Suu L Linn သတင်းပဒေသာ

MCC တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ယက် ရန်ပုံငွေဂီတဖျော်ဖြေပွဲကျင်းပမည်

MCC တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ယက် ရန်ပုံငွေဂီတဖျော်ဖြေပွဲကျင်းပမည်

ဆူးအယ်လင်း၊ မတ် ၁၅၊ ၂၀၁၄

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်၏ သုံးနှစ်ပြည့် အခမ်းအနား ၊ ဆရာ ဆရာမများ ၊ အလှူ  ရှင်များအားဂုဏ်ပြုပွဲနှင့် ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ၂၀၁၄ ခုနှစ် ဧပြီလ လေးရက်နေ့နှင့်ငါးရက်နေ့တွင် ရန်ကုန် မြို့ရှိ MCC မြန်မာကွန်ဗင်းရှင်းစင်တာ တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည် ။ အဆိုပါပွဲနှင်ပတ်သက်၍ သတင်း စာရှင်းလင်းပွဲ တစ်ရပ်ကို မတ်လ ၁၄ ရက် နေ့လည် ၁ နာရီက ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခမ်းမတွင် ကျင်းပခဲ့သည် ။

  ဂီတဖျော်ဖြေပွဲလက်မှတ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ် ၊ ပညာဒါနကျောင်းများနှင့် စိတ်တိုင်းကျ လက္ဘက်ရည်ဆိုင်တွင် ၀ယ်ယူနိုင်မည်ဖြစ်ပြီး ဈေးနှုန်းများမှာနှစ်ရက်စာအတွက် တစ်သောင်းခွဲ ၊ ရှစ်ထောင် ၊ ငါးထောင်ကျပ် စသည်ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည် ။

 ရန်ပုံငွေဂီတဖျော်ဖြေပွဲမှ ရရှိသည့် အလှူငွေများအား အခမဲ့ပညာဒါနကျောင်းများအားကူညီရန် ၊ ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးရန် ၊ ဆရာ ဆရာမများအား စွမ်းရည်မြှင့် သင်တန်းများပေးရန် ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုများဆောင်ရွက်ရန်နှင့် အသက်မွေး ၀မ်းကြောင်းသင်တန်းများ တည်ထောင်ဖွင့်လှစ်ရန်ဟူသည့် အချက်ငါးချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှ သိရသည် ။

 အဆိုပါပညာရေးကွန်ယက်သည် ၂၀၁၀ ခုနှစ် ၊ နိုဝင်ဘာလ ၊ ၁၄ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံးအကြိမ် နေအိမ်းအကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည် ။ ယခုလက်ရှိသုံးနှစ်တာကာလအတွင်း ရန်ကုန်တိုင်းတွင် ပညာဒါနကျောင်းပေါင်း ၈၉  ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည် ။

   ပညာရေးဆက်လက်သင်ကြားရန် အခက်အခဲရှိသူ ကျောင်းသား ကျောင်းသူ ၇၂ ဦးကိုပညာသင်ထောက်ပံ့ ကြေးများကူညီထောက်ပံ့ခဲ့ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားဒေသများသို့ ပညာရေးထောက်ပံ့မှု လေးကြိမ် ပြုလုပ်ခဲ့သည်ဟု ပညာရေးကွန်ယက်၏ သတင်းထုတ်ပြန်ချက်မှသိရသည် ။ အဓိကအားဖြင့် ၀င်ငွေနည်းပါး သည့်မိသားစုဝင်များ၏ သားသမီးများအား လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် ၊ လူငယ်များအတွက်အားထားရာ ကျောင်းများ အဖြစ်ရပ်တည်လာခဲ့ခြင်းဖြစ်သည် ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts