစ်ယောက်ကို ဒေါ်လာ ၃၉၀၀ နှုံး သက်သာခွင့်ပြုပါတယ်၊ သားသမီး သို့မဟုတ် ကိုယ်တိုင်ရဲ့ တစ်နှစ်အတွင်းသုံးစွဲခဲ့တဲ့ တက္ကသိုလ်၊ ကောလိပ်ပညာသင်စားရိတ်ကို သက်သာခွင့်ပြုပါတယ်၊ နေအိမ်ရွှေ့ပြောင်းလို့ ကုန်ကျစားရိတ်၊ ကျန်းမာရေးအာမခံအတွက် ပေးရငွေများကို သက်သာခွင့်ပြုပါတယ်၊ အိမ်ထောင်ကွဲနေသူဖြစ်ရင် သူပေးဆောင်နေရတဲ့ မယားစားရိတ်၊ ကလေးစားရိတ်တွေကို သက်သာခွင့်ပြုပါတယ်၊ အရစ်ကျစနစ်နဲ့ အိမ်ဝယ်ထားတယ်ဆိုရင် အိမ်အတွက် လစဉ်ပေးဆောင်ရငွေ၊ အစိုးရထံက ပိုက်ဆံချေးပြီး ကျောင်းတက်ထားလို့ အကြွေးပြန်ဆပ်နေရတယ်ဆိုရင် လစဉ်ပေးသွင်းနေရတဲ့ အတိုးငွေ စတာတွေကို သက်သာခွင့်ပြုပါတယ်၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများအတွက် အခြားသက်သာခွင့်များလည်း ရှိပါသေးတယ်၊ အဆိုပါ သက်သာခွင့်များအားလုံးကို ပေါင်းပြီး တစ်နှစ်တာဝင်ငွေထဲက နှုတ်ပြီးမှ ကျန်တာကို အခွန်စည်းကြပ်သင့်သောဝင်ငွေလို့ သတ်မှတ်တာပါ၊
မြန်မာနိုင်ငံမှာတော့ သက်သာခွင့်တွေ သိပ်မများလှပါ၊ အိမ်ထောင်ဘက်တစ်ဦးအတွက် ကျပ် သုံးသိန်း၊ ကလေးတစ်ယောက်အတွက် ကျပ် ၂သိန်း သက်သာခွင့်ပေးတယ်လို့ သိရပါတယ်၊ လက်ရှိဥပဒေအရ ဥပမာအားဖြင့် တစ်နှစ်ကို ဝင်ငွေ ကျပ် (၁၅) သိန်းရသူတစ်ဦးဟာ အိမ်ထောင်ဘက်အတွက် ကျပ် (၃) သိန်း၊ ကလေး (၂) ယောက်အတွက် ကျပ် (၄) သိန်း၊ စုစုပေါင်း ကျပ် (၇) သိန်းသာ သက်သာခွင့်ရပြီး ကျန်တဲ့ကျပ် (၈) သိန်းအပေါ်မှာ ဝင်ငွေခွန်ဆောင်ရမှာဖြစ်ပါတယ်၊ သက်သာခွင့်နည်းတော့ အခွန်စည်းကြပ်ရမည့် ဝင်ငွေများပြီး ဝင်ငွေခွန်ပမာဏလည်း များပြားပါတယ်၊ သက်သာခွင့်စုစုပေါင်းဟာ ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုံး သို့မဟုတ် ကျပ် သိန်း (၁၀၀) ထက်မကျော်ရလို့လည်း ကန့်သတ်ထားပါတယ်၊
မြန်မာနိုင်ငံမှာ အထက်ကဖော်ပြခဲ့တဲ့ အတိုင်း တစ်နှစ်ဝင်ငွေ ကျပ် (၂၄) သိန်းရှိသူတွေတောင်မှ ကုန်ဈေးနှုံးကြီးမြင့်မှုနဲ့ အထွေထွေစီးပွါးရေးကြပ်တည်းမှုကြီးအတွင်းမှာ မနိုင်မနင်းရုန်းကန်လှုပ်ရှားနေကြရတာမို့ လူလတ်တန်းစားလို့ မခေါ်နိုင်ပါ၊ သူတို့လည်း ဆင်းရဲနွမ်းပါးသူများဖြစ်ကြပါတယ်၊ ဒီတော့ ဝင်ငွေခွန်ကောက်ခံရာမှာ သက်သာခွင့်တွေ ပိုပြီးပေးသင့်ပါတယ်၊ မြန်မာနိုင်ငံမှာ မြေမဲ့၊ ယာမဲ့၊ နေအိမ်မဲ့ပြည်သူတွေက များလွန်းလှပါတယ်၊
ဒါကြောင့်မို့ မိသားစုတစ်စုရဲ့ ဘဝကို လေ့လာကြည့်မယ်ဆိုရင် သူတို့ရှာဖွေရရှိတဲ့ တစ်လတာဝင်ငွေရဲ့ အများစု (၄၀ ကနေ ၆၀ ရာခိုင်နှုံးလောက်) ကို အိမ်ငှါးခအဖြစ် သုံးစွဲနေကြရပါတယ်၊ ရန်ကုန်ကို ဗဟိုပြုပြီး အိမ်ငှါးခတွေကို လေ့လာကြည့်တဲ့အခါ မြို့စွန်မြို့ဖျားတွေမှာ အိမ်လခ တစ်လ ကျပ် ခြောက်သောင်းကနေ တစ်သိန်းကျော်၊ ဆင်ခြေဖုန်းမြို့နယ်တွေမှာ ကျပ် တစ်သိန်းနဲ့ နှစ်သိန်းကြား၊ ရန်ကုန်မြို့လယ်က တိုက်ခန်းတွေက တစ်လကို ကျပ် နှစ်သိန်းကနေ လေးသိန်းအထိရှိကြပြီး ဒီနှုံးတွေအားလုံးဟာ အိမ်သေးသေးလေးတစ်လုံးရဲ့ တစ်ခြမ်း၊ ဒါမှမဟုတ် ပေ ၂၀ X ပေ ၄၀ တိုက်ခန်းကျဉ်းကလေး အတွက်ဖြစ်ပါတယ်၊ ပြီးတော့ လစာကို တစ်လတစ်ကြိမ်ပေးရတာ မဟုတ်ပဲ ခြောက်လစာ၊ တစ်နှစ်စာပေါင်းပြီး ကြိုပေးကြရတာပါ၊ စာချုပ်သက်တမ်းတိုးတာနဲ့အမျှ အိမ်လခလည်း တိုးပါသေးတယ်၊ ဝင်ငွေထဲက အများစုကို နေဖို့အတွက် မဖြစ်မနေသုံးလိုက်ရပြီး ကျန်တဲ့ပိုက်ဆံက လမ်းစားရိတ်၊ စားသောက်စားရိတ်တွေနဲ့ မြန်မြန်ဆန်ဆန်ကုန်ဆုံးသွားတာပါ၊ ဒါကြောင့်မို့ အစိုးရက သာမာန်ပြည်သူများရဲ့ ဘဝအခက်အခဲတွေကို စာနာတဲ့အနေနဲ့ ဝင်ငွေခွန်သက်သာခွင့်တွေ ပိုပြီးခွင့်ပြုဖို့လိုအပ်ပါတယ်၊
ဆက်ပါဦးမယ်၊
အောင်ဒင်
မတ်လ (၃)၊ ၂၀၁၄
(တူမောရိုးသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၃၊ မတ်လ ၁၁၊ ၂၀၁၄)