မှတ်စုမှတ်တမ်း မောင်ရင်ငတေ ရေခြားမြေခြား မြန်မာများ

ရောက်တတ်ရာရာ အတိုအစများ

မိတ်အင်ပြင်သစ် ခရီးဆောင်သေတ္တာ လူဝီဗွီတွန်
မောင်ရင်ငတေ
မတ်လ ၁၅၊ ၂၀၁၄
 

ရှောင်ဇေလီဇေလမ်းမကြီးပေါ်က Louis Vuitton (ဓါတ်ပုံ မရငတ)

နာမည်ကြီး အိတ်တွေရောင်းတဲ့ လူဝီဗွီတွန်ဆိုတဲ့ဆိုင် ရှိတာကိုတော့ ပါရီရောက်စကထဲက သတိပြု မိပါတယ်၊ တရက်မှာတော့ လန်ဒန်မြို့မှာ ရောက်ရှိ နေထိုင်နေတဲ့ မောင်ရင်ငတေရဲ့ အသိမိတ်ဆွေတယောက် ရောက်ရှိလာတဲ့အခါမှာ သူ့ရဲ့ချစ်ရည်းစားအတွက် လက်ဆောင် အိတ်တလုံးဝယ်ဖို့ အစီစဉ်ရှိပြီး ဆိုင်ကို လိုက်ပို့ခိုင်းပါတယ်၊ မောင်ရင်ငတေလည်း ကိုယ်လိုက်ပို့တဲ့ သူတွေထဲက တခါဖူးမျှ ဝယ်ယူဖို့ အထမ မြောက်ခဲ့တာတွေဘဲ ကြုံတွေ့ခဲ့ရတာကြောင့် ဒီတခါတော့ အောင်မြင်စွာနဲ့ ဝယ်ဖြစ်တော့မယ် ထင်ခဲ့ပါတယ်၊ ဝယ်ပြီးသွားရင်တော့ မှတ်တမ်း တင် ဓါတ်ပုံလေးတွေ ရိုက်ရအုံးမယ်ဆိုပြီး ကင်မရာ တပြင်ပြင်ပေါ့ဗျာ၊ ဒါပေမဲ့ ဒီတခါလည်း မဝယ်ဖြစ်ခဲ့ပြန်ပါဘူး၊ ဈေးကလည်းကြီးလှသကိုဗျ၊ ဘာမဟုတ်တဲ့ အိတ်ကလေးတလုံးကို ၅၇၀ ယူရိုလား ကျသင့်တာလေ၊ တလလုံး ၁၅၆ နာရီ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးမှ ယူရို ၁၂၀၀ လောက်ရတဲ့ မောင်ရင်ငတေအနေနဲ့ကတော့ ဒီအိတ်ကလေး လွယ်ပြီး ရှိုးများချင်တာမျိုးကို အားမပေးလိုပါဘူးဗျာ၊ မတော် ခါးပိုက်နှိုက် လုသူတွေက ပါရီမြို့အနှံ့ ပေါမှပေါမဟုတ်လား၊ အိတ်ထဲမှာ အကြွေးကဒ်ပြားတွေသာပါပြီး တခြားတန်ဖိုးရှိတာဆို ဘာဆိုဘာ တခုမှ မပါရှိတဲ့ ငါးရာကျော်တန်တဲ့အိတ်ဆိုပြီး အပြောခံရရင်လည်း ရှက်စရာ မဟုတ်လား၊ ပြီးတော့ အစစ်နဲ့အတု ဘယ်လိုမှ ခွဲခြားသိနိုင်ဖို့ မလွယ်ကူတဲ့ ဒီလို အိတ်မျိုးတွေက တောင်ဥက္ကလာချုပ်လား မိတ်အင်ပါရီလား ဘယ်သိနိုင်ပါ့မလဲနော့၊ မောင်ရင်ငတေအနေနဲ့ အခုအခါမှာ နာမည် ကျော်ကြား လူကြိုက်များနေတဲ့ ဒီလိုဈေးကြီးကြီး အိတ်မျိုးကို စိတ်မဝင်စားခဲ့ပေမယ့် အဲဒီလို အိတ်လုပ်ငန်းကို စတင် ကြံဆ လုပ်ကိုင်ခဲ့သူ Louis Vuitton ဆိုတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ အကြောင်းကိုတော့ စိတ်ဝင်စားမိရ လေးစားမိရပါတယ်၊
 
 
Louis Vuitton 1854 (Photo Google)
ဒီ နာမည်ကြီး ခရီးဆောင်အိတ်တွေ လက်ဆွဲအိတ်တွေကို ချုပ်လုပ်ပြီး သက်မွေးဝမ်းကျောင်းခဲ့ရတဲ့ Louis Vuitton မွန်စီယာ လူဝီဗွီတွန် (၁၈၂၁-၁၈၉၂) ကို ပြင်သစ် အရှေ့တောင်ပိုင်းရှိ ဆွစ်ဇာလန်နယ်စပ် ဂျီနီဗာမြို့အနီး ဂျူရာနယ် Anchay မြို့စွန်နားက လူဦးရေ တရာ့ငါး ဆယ်ခန့်သာနေထိုင်တဲ့ ရွာကလေးမှာ မွေးဖွားခဲ့တာပါ၊ သူ့ရဲ့ အသက် ၁၀ နှစ်ကျော်မှာ သူ့ မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့ဖခင်ဖြစ် သူကလည်း နောက်အိမ်ထောင်ပြုခဲ့လို့ သူဟာ အိမ်ကနေထွက်ခွာလာခဲ့ ရပါတယ်တဲ့၊ ၁၈၃၅ ခုနှစ် လူဝီဗွီတွန် အိမ်ကထွက်လာတော့ လက်ထဲမှာ ငွေတပြားတချပ်မှ မရှိလို့ တွေ့ရာရရာ အလုပ်လုပ်ပြီး တွေ့ရာ အမိုးအကာအောက်မှာ ဖြစ်သလို အိပ်ခဲ့ရပြီးနောက် နောက်နှစ်နှစ်ကြာမှသာ  မြို့တော်ပါရီမြေကို ခြေချမိပါတယ်တဲ့၊ ပါရီရောက်အောင် ကီလိုမီတာ လေးရာကျော် မိုင်သုံးရာနီးပါး ခရီးကို ခြေလျှင်လျှောက် ရောက်ရှိလာခဲ့တာပါတဲ့၊ အသက် ၁၆ နှစ်သားအရွယ် ၁၈၃၇ ခုနှစ်မှာ ပါရီ မြို့ကို ရောက်ရှိလာခဲ့ပြီး ရရာအလုပ်ပေါင်းစုံကို လုပ်ကိုင်ခဲ့ပြီး ၁၈၅၄ ခုနှစ်မှာတော့ Maison Louis Vuitton လို့ အမည်ရတဲ့ ခရီးဆောင် အိတ်မျိုးစုံ ချုပ်လုပ်တဲ့ လုပ်ငန်းကို စတင်တည် ထောင်နိုင်ခဲ့ပါ တယ်တဲ့၊ အဲဒီအချိန်က ဥရောပတလွှားမှာ စက်မှုတော်လှန်ရေးကြီးရဲ့ နောက်ဆက်တွဲရလဒ်အဖြစ် မီးရထားနဲ့ ခရီးသွားလုပ် ငန်းတွေ ထွန်းကားလာခဲ့တာမှာ လူဝီဗွီတွန်ရဲ့ ခရီးဆောင်လက်ဆွဲသေတ္တာ လုပ်ငန်းဟာ တရှိန်ထိုး အောင်မြင်ခဲ့တာပါ၊ ကင်းဗတ်စသားရေ စများနဲ့ ခိုင်ခိုင်ခန့်ခန့် ချုပ်လို့ထားတဲ့ သူ့ရဲ့ လက်ဆွဲသေတ္တာများကို ကြိုက်နှစ်သက်သူကတော့ အဲဒီအချိန်က အာဏာသိမ်းပြီး ဘုရင်ဖြစ် လာတဲ့ Louis-Napoléon Bonaparte (Napoleon III) တတိယမြောက် နပိုလီယံ (၁၈၀၈-၁၈၇၃) ရဲ့ မိဖုရားခေါင်ကြီး စပိန်မင်းသမီး Eugénie de Montijo (၁၈၂၆- ၁၉၂၀) ဖြစ်ပါတယ်၊ လူဝီဗွီတွန် တယောက် တတိယနပိုလီယံ မိဖုရားကြီးရဲ့ အိတ်ချုပ်တော် ဖြစ်လာခဲ့သလို အဲဒီချိန်က ပြင်သစ်ရဲ့ အာဏာအရှိဆုံးသော သူက လူဝီဗွီတွန် လက်ဆွဲသေတ္တာများရဲ့ ဖောက်သည်ကောင်း ဖြစ်လာခဲ့လို့ လူဝီဗွီတွန် လက်ဆွဲသေတ္တာများကို ပိုမိုလူကြိုက်များအောင် ကြော်ငြာပေးသလို ဖြစ်ခဲ့တာပါ၊ ၁၈၉၂  ခုနှစ် လူဝီဗွီတွန် ကွယ်လွန်ခဲ့ပြီးနောက် သူ့ရဲ့ သားဖြစ်သူက ဒီလုပ်ငန်းကို ဆက်လက်ဦးစီး လုပ်ကိုင် ခဲ့ပါတယ်၊
 
ပျိုပျိုအိုအိုတို့အကြိုက် ချစ်ချစ်အတွက် စလင်းဘက် (ဓါတ်ပုံ မရငတ)
လူဝီဗွီတွန်ရဲ့ အိတ်တွေဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေမယ့် အရောင်အသွေးနဲ့ ဒီဇိုင်းပုံစံတွေက သိသိသာသာကြီး ပြောင်းလဲလို့ မသွားခဲ့ပါဘူး၊ အများအားဖြင့် နဂိုမူလအရောင်ဖြစ်တဲ့ ညိုပုတ်ပုတ် ညိုရင့်ရင့်အရောင်က အခုထက်ထိတိုင်ပါ၊ ခေတ်ပေါ်မော်ဒယ်မလေးများ အကြိုက် ခပ်လန်းလန်းပုံစံ အရောင် ခပ်တောက်တောက်တွေတော့ ရှိနေပေမယ့်လို့ ခရီးသွားသေတ္တာတွေကတော့ မူလပုံစံကို အခုထိတိုင် အခြေခံထားတာကိုတော့ ထူးခြားစွာ တွေ့ရှိရပါတယ်၊ ပါရီမြို့ကို စရိတ် ပိုက်ဆံမရှိလို့ မိုင်ပေါင်းသုံးရာခရီးကို နှစ်နှစ်ကျော်ကြာ လမ်းလျှောက် လာခဲ့ရတဲ့ လူဝီဗွီတွန့်နာမည်နဲ့ လုပ်ငန်းကြီးတခုဟာ လူဝီဗွီတွန် ကွယ်လွန်ခဲ့ပြီး နှစ်ပေါင်းတရာ့နှစ်ဆယ်ကျော်ကြာမှာတော့ နာမည်ကြီးသ ထက် ကြီးရုံမျှမက တခြားသော ပြင်သစ်ရဲ့ အထင်ကရလုပ်ငန်းကြီးများ ဖြစ်ကြတဲ့ Moët & Chandon ရှန်ပိန်လုပ်ငန်း Hennessy ကော့ညှက်ဘရန်ဒီလုပ်ငန်း Christian Dior နဲ့ Givenchy ရေမွှေး ထုတ်လုပ်ရေးလုပ်ငန်းတို့ Sephora ရေမွှေးအရောင်းဆိုင်လုပ်ငန်း  ပြင်သစ်နိုင်ငံရဲ့ ၁၈၃၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ပထမဆုံးသော Le Bon Marché  စူပါမားကက်လုပ်ငန်း ဂျပန်လူမျိုး Kenzo Takada ထူထောင်ခဲ့တဲ့ Kenzo ဖက်ရှင်ပစ္စည်းလုပ်ငန်းများ အပါအဝင် အခြားအခြားသော လုပ်ငန်းပေါင်း များစွာဟာ အခုအခါမှာတော့ ပြင်သစ် ဘီလျှံနာ သူဋ္ဌေးကြီး Bernard Arnault (၁၉၄၉ – ) ဦးစီးတဲ့ LVMH လုပ်ငန်းစုကြီး အောက်မှာ စုရုံးရောက်ရှိ နေပါပြီ၊ အဲဒီလုပ်ငန်းအမည်မှာတော့ လူဝီဗွီတွန်ကို ထိပ်စီးက တင်ထားတာကို တွေ့ရပါတယ်၊ လူဝီဗွီတွန် ပစ္စည်းတွေဟာ ဘယ်တော့မှ လျှော့ဈေးမရှိပါ ဆိုပြီး နာမည်ကြီးပေမယ့် အွန်လိုင်းဈေးကွက်မှာတော့ ဈေးခပ်ပေါပေါနဲ့ ရောင်းချနေကြတာကို တွေ့မြင်ရလေ့ရှိလို့ စစ်သလား တုသလား ဆိုတာကတော့ မောင်ရင် ငတေ မခန့်မှန်းနိုင်ပါဘဲ လူဝီဗွီတွန် ကြိုက်နှစ်သက်သူများသာ ခွဲခြားနိုင်ကြမှာပါ၊
ခရိုနီ ဘဘတို့အကြိုက် ခရီးဆောင်သေတ္တာ (ဓါတ်ပုံ မရငတ)
လူဝီဗွီတွန်ရဲ့ အိတ်များကို အရူးအမူး ကြိုက်နှစ်သက်သူများကတော့ အာရှနဲ့ အာဖရိကက သူဋ္ဌေး လက်သစ်များ ဖြစ်ကြတယ်လို့ ဆိုပါတယ်၊ ဂျပန်ပြည်မှာတော့ လူဝီဗွီတွန် ဒီဇိုင်းသစ် စတင်ရောင်းချ ပေးမယ့်ရက်ဆိုရင် ညအိပ်တန်းစီ စောင့်ဝယ်ကြသူ ပိုက်ဆံဖြုန်းနိုင်တဲ့ ဂျပန်လူငယ် အများအပြား ရှိပါတယ်လို့ တိုကျိုမြို့ရောက် မောင်ရင်ငတေရဲ့ သူငယ်ချင်းက ပြောပြပါတယ်၊ ကိုယ်တွေ့ကြုံရဖူး တာကတော့ ပါရီမြို့ ရှောင်ဇေလီဇေလမ်းမကြီးပေါ်က လူဝီဗွီတွန် အရာင်းဆိုင်ရှေ့မှာ ရပ်ကြည့်ရင်းမယောင်မလည်လုပ်နေခိုက်မှာ ဟောင်ကောင်တရုတ်တိုးလ်ရစ်တယောက်လား ပါရီတရုတ်တန်းက တရုတ်မလား မသိပါဘူး၊ မောင်ရင်ငတေကို သူလို လာလည်တဲ့သူလို့ထင်ပြီးတော့ လူဝီဗွီတွန်အိတ် ကောင်းကြောင်းတွေပြောပြီး မဝယ်လိုပါက သူ့ရဲ့ကိုယ်စား ပတ်စ်ပို့စ်စာအုပ်ပြဝယ်ပေးဖို့ တောင်းဆို လာပါတယ်၊ ပါရီက လူဝီဗွီတွန်ကို ဝယ်ပြီး ဟောင်ကောင် တိုင်ဝမ် မကာအို တရုတ်ပြည်မှာ ပြန်ပြီးရောင်းရင် မြိုးမြိုးမြက်မြက် ရရှိကြလို့ အဝယ်များတဲ့ သူတို့လူမျိုး ပုံစံတွေဆို ရင် ပတ်စ်ပို့စ်စာအုပ်နဲ့ အမှန်အကန် ခရီးသွားသူတယောက် ဖြစ်မှသာ ရောင်းချပေးတာ ဖြစ်ပါတယ်၊ ၇၈ ရာခိုင်နှုန်းသော ဂျပန်မလေးများဟာ ဟန်းနီးမွန်းခရီးစဉ်အဖြစ် ပါရီမြို့ကို ရွေးချယ်ကြကြောင်းနဲ့ ပါရီမှာဈေးဝယ်ချင်ကြကြောင်း အဲဒီအခါမှာ ဒီလို Louis Vuitton တံဆိပ် အိတ် ကလေးတလုံးကလည်း မပါမဖြစ် ပါဝင်ကြကြောင်းနဲ့ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်ဖွား ပျိုပျိုအိုအိုတို့လည်း အခုအခါမှာ လူဝီဗွီတွန် ပြိုင်ပွဲကြီးထဲမှာ ပါဝင်ဆင်နွှဲလာသူတွေ ပိုလို့ပိုလို့ များပြားလာကြောင်းပါ၊
မိတ်အင်ပြင်သစ် ခရီးဆောင်သေတ္တာ လူဝီဗွီတွန် (Photo Google)
လူဝီဗွီတွန်ရဲ့ မျိုးဆက်တွေကတော့ ဘယ်ရောက်လို့ ဘယ်ပေါက်ပြီး လက်ရှိ လူဝီဗွီတွန်လုပ်ငန်းမှာ ဘယ်လိုပါဝင် ပတ်သက်နေတယ်ဆိုတာကို ရေရေရာရာ မသိရှိနိုင်ပေမယ့် လက်ရှိလူဝီဗွီတွန်ပိုင်ရှင် သူဋ္ဌေးကြီးဖြစ်သူ ပြင်သစ်နိုင်ငံမှာ အခွန်ခဆောင်ရတာ များပြားလွန်းလှလို့ ဘယ်လ်ဂျီယံနိုင်ငံသား ခံယူဖို့ ကြိုးစားခဲ့သူ Bernard Arnault တယောက်ကတော့ သူ့ရဲ့ လုပ်ငန်းတွေကို အောင်မြင်စွာ တိုးချဲ့ရင်းတိုးချဲ့နေ သလို လူဝီဗွီတွန်အမည်နာမကလည်း နောင်နှစ်ပေါင်း တော်တော်များများအထိ ဆက်လက်တည်ရှိနေအုံးမှာ မလွဲမသွေပါ ခင်ဗျာ၊
 လူဝီဗွီတွန်သေတ္တာနဲ့ ခရီးသွားကြမယ် (Photo Google)
အတုအစစ် ခွဲခြားနိုင်ဖို့ နမူနာပါ၊
Counterfeit Louis Vuitton Pochette Multicolore

http://www.looksofluxury.com/blogs/authentic-vs-counterfeit/7247664-counterfeit-louis-vuitton-pochette-multicolore 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts