အို … ဖုန်းမော်
မောင်စွမ်းရည် (မတ် ၁၂၊ ၂၀၀၆၊ မိုးမခပြန်လည်ဆန်းသစ်ခြင်း)
အို … ဖုန်းမော်
အို … သားငယ် ဖုန်းမော်၊ မောင်ဖုန်းမော်။
မင်းဟာ၊ မင်းလေးဟာဒို့ရဲဘော်၊
သွေးအိုင်ထဲ လဲခဲ့ရှာတဲ့ ရဲဘော်၊
လူ့အခွင့်အရေးအတွက်
အသက်ပေးခဲ့တဲ့ ရဲဘော်။
ဒို့ မျှော်လင့် ဒို့အားထား
ဒို့သား၊ဒို့ညီ၊ ဒို့မောင်ငယ်
ဒို့တူ၊ ဒို့သား အရွယ်၊
ဉာဏ်ကောင်းတုန်း အရွယ်၊ အကြံကောင်းတုန်းအရွယ်
မာန် ကောင်းတုန်းအရွယ်၊ ဟန် ကောင်းတုန်းအရွယ်
သန်တုန်း မြန်တုန်း အရွယ်၊ အရွယ်ကောင်းတုန်း
ပန်းကောင်း အညွန့်ချိုး
ချိုးခဲ့ပါတယ်၊ သြော် … ကျိုးခဲ့ရှာပါတယ်။
–
မင်းဟာ … မင်းလေးဟာ
ဒို့တူ ဒို့သား ဒို့ညီဘွားပေါ့
သူတို့တူ၊ သူတို့သား
သူတို့ညီဘွား ဆိုရင်
ဒီလို ပစ်ပါ့မလား၊ဒီလို ဖြစ်ပါ့မလား
သားကောင်အမှတ် ရန်သူအမှတ်
သေနတ်နဲ့ ပစ်မှာလား၊
ဟေ့ … ပစ်မှာလား၊ ပစ်မှာလား၊
ပစ်ရက်မှာလား၊ ပစ်ရက်ပါ့မလား ဟင် … လို့
မေးလိုက်စမ်းချင်တယ်။
–
သားချင်းစာနာ၊ တူချင်းစာနာ၊ ညီချင်းစာနာ
သြော် … ကိုယ်ချင်းစာနာပါအုံးတော့လား၊
ဒါလားဟေ့ ဒါလား ဗုဒ္ဓဘာသာ၊ ဘုရားဒကာ
ဗမာလူယဉ်ကျေးလို့
မေးလိုက်စမ်းချင်လှပါတယ်။
–
ကျောင်းသားလေးတွေပါ
ကလေးတွေ သက်သက်
လက်နက်ဆို အပ်တိုတောင် ဆောင်မထားပါဘဲ၊
နိုင်ငံခြားသား ယိုးဒယား တရုတ်
ကျူးကျော်သူလည်း မဟုတ်ပါဘဲ၊
သူခိုးဓားပြ၊ တန္တမုဒိန်း၊
ထိန်းမနိုင် သိမ်းမရ၊ လောက ရန်သူ
လူဆိုးတွေလည်း မဟုတ်ပါဘဲ၊
သူပုန်သူကန်၊ မှုန်ဆန်အန်တု၊
ပလ္လင်လု၊ ရန်ပြုသူလည်း မဟုတ်ပါဘဲ။
မတရားလို့
မတရားတာကို၊ မတရားကြောင်း
မှားလို့ မှားတာကို
မှားတဲ့ အကြောင်း
သားကောင်းတို့ ထုံးစံ၊ အမုန်းအခံ မပါဘဲ၊
အမှန်တရား၊ အမှန်စကားကို
အမှန်သမားတွေနဲ့ အတူ
လူလို သူလို ပြောတာကို လူလိုသူလို မဆက်ဆံ
အဖက်မတန်သလို၊ တဖက်ရန်အလား
ပွက်ပွက်ညံ ဘဝဂ်ကို ဆန်လို့
ကျည်ဆန်တွေနဲ့ တုံ့ပြန်တယ်။
–
မလိုချင်လို့ မလိုချင်တာကို
မလိုချင်ဘူးလို့ ပြောရုံနဲ့ …
လိုချင်လို့ လိုချင်တာကို
လိုချင်တယ်ဟေ့၊ လိုချင်တယ်ပြောရုံနဲ့ …
ပြောသူ ပါးစပ်ကို သေနတ်နဲ့ပိတ်တာ
စစ်စိတ် စစ်မာန်၊ စစ်တပ်ရဲ့ တာဝန်လား။
ပြည်သူ့ငွေ ပြည်သူ့အားနဲ့
ပြည်သူတွေ ခင်းထားတဲ့၊ ပြည်သူလမ်းများပေါ်မှာ
ပြည်သူ ပြည်သားတွေ၊ မလာ မသွားရအောင် တားရမှာ
စစ်ဗိုလ် စစ်သား စစ်ဝတ္တရားက ဒါပဲလား။
–
စီတန်း လမ်းလျှောက်နေသူအပေါင်းဟာ
ကျောင်းသားမှ ကျောင်းသားစစ်စစ်
ကလေးတွေ ဖြစ်ရက်နဲ့
အပြစ်မရှိ အပြစ်ရှာခဲ့၊
အပြစ်အနာ ရှိပါတယ် ဆိုပါအုံး၊
ဟဲ့ … ငဖုန်းမော် လို့ ရုံးတော်ကို ခေါ်ဆောင်
နောင်ကြဉ်အောင်၊ ထောင်ဒဏ်ကြိမ်ဒဏ်
ငွေဒဏ်တွေနဲ့၊ ဒဏ်ခတ် ဆုံးမ
ညွှန်ပြသွန်သင်
စစ်တပ်ရဲ့ တရားအစဉ်ကို အမှားမထင်ဖို့
နားဝင်အောင် ညွှန်ပြပေါ့။
ခုတော့ … မောဟ မြေကြမ်းမှာ၊ လောဘ ခြေလှမ်းနဲ့
ဒေါသ ရှေ့တန်းတင်
မြင်မြင်ကရာကို ပစ်သတ်
ပြဿနာ အထွေထွေကို သေနတ်မှာ အဖြေရှာတော့
သွေးဆာတဲ့ သမိုင်း
ကမ္ဘာတွင်အောင်၊ ရာဇဝင် ရိုင်းခဲ့ပြီ။
–
ဒါလား ဗုဒ္ဓဘာသာ … ဒါလားဟေ့ “ဓမ္မရာဇာ
စေတီတကာမှာ ငြမ်းဆင်၊ ထီးတင်ကြ ထုံးသုတ်ကြ
လမ်းထီးလမ်းမတွေ ဘယ်ညာဖောက်
ကဏ္ဏားတွေ ထောက်၊ တံတားတွေ ဆောက်
အမြောက်တင်ကားမှာ ဗျောက်ဆင်တဲ့ ခါးနဲ့
ဘုရားတကာ ဗိုလ်တစ်စု၊ ဗိုလ်ရှုခံ ခရီးထွက်မတဲ့
ရုတ်တရက် ဘွားခနဲ ကားရှေ့မှာ သခင်အောင်ဆန်း
ရင်ဘောင်တန်းတာက ဗိုလ်အောင်ကျော်
ဖုန်းမော်ရဲ့ အလောင်းကို ပိုက်ပြီး
ငမိုက်သားတွေကို မမိုက်မှားစေအောင် ကိုယ်ထင်ပြ
ဆုံးမမယ်ဆိုရင်
ဘာဖြစ်မယ် ထင်သလဲ၊ ဘာလုပ်မယ် ထင်သလဲ၊
ငရဲသား စစ်ဗိုလ်အပေါင်းဟာ
ကောင်းဘွိုင်လက်၊ ဖက်ဆစ်လက်၊ လျှပ်တပြက်နဲ့
ခါးထက်က ဗျောက်တွေထုတ်၊ လူသတ်ပွဲ လုပ်မှာပါပဲ
ငရဲသား ဆိုတာ၊ ငရဲလားမှာ ကြောက်ပါ့မလား
နောက်ကျမှ မြေမျို၊ ခုလိုချင်တာ အာဏာ
အာဏာမှာ ဦးနှောက်မပါပေဘူး။
–
ဒါပေမယ့် …
ဒါပေမယ့် ရဲဘော်တို့
ဒင်းတို့သတ်လည်း သတ်လို့မသေ ဖုန်းမော်တွေ
စိန်ပန်းမြေမှာ စိန်တံတိုင်းမှာ
စိန်သမိုင်း ဖြစ်လို့နေပါပြီ။
အောင်ဆန်းလည်း ကမ္ဘာမသေ
အောင်ကျော်လည်း ကမ္ဘာမကြေ
ခွပ်ဒေါင်းရဲဘော် ဖုန်းမော်လည်း မသေ
ပြည်သူတွေရဲ့ ရင်ခွင်ကြားက
သမိုင်းဖြစ် လူသားကို
ဓားနဲ့ထိုး ဒါးကျိုးလို့ လှံခွေ
သေနတ်တွေ ယမ်းမကူး၊ တပ်ဦးက ဇာနည်ထုံးနဲ့၊
ဖုန်းမော်တို့ မသေ၊
ဖုန်းမော်တွေ၊ ဖုန်းမော်တွေ
ဖုန်းမော်တွေ ဆယ်ဆတိုးပြီး
ဘိုးဘိုးအောင် ဝလုံးလို
ဖုန်းမော်တွေ အထောင်အသောင်းနဲ့
ဒို့ကျောင်းသား ပြည်သူအပေါင်းတို့
ဒို့နိုင်ငံ လွတ်စေကြောင်းနဲ့
လူ့အခွင့်အရေး ပေးဟေ့ပေး …
ဒီမိုကရေစီ အခွင့်အရေး ပေးဟေ့ပေး …
ပေးဟေ့ပေး၊ ပေးဟေ့ပေး လို့ တောင်းကြ
သွေးစည်းမယ် မဖည်မစောင်းစေနဲ့
ဟေ့ … ခွပ်ဒေါင်းသံ လွှင့်
ခွပ်ဒေါင်းအလံ မြှင့်။ ။ –
(သရုပ်ဖော် – ဖေမောင်သိန်း၊ စက်မှုအားမာန်စာစောင်၊ ၁၉၈၈၊ စက်တင်ဘာ ၈၊ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂ)