လူများ၊ ရုပ်ပုံလွှာများ သန်းဝင်းလှိုင် ဖြစ်ရပ်များ၊ အမှတ်တရများ

သမိုင်းတကွေ့မှ သခင်တင်မြ – အပိုင်း (၇)

သမိုင်းတကွေ့မှ သခင်တင်မြ – အပိုင်း (၇)

သန်းဝင်းလှိုင်

မတ်လ ၈၊ ၂၀၁၄
 

 

ဒေါ်အောင်ဆန်းစုကြည်က  သခင်တင်မြအား ဗိုလ်စံသာကျော်၊ ဦးသာထွန်းတို့ကို ရုံးကိစ္စများတွင် အကူအညီပေးရန်၊ ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်လှုပ်ရှားနေသော နိုင်ငံရေးသမားဟောင်းများနှင့် ဆက်သွယ်ပေးရန် ပြောကြားခဲ့သည်။ ရုံးအဖွဲ့တွင် ကျွမ်းကျင်သောဦးလှတင် (ဗဟိုသမ အတွင်းရေးမှူးဟောင်း) အား သခင်တင်မြက သွားရောက်ဆွေးနွေးရာ ဦးလှတင်ကလည်း ပါတီနိုင်ငံရေး ဖြစ်ပေါ်လာပါက ဝင်ရောက်မလုပ်လို၊ ရွေးကောက်ပွဲမဝင် ဟူသော သဘောထားဖြင့် ပါဝင်ကူညီမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုစဉ်ကပင် ဒေါ်အောင်ဆန်းစုကြည်သည် ကျောင်းသားလူငယ်အစုအဖွဲ့ငယ်များဖြင့် ဆက်သွယ်မိပြီး ဖြစ်သည်။ သုံးရောင်ခြယ်အဖွဲ့မှ ခေါင်းဆောင်ကိုမြတ်စံမှာ သူ့အနီးတွင် ရောက်ရှိနေပြီဖြစ်သည်။ ဘားကောင်စီမှ ဒေါ်မြင့်မြင့်ခင်၊ မောင်ကိုယု တို့နှင့် ဆက်သွယ်မိပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က သူ၏ပန်ကြားချက်ကို နိုင်ငံတော်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ကျော်ထင်အား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ၊ ဗိုလ်ချုပ်ကြီးကျော်ထင်ထံမှ ဗိုလ်မှူးတစ်ယောက်က ပန်ကြားလွှာကို လာယူခဲ့သည်။ ဗိုလ်ချုပ်ကြီးကျော်ထင်ကို ဒေါ်အောင်ဆန်းစုကြည်က သွေးထွက်သံယိုမှု မဖြစ်ပွားရေးအတွက် ဖုန်းဖြင့် ဆက်သွယ်၍ မေတ္တာရပ်ခံမှုများ ရှိခဲ့သည်။

သွေးထွက်သံယိုမှုများ ဆက်လက်မဖြစ်ပွားရေးနှင့် ဒီမိုကရေစီအခွင့်အရေးများ ငြိမ်းချမ်းစွာ ရရှိရေးအတွက်သူ့အစု၊ကိုယ့်အစု တကွဲတပြားစီ တောင်းဆိုနေ၍မဖြစ်။ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်နေသည့် အစုများကို စုစည်း၍ ပြည်သူလူထု၏ ဆန္ဒများကို စုစည်းရန် လူထုအစည်းအဝေးတစ်ရပ် ကျင်းပလိုကြောင်း သခင်တင်မြက ဆွေးနွေးတင်ပြခဲ့ရာ အားလုံးက သဘောတူကြပြီး အစည်းအဝေး ဖြစ်မြောက်ရေးအတွက် ဒီမိုကရေစီအတွက် လှုပ်ရှားနေသော အင်အားစုများ စုစည်းဦးဆောင်ကာ လူထုအစည်းအဝေး တရပ် ပြုလုပ်ရေးကို စီစဉ်ခဲ့ကြသည်။

၁၉၈၈ သြဂုတ်လ ၂၃ တွင် ဒေါ်အောင်ဆန်းစုကြည်က သခင်ဟောင်းကြီးများ ဖြစ်ကြသော သခင်ချစ်မောင် (ဝိဓူရ)၊ သခင်ထွန်းခင် ၊ သခင်ခင်အောင်၊ ဘားကောင်စီမှ ဒေါ်မြင့်မြင့်ခင်၊ မောင်ကိုယု၊ ဦးဘထွန်း၊ သခင်ချစ်၊ ရန်ကုန်ရှေ့နေအသင်းမှ ဦးထွန်းတင်၊ မုံရွာတင်ရွှေ၊ စာရေးဆရာ အနုပညာလောကမှ မောင်သော်က၊ မောင်မိုးသူ၊ ဦးလှဝင်း (လေသူရဲတဦး)နှင့် သခင်တင်မြတို့၏ ရုံးအဖွဲ့ဝင်များ ပူးပေါင်း၍ ကြည်မြင့်တိုင်၊ဗိုလ်သူရလမ်းမှ လက်ဖက်ရည်ဆိုင်အပေါ်ထပ်တွင် အစည်းအဝေးပြုလုပ်ကြသည်။ ယင်းအစည်း အဝေးတွင် ဒီမိုကရေစီရေးကို ငြိမ်းချမ်းစွာဆန္ဒပြရန်၊ ဦးတင်အောင်ဟိန်း ဦးဆောင်သော ပြည်သူ့ဆန္ဒ စုံစမ်းရယူရေးကော်မတီအား အသိအမှတ်ပြုပြီး၊ပြည်သူ့ဆန္ဒများကို သွားရောက်တင်ပြရေးကို နိုးဆော်ရန် အတွက် လူထုအစည်းအဝေး တစ်ရပ်ကိုတစ်ပတ်အတွင်း ခေါ်ယူကျင်းပရန် သဘောတူ ဆုံးဖြတ်ကြသည်။ ထိုနေ့ညနေပိုင်းမှာပင် သခင်တင်မြ အစီအစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်အောင်ဟိန်း တို့ တွေ့ဆုံပြီး အစိုးရက လူထုဆန္ဒပြပွဲများကို ပစ်ခတ်ခြင်းမပြုရန် လူထုကလည်း ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို ပြုလုပ်ကြရန်နှစ်ဖက် သဘောတူညီချက် ရရှိအောင်ဦးတင်အောင်ဟိန်းက ဦးနေဝင်းနှင့်သမ္မတ ဒေါက်တာ မောင် မောင်အား တင်ပြပေးမည်ဟု ပြောဆိုခဲ့သည်။

သခင်တင်မြတို့ရုံးအဖွဲ့ကလူထုအစည်းအဝေးအဖွဲ့ဖြစ်မြောက်ရေးအတွက်ဖိတ်စာများ ရိုက်နှိပ်ကမ်း လှမ်းခြင်း၊ အစည်းအဝေးနေရာ ရွေးချယ်ခြင်းကိစ္စများ ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးကို သြဂုတ်လ ၂၅ ရက်တွင် သိမ်ဖြူကွင်း၌ ပြုလုပ်ရန် ပထမဆုံးဖြတ်ခဲ့ကြသည်။ သိမ်ဖြူကွင်း လူထုအစည်းအဝေးသို့ လူထုတက်ရောက်ရန် ဖိတ်စာများ ရိုက်နှိပ်ပြီးကာမှ သြဂုတ်လ ၂၄ ရက်နေ့ ညနေတွင် အစိုးရက စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းကြောင်းကြေညာလိုက်သည်။ သြဂုတ်လ ၂၅ ရက်တွင် ဦးထွေးမြင့် လွတ်မြောက်လာပြီးနောက် ရုံးအဖွဲ့ကဤကြေညာချက်ကြောင့် လူထုအစည်းအဝေးကို ရွှေတိဂုံဘုရား အနောက်ဖက်မုခ်တွင် ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ သြဂုတ်လ ၂၅ ရက်တွင် သခင်တင်မြနှင့် အဖွဲ့အစည်းမျိုးစုံမှလူငယ်ပေါင်း ၅ဝ တို့သည် တရားဟောစင်မြင့်ကို အနောက်ဖက်မုခ်တွင် ဆောက်လုပ်ရေးနှင့် လူထု ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင်  ထိန်းသိမ်းရေးအတွက် ကြိုတင်ပြင်ဆင်ရေး၊ အိမ်သာများ ဆောက်လုပ်ရေး စသည်တို့ကို ဦးဆောင်၍ ပြုလုပ်ပေးခဲ့ရသည်။

သြဂုတ်လ ၂၆ ရက်နေ့တွင် ရွှေတိဂုံဘုရား အနောက်ဖက်မုခ်တွင် ကျင်းပသော ပါတီစုံဒီမိုကရေစီ ရရှိရေးလူထုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် အောင်မြင်စွာ ဟောပြောနိုင်ခဲ့သည်။ လူထုပရိတ်သတ် တစ်သိန်းကျော်တက်ရောက်သောအဆိုပါလူထုအစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံးအကြိမ် ဟောပြောခဲ့ဖြစ်ဖြစ်သလို၊ သူ၏ ပထမဆုံး နိုင်ငံရေးခြေလှမ်းလည်း ဖြစ်ခဲ့သည်။

သြဂုတ်လ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က သူရဦးတင်ဦး၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး တို့အား ဖိတ်ကြား၍ အစည်းအဝေး ပြုလုပ်ခဲ့သည်။ ဦးတင်ဦးသာ အစည်းအဝေးသို့ တက်ရောက်လာပြီး ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးမလာခဲ့ချေ။သူ့အစား ဗိုလ်မှူးကြီးဟောင်းကြည်မောင်ကိုသာ စေလွှတ်လိုက် သည်။ ယင်းအစည်းအဝေးသို့ သခင်တင်မြနှင့် ၎င်း၏ အဖွဲ့ဝင်များ တက်ရောက်ခြင်း မပြုခဲ့ပေ။ နောက်ပိုင်းတွင် ဆက်လက်ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဘားကောင်စီ၊ ရန်ကုန်တိုင်း ရှေ့နေများအသင်း၊ စာပေအနုပညာအဖွဲ့၊ ကျောင်းသားအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုများတွင်လည်း သခင်တင်မြတို့ ရုံးအဖွဲ့သည်ပါဝင်ခြင်းမပြုခဲ့ချေ။သခင်တင်မြတို့ ရုံးအဖွဲ့သည် ပါတီနိုင်ငံရေး ဆက်လုပ်မည့်သူများ မဟုတ်သဖြင့် နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မပါဝင်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်မူ နေ့စဉ် ညနေ ၄ နာရီတွင် ညှိနှိုင်းအစည်းအဝေးများ ပုံမှန်လုပ်ဖြစ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်ပေါ်လာခြင်းအစမှာ ၁၉၈၈ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျောင်းသားသမဂ္ဂမှ နိုင်ငံရေးခေါင်းဆောင်များကို ဖိတ်ခေါ်၍ “အတင်းညီညွတ်ကြပါ” ဟု တောင်းဆိုရာမှ အစ ပြုခဲ့သည်ဟုဆိုရပေမည်။ယင်းအစည်းအဝေးမှပြန်ရောက်လာသောဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားထု က ခေါင်းဆောင်များညီညွတ်ကြရန် အကြောင်းပြန်ဖို့ ၄၈ နာရီအချိန် ကန့်သတ်ပေးလိုက်ကြောင်း၊ ကျောင်းသားများအနေဖြင့် ညီညွတ်ရေးကို အကျပ်ကိုင်ထူထောင်ကြရန် ကြိုးစားခြင်းသည် မမှန်ကန်။ ခေါင်းဆောင်များ မိမိတို့ ဆန္ဒဖြင့် ညီညွတ်ကြရန် လိုသည်၊ ကြိုးစားပါမည်ဟု ကတိပေးခဲ့ကြောင်း ၊ ထို့ကြောင့် ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး၊ဦးတင်ဦးတို့နှင့် ညီညွတ်ရေးဆွေးနွေး၍ သဘောတူညီမှုရယူပြီး အမြန်အကောင် အထည်ဖော်ရန် လိုနေပြီဖြစ်ကြောင်း၊ ဦးနုအနေဖြင့် ဤဖွဲ့စည်းသည့် အဖွဲ့တွင် ပါဝင်နိုင်မည် မထင်ကြောင်း သခင်တင်မြအား ပြန်လည်ပြောကြားခဲ့သည်။ သခင်တင်မြကလည်း ဦးအောင်ကြီး၊ ဦးတင်ဦးတို့ အစုများနှင့် ပူးပေါင်း၍ တပ်ပေါင်းစုတရပ် အမြန်ဖွဲ့စည်းသင့်ကြောင်း အကြံပေးခဲ့သည်။

၁၉၈၈ စင်တင်ဘာလ ၁၅ ရက်နေ့တွင် သခင်တင်မြနှင့် ဗိုလ်မှူးရဲထွဋ်တို့ကို စစ်ထောက်လှမ်းရေးက ခေတ္တလိုက်ခဲ့ပါရန် ခေါ်ယူသွားသဖြင့် မင်္ဂလာဒုံရေကြည်အိုင်သို့ ရောက်ရှိသွားခဲ့သည်။

၁၉၈၈ စင်တင်ဘာလ ၁၈ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင် (နောင် ဗိုလ်ချုပ်မှူးကြီး) ခေါင်းဆောင်သော စစ်တပ်ကအာဏာသိမ်း၍ လူထုအား စီတန်းလှည့်လည်ခြင်း ၊ သပိတ်စခန်းဖွင့်လှစ်ခြင်း ၊ လမ်းပိတ်ဆို့ဆန္ဒပြခြင်းနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများကို နှောင့်ယှက်ခြင်းမပြုရန် အမိန့်ထုတ်ပြန် ခဲ့သည်။ ညမထွက် အမိန့်ကိုလည်း တဆက်တည်း ထုတ်ပြန်ခဲ့သည်။

သခင်တင်မြနှင့် ဗိုလ်ရဲထွဋ်တို့ကို သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ရာ ၂၂ ရက်နေ့ နံနက်တွင် သခင်တင်မြသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွားရောက်ခဲ့သည်။ အိမ်တွင်ရော၊ ရုံးခန်းတွင်ပါ လူရှင်း၍ ရုံးအဖွဲ့များကိုသာ တွေ့ရသည်။ မူလက ဝင်ထွက်သွားလာနေသော ကျောင်းသား ခေါင်းဆောင်များ ၊ နိုင်ငံရေးခေါင်းဆောင်များသည် အဖမ်းမခံလို၍ ရှောင်တိမ်းနေသည်ဟု သိရသည်။ သခင်တင်မြက ဒေါ်အောင်ဆန်းစုကြည်နှင့် ရုံးအဖွဲ့ဝင်များအား စစ်တပ်က အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေး ကြေညာလိုက်သဖြင့် နိုင်ငံရေးအခြေအနေ ပြောင်းသွားပြီး ဒီမိုကရေစီတိုက်ပွဲကို ရှေ့တိုးရန် အရမ်းတိုက်ရန် မဖြစ်စေတော့။စနစ်တကျစုစည်းဆုတ်ခွာထားရမည်။လူထုတောင်းဆိုချက် သုံးရပ်အနက် ကြားဖြတ်အစိုးရဖွဲ့ရေး မရရှိစေကာမူ၊ တစ်ပါတီအာဏာရှင် စနစ်ပျက်ပြီး ပါတီစုံဒီမိုကရေစီစနစ် ထူထောင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေးကို အာဏာသိမ်းထားသော စစ်တပ်က ဆက်လက် ကတိပြုထားရာ ရွေးကောက်ပွဲ ကျင်းပရေး လမ်းကြောင်းအတိုင်းသွားပြီး ဒီမိုကရေစီ အစိုးရထူထောင်ရေး လမ်းစဉ်အတိုင်း လူထုကို စည်းရုံးသွားရန် လိုသည် စသည်ဖြင့် ဆွေးနွေးတင်ပြခဲ့သည်။

စစ်တပ်မှ အာဏာသိမ်းလိုက်ခြင်းကြောင့် နဂိုရှိနေသော သံသယစိတ်ဖြင့် မခံမရပ် ဖြစ်လာကြသော ကျောင်းသားလူငယ်များသည် ခေါင်းအေးအေးထား၍ မဆုံးဖြတ်နိုင်ကြတော့ဘဲ မခံချင်စိတ်ဖြင့် လက်နက်ကိုင် လမ်းစဉ်လိုက်၍ တောခိုမည့် အယူအဆမှာ မှားယွင်းကြောင်း၊ အောင်မြင်ရန် အခြေအနေ မရှိကြောင်း ၊ ဒီမိုကရေစီတိုက်ပွဲမှ လမ်းချော်သွားမည်ဖြစ်ကြောင်း ကျောင်းသားလူငယ်များကို သခင်တင်မြက ရှင်းပြခဲ့သည် ဟုဆိုသည်။

ဒီမိုကရေစီစနစ်ထူထောင်ရေးကိုရွေးကောက်ပွဲလမ်းကြောင်းအတိုင်းသွားမှရမည်။ အခြားလမ်းကြောင်း မရှိ ဆိုသော သခင်တင်မြ၏ အယူအဆကို ထိုစဉ်က ကျောင်းသားလူငယ်အများစုက လက်မခံခဲ့ကြချေ။

ထို့နောက် သခင်တင်မြက နိုင်ငံရေးအင်အားစုများကို ထိန်းသိမ်းစုစည်းရန်အတွက် နိုင်ငံရေးအဖွဲ့ အမြန်ထူထောင်ဖို့နှင့် ကျောင်းသားလူငယ်များကို ထိန်းသိမ်းစုစည်းရန် လူငယ်အဖွဲ့အစည်းတရပ် အမြန်ဆုံး ထူထောင်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ တတိယပတ်လောက်တွင် ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦး၊ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးတို့နှင့် ဂါးဒီးယန်းဦးစိန်ဝင်းအိမ်တွင် တပ်ပေါင်းစုတရပ် ဖွဲ့စည်းရန် အတွက် တွေ့ဆုံခဲ့ပြီး သဘောထား ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးတပ်ပေါင်းစု ဖွဲ့စည်းပုံရေးဆွဲရန်ကိစ္စကို ဦးထွေးမြင့်အား တာဝန်ပေးအပ်ခဲ့ရာ ဦးထွေးမြင့်က ၁၉၄၅ ဖဆပလဖွဲ့စည်းပုံကို အခြေခံ၍ ရေးဆွဲတင်ပြခဲ့သည်။ ဗိုလ်မှူး ချစ်ခိုင်တို့ကလည်း ဝိဓူရ သခင်ချစ်မောင်၊ ဗိုလ်မှူးတင်အေးတို့ စုပေါင်းရေးဆွဲခဲ့သော ဖွဲ့စည်းပုံတစ်ခုကို ယူလာပြသည်။ ဤဖွဲ့စည်းပုံ နှစ်ခုကို အခြေခံပူးပေါင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်ရွယ်ချက်လုပ်ငန်း စဉ်ပါဝင်သောဖွဲ့စည်းပုံကို ဒေါ်အောင်ဆန်းစုကြည်ကရေးသားပြုစုရာအင်အားစုသုံးရပ်ပူးပေါင်း အစည်း အဝေး တွင် အတည်ပြုခဲ့ကြသည်။ ဤသို့ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို  စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ အဖွဲ့ချုပ် ဖွဲ့စည်းရေးအတွက် အင်အားစုသုံးခု ပူးပေါင်းအစည်းအဝေးကို သခင်တင်မြနှင့် ၎င်း၏ရုံးအဖွဲ့ဝင်များသည် တက်ရောက်ဆွေးနွေးခြင်း မပြုခဲ့ချေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူလအမည်မှာ “ဒီမိုကရေစီ ညီညွတ်ရေးအဖွဲ့ချုပ်” ဟူ၍ ဖြစ်သည်။ သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ခေါ် တစည ပေါ်လာသောအခါ အမည်ရှုပ်ထွေးမှု မရှိစေရန် “အမျိုးသားဒီမိုကရေစီအဖွဲ့” ဟု ပြောင်းလဲလိုက်ရသည်။

ထိုစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်လက်အောက်ခံ တောင်သူလယ်သမားအဖွဲ့၊ အလုပ်သမားအဖွဲ့နှင့် လူငယ်အဖွဲ့တို့၏ ဖွဲ့စည်းပုံများနှင့် အဖွဲ့ချုပ်၏ အဆင့်ဆင့် ဖွဲ့စည်းပုံလုပ်ငန်း တာဝန်များ ရေးဆွဲပေးရန် သခင်တင်မြအား ပြောကြားခဲ့ရာ ၎င်းက ဦးစွာပထမလူငယ်အဖွဲ့ ဖွဲ့စည်းပုံကို ရေးဆွဲပေးခဲ့ရသည်။ လူငယ်ကျောင်းသားများကို  ထိန်းသိမ်းလေ့ကျင့် စုစည်းပေးရန်အတွက် လူငယ်အဖွဲ့ အမြန်ဆုံး ဖွဲ့ရန်ကိုလည်း တိုက်တွန်းခဲ့သည်။

အမျိုးသမီးအဖွဲ့၊တောင်သူလယ်သမားအဖွဲ့ ဖွဲ့စည်းပုံများ ရေးဆွဲနေဆဲတွင် တက္ကသိုလ်ရိပ်သာလမ်းတွင် အဖွဲ့ချုပ် ရုံးခန်းကို ဖွင့်လှစ်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပြီးသည်နှင့် ဗိုလ်မှူး စံသာကျော်၊ ဦးသာထွန်းတို့က ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်ပြီး အိမ်ပြန်သွားကြသည်။ ကိုလှတင်ကလည်း ပြန်ချင်ကြောင်း ပြောလာရာ ရုံးအဖွဲ့လုပ်ငန်းများကို လက်စသတ် စာရင်းရှင်းပြီးမှ စာရင်းနှင့်တကွ အဖွဲ့ချုပ်၏ ရုံးတာဝန်ခံ ဗိုလ်မှူးကြီးဟောင်း ဦးဘရွှေတို့ကို လွှဲအပ်ပြီးမှ ပြန်ပါရန် သခင်တင်မြက ပြောကြားခဲ့သည်။ ဦးလှတင်က အောက်တိုဘာ ၃ ရက်နေ့တွင် ရုံးပစ္စည်းများနှင့်စာရင်းများကို လွှဲပြောင်းပေးအပ်ပြီးနောက် အိမ်ပြန်သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သခင်တင်မြအား မူလရုံးခန်းတွင်နေပြီး ဖွဲ့စည်းပုံများ ရေးသားပြီးမှ ပြန်ပါ ဟု မေတ္တာရပ်ခံသဖြင့် မူလရုံးခန်းတွင် သခင်တင်မြ တစ်ဦးတည်း သုံးရက်နေပြီး ဖွဲ့စည်းပုံများ ရေးခဲ့သည်။ သို့သော်သုံးရက်အတွင်းဧည့်သည်များလာရောက်စကားပြောနေသဖြင့်စာရေးမရသောကြောင့် ဒေါ်အောင်ဆန်း စုကြည်အား အကျိုးအကြောင်း ပြောပြကာ အောက်တိုဘာလ ၄ ရက်နေ့တွင် အိမ်ပြန်သွားခဲ့သည်။ အိမ်တွင် အမျိုးသမီးအဖွဲ့၊တောင်သူလယ်သမားအဖွဲ့၊အလုပ်သမားအဖွဲ့ ဖွဲ့စည်းပုံများကိုရေးသားပြီး ဒေါ်အောင်ဆန်းစု ကြည်အိမ်သို့ သွားပေးခဲ့ရသည်ဟု ဆိုသည်။

သခင်တင်မြသည် အဖွဲ့ချုပ်၏ ဌာနချုပ်နှင့် တိုင်းနှင့်ပြည်နယ် ၊ မြို့နယ် ရပ်/ကျေး အဖွဲ့ အဆင့်ဆင့်တို့၏ ဖွဲ့စည်းဆက်သွယ်ပုံများနှင့် လုပ်ငန်းတာဝန်များကို ရေးဆွဲနေစဉ် ဒေါ်အောင်ဆန်းစုကြည်အား လူငယ်အဖွဲ့ ၊ အမျိုးသမီးအဖွဲ့နှင့် လူထုလူတန်းစားအဖွဲ့များကို သီးခြားဖွဲ့စည်းပြီးမှအဖွဲ့ချုပ်၏ အဖွဲ့ဝင်များအဖြစ် ပေါင်းစပ်ဖွဲ့ စည်းခြင်းမပြုဘဲ အဖွဲ့ချုပ်စည်းရုံးရေးကာလ၌ အဖွဲ့ချုပ်၏ လုပ်ငန်းဌာနများ အဖြစ်သာဖွဲ့စည်းသင့်ကြောင်း အကြံပေးခဲ့သည်။

ဤအကြံပေးချက်ကိုဒေါ်စုက လက်ခံသဖြင့် သခင်တင်မြသည် အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန် ခွဲဝေပုံ ရေးဆွဲရာတွင် အဖွဲ့ချုပ်၏ လူငယ်လုပ်ငန်းဌာန၊ အမျိုးသမီးလုပ်ငန်းဌာန၊ အလုပ်သမား၊ လယ်သမား၊ တတ်သိပညာရှင်လုပ်ငန်းဌာန စသည်ဖြင့် ထည့်သွင်းရေးဆွဲပြီး ပေးအပ်ခဲ့သည်။

သခင်တင်မြသည် ဖွဲ့စည်းပုံများရေးဆွဲပေးအပ်ပြီးသည့်နေ့မှစ၍ ဒေါ်အောင်ဆန်းစုကြည်ထံသို့ မရောက် ဖြစ်တော့ဘဲ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကွယ်လွန်သွားခဲ့ရာ ဒေါ်ခင်ကြည်ဈာပနကော်မတီတွင်အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ ဆုံခဲ့ရပြန်သည်။

ထို့နောက် ၁၉၉ဝ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် သခင်တင်မြအား စစ်ထောက်လှမ်းရေးမှ ဖမ်းဆီး၍ မင်္ဂလာဒုံ ရေကြည်အိုင် ထောက်လှမ်းရေး အချုပ်ထောင်သို့ ပို့ခဲ့သည်။ ရေကြည်အိုင်တွင် ရက်ပေါင်း အတော်ကြာစစ်ကြော၍ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၅ ရက် စနေနေ့တွင် အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ပို့ကာ ချုပ်နှောင်ထားခဲ့သည်။ ဇန်နဝါရီ ၆ ရက်နေ့ နံနက်တွင် ရေကြည်အိုင်မှ ပြန်ခေါ်၍ ရေကြည်အိုင်ထောင်တွင် တစ်နှစ်ခန့် နေခဲ့ရပြန်သည်။ ယင်းနောက် အင်းစိန်တွဲဘက်ထောင်သို့ ပို့၍ အင်းစိန်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား ကူညီမှုဖြင့် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခဲ့သည်။ ၁၉၉၃ ခုနှစ် ဇွန်လတွင် သခင်တင်မြသည် ဆီးကျိတ်ရောဂါ ဖြစ်ပွားလာမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ပြီး ထောင်မှ ပြန်လည် လွတ်ပေးလိုက်သည်။ အချုပ်နှင့်ထောင်ကျရက် ၂ နှစ်ခွဲတွင် ပြန်လည်လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ သခင်တင်မြသည် နိုင်ငံရေးလှုပ်ရှားမှုများမရှိတော့ဘဲ သမိုင်းမှတ်တမ်းများကို သာပြုစုနေခဲ့သည်။ ထို့နောက် ၂ဝဝ၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ရဲဘော်ဘခက်က ထမင်းဖိတ်ခေါ် ကျွေးမွေးသဖြင့် ၎င်း၏အိမ်တွင် နံနက်စာစားသောက်ရင်း ဗိုလ်ရဲထွဋ်၊ ဦးအေးမောင် (သမဝါယမ) ၊ ဒေါက်တာခင်မောင်အေး (စိတ်ရောဂါ အထူးကု)တို့ နှင့်စကားစမြည်ပြောရင်း မောင်မြဦး မြန်မာပြန်ခဲ့သည် “ဗိုလ်ချုပ်အောင်ဆန်း၏စိန်ခေါ်သံ”စာအုပ်ပါအချို့အချက်အလက်များအကြောင်းဆွေးနွေးခဲ့ကြရင်း မြန်မာ့လွတ် လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ စာအုပ်ပြည့်ပြည့်စုံစုံ ခိုင်ခိုင်ခန့်ခန့် သမိုင်းဖြစ်ရပ်မှန် ရေးသားရန် ၀ိုင်းဝန်းတိုက်တွန်းသဖြင့် ဗိုလ်ရဲထွဋ်၊ ရဲဘော်ဘခက်၊ သခင်အုန်းမြင့်၊ သခင်လှထွန်း၊ ကိုချစ်လှိုင် (ကိုကိုမောင်ကြီး)၊  မြန်မာ့အလင်းဦးသန်းညွှန့်၊ ဗိုလ်ထိန်လင်း၊ ကိုကျော်အောင်(ရွှေပြည်တန်)၊ဦးအုန်းမြင့်၊ကိုဇော်လင်း(ရှေ့နေ)၊ဦးတင်မောင်ဝင်း(သံတွဲ)တို့နှင့်အတူ ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ စာအုပ်ပြုစုရေး အဖွဲ့ငယ်ကို ဖွဲ့စည်း၍ ဗိုလ်ချုပ်နှင့် ပတ်သက်သော စာအုပ်စာတမ်းများ စုဆောင်းကာ ပြုစုခဲ့ကြသည်။

ထို့နောက် ၂ဝဝ၇ ခုနှစ် မေလ ၁ဝ ရက်နေ့၌ ကိုကျော်အောင်၏ မိတ်ဆက်ပေးမှုကြောင့် မကြာခင်က မှဗိုလ်ချုပ်အောင်ဆန်းစာအုပ်ကြောင့် ထောင်ဒဏ်အပြစ်ပေးခံရ၍ သာယာဝတီထောင်မှ လွတ်မြောက်လာသော စာရေးဆရာ သန်းဝင်းလှိုင်သည် အဖွဲ့၌စတင်ပါဝင်လာခဲ့သည်။ ၎င်းက ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ ရှားပါးဓါတ်ပုံများနှင့် စာနယ်ဇင်းအသီးသီးမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သောသူစုဆောင်းထားသည့် ဆောင်းပါးများကို အဖွဲ့သို့ပေးအပ်ခဲ့သည်။ ထို့နောက် သခင်တင်မြကပင် အဓိကဦးဆောင်ပြုစုရေး သား၍ ကျန်အဖွဲ့ဝင်များက အကြံပေးခြင်း ၊ စကားလုံးပေါင်းပြင်ခြင်း၊ မူကွဲတွေ့ရမှုတို့ကိုသာ ထောက်ပြခဲ့ကြသည်။

ယင်းနောက် ၂ဝဝ၉ ဇွန်လတွင် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ မူကြမ်းပေါ်ထွက်လာခဲ့သည်။ ယင်းမူကြမ်းသည် နိုင်ငံတော်အစိုးရ၏ တာဝန်ပေးချက်အရ ရန်ကုန်သမိုင်းသုတေသနဌာနမှ သုတေသနမှူး ဒေါက်တာခင်လှဟန် ၊ ဦးတင်ဝင်း၊ အကြီးတန်း သုတေသနမှူး ဦးသိမ်းနိုင်၊ သုတေသနမှူး ဦးရည်စိန် (Sinologist) ၊ညွန်မှူးဟောင်း ဦးမြဟန်၊ မြန်မာ့သမိုင်းဝင်အဖွဲ့ ဝင်ဟောင်း ဦးလှသိန်းတို့ ပြုစုထားသော ဗိုလ်ချုပ်အတ္ထုပ္ပတ္တိစာမူနှင့် တစ်ခန်းချင်းခေါင်းစဉ်ငယ်များမှစ၍ အရေးအသားအသုံးအနှုန်း အောက်ခြေမှတ်စု များပါမကျန် တူနေသဖြင့် အဖွဲ့ဝဝ်အားလုံးတို့က မထုတ်သင့်ကြောင်း ၊ သမိုင်းဌာန၏ စာမူအပါအဝင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ ရေးသားထားသည့် အခြားစာအုပ်များကိုပါ ကိုးကားပြီး ကိုယ့်ပုံစံနှင့်ကိုယ် ပြန်ရေးသင့်ကြောင်း၊အထူးသဖြင့်သခင်တင်မြရေးထားသည့်ဗိုလ်ချုပ်အောင်ဆန်း၏နိုင်ငံရေး လုပ်ဆောင်ချက် များကို အလေးပေးရေးသင့် ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် သခင်တင်မြသည် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ စာမူကို ပြန်လည်ရေးသားခဲ့သည်။ သို့သော်သခင်တင်မြ ရေးသားနေသော စာမူမပြီးခင်မှာပင် မူလအဖွဲ့က ထုတ်ဝေရန် မသင့်ဟု တင်ပြထားသော သမိုင်းသုတေသနဌာနမှရေးသားမှုနှင့် တူနေသောစာမူကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဝေဝေ စာပေမှ ထုတ်ဝေ၍ စိတ်ကူးချိုချို ပုံနှိပ်တိုက်မှ ရိုက်နှိပ်ပြီး ၂ဝ၁၃ မတ်လတွင် ရဲဘော်ဘခက်၊ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး) နှင့် အောင်စွမ်း (ဗိုလ်ချုပ်အတ္ထုပ္ပတ္တိပြုစုရေးကော်မတီတွင် မပါဝင်သူ) တို့က အဖွဲ့မသိစေရန် မရိုးမဖြောက်သောအကြံဖြင့် တိတ်တဆိတ်ဈေးကွက်သို့ထုတ်ဝေကာ ရောင်းစားခဲ့ကြသည်။အဆိုပါစာအုပ်ကို အုပ်ရေ ၂ဝဝဝ၊နှစ်ကြိမ်တိတိရိုက်နှိပ်ခဲ့ပြီး ရောင်းဈေးတစ်အုပ်လျှင် ၉ဝဝဝ ကျပ်သတ်မှတ်ထားသဖြင့် အသားတင်အမြတ်ငွေ သိန်း ၁ဝဝ မှာပြုစုရေးကော်မတီအဖွဲ့ ဝင်များမသိဘဲအစပျောက်သွားခဲ့လေသည်။

ထို့ကြောင့် မြန်မာ့သမိုင်းအဖွဲ့ဝင် (ငြိမ်း) ဦးလှသိန်း၊ ဒေါက်တာခင်လှဟန် (ဒုညွှန်ချုပ်-ငြိမ်း)၊ ဦးမြဟန် (ညွှန်မှူး-ငြိမ်း) နှင့် ဦးတင်ဝင်း (မန္တလေးသုတေသနမှူး-ငြိမ်း) တို့က ပြည်သူ့ခေတ်ဂျာနယ် တွဲ ၃၊ မှတ် ၁၄၂ (၂၅-ဧပြီ၊၂ဝ၁၃)မှတဆင့် “ရဲဘော်ဘခက်နှင့်ဝါရင့်နိုင်ငံရေးသမားကြီးများသို့အိတ်ဖွင့်ပေးစာ” ခေါင်းစဉ်တပ် လျက် ကန့်ကွက်ခဲ့ကြသည်။

အဆိုပါ စာအုပ်၌ သန်းဝင်းလှိုင်၏ ဓါတ်ပုံများအားလုံးကို အသုံးပြုထားသော်လည်း ကမကထ ပြုသူများနှင့် ကူညီပံ့ပိုးသူများ စာရင်း၌ သန်းဝင်းလှိုင်အမည်ကိုလည်း ထိန်ချန်ထားပြီး၊ အဓိက ရေးသားသူ သခင်တင်မြ၏ အမည်ကိုလည်း ကွယ်ဝှက်ထားခဲ့သည်။  စာအုပ်ရောင်းရငွေကိုလည်း အဖွဲ့ဝင်များ မသိစေရန် ရဲဘော်ဘခက်၊ အောင်စွမ်း၊ ဦးချစ်လှိုင်တို့က အစဖျောက်ခဲ့ကြသည်မှာ ဗိုလ်ချုပ်၏မျက်နှာကိုမှ မထောက် မလုပ်သင့်သည့် မလုပ်ထိုက်သည့် အလုပ်ကို ကျူးလွန်ခဲ့ကြသောကြောင့် ရှက်စရာ ကောင်းလှပါသည်။

ကော်မတီအဖွဲ့ဝင် ဦးဇော်လင်းကလည်း ပြည်သူ့ခေတ် ဂျာနယ်အတွဲ ၃၊ အမှတ် ၁၄၃ (၂-၅-၂၀၁၃) တွင် “ဗိုလ်ချုပ် အတ္ထုပ္ပတ္တိနှင့် ပတ်သက်၍” ခေါင်းစဉ်တပ်ကာထပ်မံ ရှင်းလင်းရေးသားခဲ့ပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ဗိုလ်ရဲထွဋ်သည်အတော်ကလေး စိတ်မကောင်းဖြစ်သွားကာ ကွယ်လွန်သွား သည်အထိ ယင်းတို့ အားအတွေ့ မခံတော့ပေ။

သခင်တင်မြသည် လုပ်သားပြည်သူနေ့စဉ် ကြေးမုံ၊ ဗိုလ်တထောင် သတင်းစာများနှင့် ရှေ့သို့ စာစောင်၊ မြ၀တီ၊ အိုးဝေ၊ မဟေသီမဂ္ဂဇင်း၊ Northern Star ဂျာနယ်များတွင် သခင်တင်မြ၊ ကေဒါရဲဘော်တစ်ဦး၊ ရဲဘော်ဖြိုးအောင် စသည့် ကလောင်ကွဲများဖြင့် နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ ဆောင်းပါးများကို ရေးသားခဲ့သည်။ ယနေ့အချိန်အထိ ရေးသားထုတ်ဝေပြီးသော စာအုပ်များမှာ ‘ဘုံဘဝမှာဖြင့်’ ၊ ‘သမိုင်းတခေတ်ဆန်းသစ်ပြီ’၊ ‘ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း ၁ဝ တိုင်း’၊ ‘ကေဒါမှပြည်သူ့ပါတီသို့’ (မောင်ချစ်လှိုင်နှင့် တွဲ၍)၊ ‘ဘုံဘဝမှာဖြင့် ထပ်ကြပ်မကွာ’ ၊ ‘ဘုံဘဝမှာဖြင့် ဒုတိယပိုင်း အမှားနှင့် အမှန်’ စသည့် စာအုပ်များ ဖြစ်သည်။ ‘ဆိုရှယ်လစ် စီးပွားရေး တည်ထောင်စ အတွေ့အကြုံများ’ နှင့် ‘သမ၀ါယမ အခြေခံမူနှင့် ဖြစ်ပေါ်တိုးတက်မှု’ စာအုပ်များကိုလည်းရေးသားပြုစုခဲ့သည်။သခင်တင်မြ၏သားကြီးဖြစ်သူကိုရဲမြင့်(ဂယက်နီ)သည် အမျိုးသားစာ ပေ ဆုရစာရေးဆရာတဦးဖြစ်သည်။

(ပြီး)

 

(မှတ်ချက်။ သခင်တင်မြ၏ ပြောပြချက်များကိုအခြေခံ၍ သမိုင်းမှတ်တမ်းများနှင့် တိုက်ဆိုင် စစ်ဆေး၍ ရေးသားထားခြင်း ဖြစ်ပါ သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts