ကဗျာ

မီးလျှံ မီးတောက်ဖြင့် အိမ်မက်သစ်တည်ဆောက်ပေးသူများ

မတ်လ ၈၊ ၂၀၁၄
ထူးတင့်

 

 

အမှောင်ခေတ်ကို
ဒလှိမ့်တုံးဘီးတွေ တပ်ဆင်
ပင်လယ်ပြင်ထဲ တွန်းချ ရွက်လွှင့်စေခဲ့
ဥုံဟဲ့ ဖွဟဲ့ နဲ့
ရမယ်လို့ မထင်ခဲ့။

 

အမှောင်ခေတ်ကို ဖန်တီးသူ
ဖိနှိပ်သွေးစုတ်သူတို့ အဆောက်အအုံ
လူထု အသိန်းအသန်းရဲ့
စိတ်ဓါတ်သံမဏိ ခြေတံလက်တံအားနဲ့
မြေလှန် မှောက်လှန်
တော်လှန်ရေး မီးတောက် မီးလျှံနဲ့မှ
ပြာချ ပစ်နိုင်တယ်
ပြာချခဲ့ကြဘူးတယ်။

 

တော်လှန်ရေးခေါင်းဆောင်ဆိုတာ
ဖိနှိပ်မှုအောက်က
မှေးမှိန် ညစ်နွမ်း ပုတ်အဲ့အဲ့ ကျွန်စိတ်ကို
တဖြိုးဖြိုး တဖျပ်ဖျပ်
လွတ်လပ်ရေးစိတ်ဓါတ် အရောင်တင်ပေးသူ
အနာဂါတ် နိုင်ငံသစ် အိမ်မက်ကို
အတိတ်နဲ့ ဆက်စပ်
ပစ္စုပ္ပန် မှာ အခိုင်အမာ တည်ဆောက်သူဖြစ်တယ်။
တံတားထိုးပေးသူဖြစ်တယ်။

 

ရုံရွဲ့နေတဲ့ အိမ်စုတ် အိမ်အိုတွေလိုပဲ
ရွဲ့စောင်း ပြိုကျနေတဲ့ စိတ်ဓါတ်ကို
စွန့်လွှတ် စွန့်စား ပြောင်းလဲလိုစိတ်
ကံကိုရိုးမယ်ဖွဲ့ အရှုံးပေး
အဖြူရောင် နှလုံးသွေးကြောမျှင်တွေကို
သံမဏိမျှင်တွေ အဖြစ်ပြောင်းလဲပစ်သူ
အဲဒါ……. ခေါင်းဆောင်ဆိုတာပဲ၊၊

 

တော်လှန်ရေး မီးတောက် မီးလျှံ
ကျွန်ဘဝ တွေထဲမှာ ထွန်းညှိပေးသူဖြစ်တယ်
အုပ်စိုးသူရဲ့ မိုးကောင်းကင်
စိန်ရွှေ ခြယ်သ နန်းပုလ္လင်တံခါး
ပြာချမဲ့ လူထု မီးလျှံ စုစည်းထား…….
တော်လှန်တဲ့နေ့
တော်လှန်ရေး လူထုရှေ့က
ထကြွချီတက် တိုက်ခိုက်
လူထု မီးလျှံကိုင်ဆောင်ရင်း
ရန်သူကို စီးချင်းထိုးသူ ခေါင်းဆောင်ဖြစ်တယ် ။

 

လွတ်မြောက်ရေး တော်လှန်ရေးမှာ
လူထုခေါင်းဆောင်ရဲ့ ခြေရာ
ရာဇဝင် သမိုင်းထဲမှာ
ငါတို့ တွေ့ရှိခဲ့ရပြီးဖြစ်တယ်နော့်။
ထူးတင့် 
ဇူလိုင် ၃၁ ၊ ၂၀၁၁ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts