လူများ၊ ရုပ်ပုံလွှာများ သန်းဝင်းလှိုင်

သမိုင်းတကွေ့မှ သခင်တင်မြ – အပိုင်း (၄)

သန်းဝင်းလှိုင်
မတ်လ ၁၊ ၂၀၁၄

သို့ရာတွင် ကွန်မြူနစ်ပါတီနှင့် ကွန်မြူနစ်လှုပ်ရှားမှုအတွင်း အမှားအယွင်းနည်း၍ မှန်ကန်စွာ ခေါင်းဆောင်နိုင်သော ခေါင်းဆောင်ကောင်းများကိုကားမတွေ့။အမှားများကိုသာ ထပ်ခါတလဲ ကျူးလွန် ခဲ့ကြသော ခေါင်းဆောင်များကိုသာ ကြုံတွေ့ခဲ့ရ၏။ ၁၉၄၆ ခုနှစ် ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲစဉ်က ကွန်မြူနစ်ဝါဒနှင့် လုပ်ငန်းများတွင် အလံနီ ကွန်မြူနစ်ခေါင်းဆောင် သခင်စိုးသည်သာ အမှန်ကန်ဆုံး ခေါင်းဆောင်နိုင်သူဟုသာ ယုံကြည်ချက်ဖြင့် အလံနီကွန်မြူနစ်ပါတီတွင် ဒုတိယခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့၏။

 

ဤသို့ ပါဝင်ဆောင်ရွက်နေရင်း သခင်စိုး၏ ပြင်းထန်သော လက်ဝဲဂိုဏ်းဂဏ သဘောထားနှင့် လုပ်ငန်းများကို အကြောင်းပြု၍ သခင်စိုးနှင့် သဘောကွဲလွဲခဲ့သဖြင့် မကြာခဏ အပြစ်ပေးခံခဲ့ရ၏။ သခင်စိုး၏ လက်ဝဲဂိုဏ်းဂဏ ဝါဒကိုလည်း မတိုက်နိုင်၊ လက်လည်း မခံနိုင်တော့သည့် အဆုံး၌ အလံနီ ကွန်မြူနစ်ပါတီမှ ၁၉၄၇ ခုနှစ်တွင် နုတ်ထွက်ခဲ့၏။ အလံနီကွန်မြူနစ်ပါတီမှ နုတ်ထွက်နေစဉ်အတွင်း ဗမာပြည်ကွန်မြူနစ် လှုပ်ရှားမှုအပေါ်တွင်လည်း ကျွန်တော်သည် အနည်းငယ် သံသယဝင်ခဲ့လေသည်။

 

မိမိကိုယ်တိုင်ပါဝင်ကျူးလွန်ခဲ့သော အမှားအယွင်းများကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ လှုပ်ရှားမှုသည် ရှေ့အဖို့ မှန်ကန်စွာ လှုပ်ရှားချီတက်သွားနိုင်ပါဦးမည်လား ဟူသော သံသယပင် ဖြစ်လေသည်။

 

သို့ရာတွင် အလံနီကွန်မြူနစ်ပါတီက မှန်ကန်စွာ ခေါင်းဆောင်နိုင်ခြင်း မရှိဟု ယူဆ၍ အလံနီကွန်မြူနစ် ပါတီမှ နုတ်ထွက်ခဲ့စေကာမူ ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်စုသည် အမှားအယွင်းများကို တဖြည်းဖြည်း ပြင်ဆင်သွားနိုင်ခြင်းဖြင့် ဗမာပြည်ကွန်မြူနစ် လှုပ်ရှားမှုကို တိုးတက်ကြီးထွားလာအောင် ကြိုးပမ်း သွားနိုင်လိမ့်မည် ဟူသော ယုံကြည်ချက်ဖြင့် ၁၉၄၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီသို့ အောက်ခြေ သာမန်ပါတီဝင်အဖြစ်မှ စတင်ဝင်ရောက်ခဲ့လေသည်။

 

ချောင်းကိုပစ်လို့ မြစ်ကိုရှာ၊ ရေသာများ၍ ငါးမတွေ့ ဆိုသကဲ့သို့ အလံနီကွန်မြူနစ် လှုပ်ရှားမှုတွင် အမှားအယွင်းနည်းစွာဖြင့် မှန်ကန်စွာ ခေါင်းဆောင်နိုင်စွမ်းသော ခေါင်းဆောင်ကောင်းကိုကား ရှာ၍မတွေ့တော့။

ဤသို့ဖြင့် ယခုအခါတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထိပ်ဆုံး ခေါင်းဆောင်များအပေါ်တွင်လည်း ယုံကြည်မှုမရှိတော့၊ ကိုယ်တိုင်ကလည်း ခေါင်းမဆောင်နိုင်၊ မယုံကြည်သော ခေါင်းဆောင်များနေရာတွင်လည်း အစားထိုးရန် ရှာမရတော့သည်၏ အဆုံးတွင်ကား ကျွန်တော်သည် ကွန်မြူနစ်ပါတီနှင့် ကွန်မြူနစ်လုပ်ငန်း တစ်ခုလုံးအပေါ် စိတ်ကုန်ခန်း၍ လာခြင်းသာ ဖြစ်ပါသည်။

 

● အမှားများ၏ သမိုင်း

ဗမာပြည်တွင် ကွန်မြူနစ်လှုပ်ရှားမှု စတင်လာပြီး ကွန်မြူနစ်ပါတီ ပေါ်ပေါက်လာသည်မှာ ၂၂ နှစ် ရှိခဲ့ပြီ။ ဤ ၂၂ နှစ်တိုင် ကြာရှည်ခဲ့သော ကာလအတွင်း ကွန်မြူနစ်ပါတီသည် မိမိချမှတ်ခဲ့သော ဝါဒနှင့် လမ်းစဉ်များ ၊ လုပ်ငန်းများကိုပြန်လည် သုံးသပ်ကြည့်ပါကအကောင်းအဆိုး၊အမှားအမှန် ရောပြွန်း၍နေသည်ကို ယေဘု ယျအားဖြင့်ပြောနိုင်သော်လည်း အတိအကျ ဆန်းစစ်ကြည့်ပါက လမ်းစဉ်နှင့်လုပ်ငန်းများကို မှန်ကန်စွာ ချမှတ်လုပ်ဆောင်ခဲ့သည်မှာနည်းပါးပြီး မှားယွင်းစွာချမှတ်လုပ်ဆောင်နေသည်က အများအပြား ဖြစ်နေသည်ကို တွေ့ရပေမည်။

ကျွန်တော်သည် ကွန်မြူနစ်ပါတီ၏သမိုင်းရေးသားပြုစုရာတွင် အထောက်အကူဖြစ်စေရန် ကွန်မြူ နစ်ပါတီ၏ အတွေ့အကြုံ အောင်မြင်မှု၊ ဆုံးရှုံးမှုများကို နှစ်ကြိမ်တိုင် ရေးသား၍ ပါတီသို့ တင်ပြခဲ့ဖူးပါသည်။ ကျွန်တော်၏အတွေ့အကြုံအရရေးသားတင်ပြခဲ့ရသောကွန်မြူနစ်ပါတီ၏သမိုင်းဆိုင်ရာ အချက်အလက် များတွင် ပါတီသည် မှန်ကန်သော လမ်းစဉ်နှင့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်က နည်းပါးပြီး မှားယွင်းစွာ လုပ်ဆောင်ခဲ့မှုများက များပြားနေသည်ကို တွေ့ခဲ့ရလေသည်။

 

ပါတီ၏ သမိုင်းဆိုင်ရာ အချက်အလက်များကို ရေးသူဖြစ်သော ကျွန်တော်သည်ပင် မိမိ ရေးသားခဲ့သည်ကို ကြည့်ရင်း “တို့ပါတီကတော့ ခြေလှမ်းတိုင်းကို မှားနေသလောက် ဖြစ်နေပြီ။ အမှန်နှင့် အောင်မြင်မှုက နည်းပြီး၊ အမှားနှင့် ဆုံးရှုံးမှုတွေက များနေပါကလား” ဟုပင် မကျေမနပ် ဖြစ်ခဲ့ရသည်။ ပါတီခေါင်းဆောင် ပေါလစ်ဗျူရို လူကြီးများကလည်း “ခင်ဗျား ရေးသားချက်တွေက ပါတီရဲ့ မှန်ကန်မှု အောင်မြင်မှုတွေထက် မှားယွင်းမှုနှင့် ဆုံးရှုံးမှုတွေကိုသာ  မှတ်တမ်းတင်ထားသလို ဖြစ်နေပါလား” ဟု မေးခဲ့ကြပါသည်။

 

ပါတီက အမှားတွေ အများအပြား လုပ်ခဲ့ရင် ပါတီရဲ့ သမိုင်းမှတ်တမ်းမှာ အမှားတွေက များနေတာ တွေ့ရမှာပဲ ဟုသာ ကျွန်တော် အဖြေပေးခဲ့ရသည်။

 

ယခုအခါတွင်ကား ကွန်မြူနစ်ပါတီ၏ သမိုင်းမှတ်တမ်းတွင် ထပ်ဖြည့်ရေးသားရင်း မှားယွင်းသော လမ်းစဉ်များနှင့် ခြေလှမ်းများ ၊ လုပ်ငန်းများအား ပို၍သာ များလာခဲ့ပေပြီ။

 

ပါတီ၏ သမိုင်းတလျှောက် လမ်းစဉ်ဆိုင်ရာ ကြီးမားသော မှားယွင်းချက်များကား –

၁။ ၄၅ နှစ် ဂျပန်တော်လှန်ရေး အပြီးတွင် ဗြိတိသျှနယ်ချဲ့သမားနှင့် ပူးပေါင်းရေးဝါဒ ဖြစ်သော ဘရောက်ဒါ ဝါဒအမှား။

 

၂။ ၄၆ နှစ် ကွန်မြူနစ်ပါတီကို နှစ်ခြမ်းကွဲစေခဲ့ပြီး ယခုထက်တိုင် ပြန်လည်မညီမညွတ်နိုင်သော ဂိုဏ်းဂဏ ဝါဒအမှား။

 

၃။ ၄၈ ခုနှစ် တမျိုးသားလုံး၏ ကြိုးပမ်းမှုဖြင့် ရရှိခဲ့သော လွတ်လပ်ရေးအပေါ်တွင် အတုအယောင် လွတ်လပ်ရေးမျှသာဟု အကဲဖြတ်ခဲ့သော အမှား။

 

၎။ ၄၉ ခုနှစ် ကရင်အမျိုးသားများနှင့် ဖြစ်ပွားသော လူမျိုးရေး အဓိကရုဏ်းတွင် ပါဝင်ခဲ့သော ဓနရှင် လူမျိုးကြီး ဝါဒအမှား။

 

၅။ ၄၈ ခုနှစ်ပြည်တွင်းစစ်စတင်စဉ်ကပင် ပြည်တွင်းစစ်ရပ်စဲရေးကိုကြိုးပမ်းရမည့်အစား အပြုတ်တိုက် ရေးကို ကြွေးကြော်ခဲ့သော အမှား။

 

၆။ ၄၉ ခုနှစ် အကုန်သိမ်း အကုန်ဝေခဲ့သော လက်ဝဲကျခဲ့သည့် မြေယာဝေခြမ်းရေး အမှား။

 

၇။ ၄၉-၅ဝ ခုနှစ် ပြည်သူ့ရဲဘော်၊ အလံနီတို့နှင့် အချင်းချင်းလက်နက်ကိုင် တိုက်ခဲ့သော လက်ဝဲဂိုဏ်းဂဏ ဝါဒအမှား။

 

၈။ ၅ဝ ပြည့်နှစ် တပ်ပေါင်းစုပျက်၊ အချင်းချင်းတိုက်ခဲ့ကြသဖြင့် မိမိအင်အား ကျဆင်းနေဆဲမှာပင် ၂ နှစ်အတွင်း စစ်အနိုင်တိုက်ရေးဟူသော စစ်ရေး တရူးထိုး ဝါဒ အမှား။

၉။ ၅၁-၅၃ ခုနှစ် ငြိမ်းချမ်းရေး ညွှန့်ပေါင်းအစိုးရ လမ်းစဉ်အမှား စသည်တို့ ဖြစ်လေသည်။

 

၁၉၅၃ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ ၂ နှစ် အတွင်းမှာကား သုံးပါတီညီညွတ်ရေး ပျက်ပြားသွားပြီး သုံးပါတီ လမ်းစဉ်လည်း မဟုတ်၊ မိမိပါတီ၏ လမ်းစဉ်လည်း သီးခြားမချမှတ်နိုင်ဘဲ၊ ပါတီတွင်း အယူအဆများ ရှုပ်ထွေး၍ ယောင်ဝါးဝါး ဖြစ်နေသော ကာလပင် ဖြစ်ပေသည်။

 

အထက်တွင် ရေးခဲ့သောပါတီ သမိုင်းတလျှောက် မှားယွင်းခဲ့သည့် လမ်းစဉ်ဆိုင်ရာ အမှားများမှာ သေးငယ်သော အမှားများ မဟုတ်ပေ။

 

ဤအမှားများခြေလှမ်းများကို ကျူးလွန်မှားယွင်းမိတိုင်း မိမိ၏အင်အားများကျဆင်း ယုတ်လျော့ ခဲ့ရသည်။ မိမိနှင့် ဆက်စပ်နေသော ပြည်သူလူထု၏ အကျိုးစီးပွားများ ဆုံးရှုံးနစ်နာ သေကြေပျက်စီးခဲ့ရသည်။ ပါတီသည် လူထုနှင့် ပို၍ပို၍ ကင်းကွာခဲ့ရသည်။ ပါတီသည်လည်း တိုက်ပွဲအတွင်း ပိုမိုတိုးတက် ခိုင်မာမလာဘဲ အမှားအယွင်းများ၏ ဒဏ်ကြောင့် အယူအဆများ ရှုပ်ထွေးစေကာ ပျော့ညံ့ပျက်ပြား လာရသည်။

 

ဤအမှားများကြောင့် ဖြစ်ပွားခဲ့ရသော ပါတီအင်အားများ ဒလဟော ပြိုဆင်းလာခြင်းနှင့် ပါတီတွင် အယူအဆများ ရှုပ်ထွေးလာခြင်းကြောင့်ပင် ၅၄- ၅၅ ခုနှစ်တွင် အောက်ခြေပါတီဝင်ထုမှာ ဗဟိုကော်မတီ၏ ခေါင်းဆောင်မှုအပေါ် အယုံအကြည် မရှိ ဖြစ်လာလေသည်။

 

“ကျောက်ခဲကို နို့ညစ်၍ ရလျှင်သာရမည်၊ လက်ရှိဗဟိုကော်မတီ ခေါင်းဆောင်မှုကား အမှန်ကို ရှာဖွေပေးနိုင်မည် မဟုတ်တော့” ဟု အောက်ခြေက တင်ပြလာကြ၏။ “ဗဟိုကော်မတီ နုတ်ထွက်ပေးရမည်၊ ပါတီ ဥက္ကဌ သခင်သန်းထွန်း၏ ခေါင်းဆောင်မှုကို ပြောင်းလဲပေးရ မည်” ဟူ၍ တောင်းဆိုလာကြသည်။

 

ဤသို့ ပါတီအောက်ခြေတရပ်လုံးက ခေါင်းဆောင်မှုအပေါ်တွင် မကျေမနပ် အုံကြွတောင်းဆို လာကြသောအခါ ကျွန်တော်တို့ ဗဟိုကော်မတီ ခေါင်းဆောင်ကြီးများမှာ မနေသာတော့။ မိမိ၏ ဥာဏ်စွမ်းဥဏ်စ ရှိသမျှကို ထုတ်၍ ရက်ပေါင်း ၁ဝဝ ကျော်တိုင်တိုင် အစည်းအဝေးထိုင်ကာ (ကမ္ဘာပေါ်ရှိ နိုင်ငံရေး အဖွဲ့အစည်းများ၏ သမိုင်းတွင် လမ်းစဉ်တရပ် ချမှတ်ရန် ရက်ပေါင်း ၁ဝဝ ကျော် အစည်းအဝေး ပြုလုပ်ခဲ့ရသည် ဟူသော အဖြစ်အပျက်ကား ဗမာပြည် ကွန်မြူနစ်ပါတီမှလွဲ၍ ရှိလိမ့်မည် မထင်ပေ) ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေး လမ်းစဉ်ကို ရှာဖွေဆုံးဖြတ် ချမှတ်ခဲ့လေသည်။

 

● ပြည်တွင်းစစ် ရပ်စဲရေးလမ်းစဉ်နှင့် ခြေလှမ်းအမှားများ အခြေအနေ

၁၉၅၅ ခုနှစ် ဗဟိုကော်မတီ အစည်းအဝေးမှ ပြည်တွင်းငြိမ်းချမ်းရေး လမ်းစဉ်ချမှတ်ခဲ့စဉ်က ပါတီတွင်း အခြေအနေမှာ ဤသို့ ဖြစ်၏။

 

ဗမာ့တပ်မတော်၏ ထိုးစစ်များက တပြည်လုံး အနှံ့အပြားတွင် ပိုမို၍ ပြင်းထန်စွာ ထိုးနှက်လာသဖြင့် ပါတီလက်နက်ကိုင်တပ်များတွင် စစ်ရေးအရ ထိခိုက်ကျဆုံးမှုများ များပြားနေပြီး လက်နက်ကိုင်တပ်များအတွင်း ပါတီ၏ စစ်ရေးခေါင်းဆောင်မှုကို အယုံအကြည် ကင်းမဲ့လျက် ရှိသည်။

 

၁၉၅၃-၅၄ ခုနှစ်များက သုံးပါတီညီညွတ်ရေးဖြင့် ကျဆင်းနေသောအခြေအနေကို ထိန်းသိမ်း တားဆီးရန် ကြိုးစားခဲ့သော်လည်း ၅၄ ခုနှစ် တွင် သုံးပါတီ ညီညွတ်ရေးမှာ လုံးဝပျက်ပြားလာသဖြင့် ပါတီနှင့် လက်နက်ကိုင်တပ်များအတွင်း သုံးပါတီညီညွတ်ရေးကို စိတ်ပျက်လာခြင်း၊ သုံးပါတီက စုပေါင်းချမှတ်ထားသော နိုင်ငံရေး လမ်းစဉ်ကိုလည်း ဖျက်သိမ်းကာ ပါတီ၏ ကိုယ်ပိုင်နိုင်ငံရေးလမ်းစဉ်လည်း မရှိသဖြင့် ပါတီတွင် ထိပ်ပိုင်းမှ အောက်ခြေအထိ အယူအဆများ အမျိုးမျိုး ရူပ်ထွေးနေခြင်း၊ ပါတီတွင်း နိုင်ငံရေး အကျပ်အတည်း၊ စည်းရုံးရေး အကျပ်အတည်း ၊ စစ်ရေး အကျပ်အတည်း၊ ဘဏ္ဍာရေး အကျပ်အတည်း စသည်တို့သည် စုပြုံပေါ်ပေါက်နေပေသည်။

 

တောတောင်ဒေသရှိ ပြည်သူလူထုမှာလည်း စစ်တပ်၏ ထိုးစစ်များက တောတောင်ဒေသများအထိ ထိုးဖောက်ရောက်ရှိလာသဖြင့် နေထိုင်စားသောက်မှုများ မတည်မငြိမ် ဖြစ်လာသောကြောင့် လက်ရှိ ပြည်တွင်းစစ်ကို ရပ်စဲလိုသော စိတ်ဓါတ်များ အပြင်းအထန် ပေါ်ပေါက်နေပေသည်။

 

အကျပ်အတည်း မျိုးစုံကို ရင်ဆိုင်နေရသဖြင့် ကျဆင်းဆုံးရှုံးမှုများမှာ တားဆီးမရလောက်အောင် ဖြစ်ပေါ်နေသောကြောင့် ပါတီနှင့် လက်နက်ကိုင် အောက်ခြေတပ်သားများသည် ဤအကျပ်အတည်းများမှ လွတ်မြောက်လိုသော ဆန္ဒကြီးမားစွာ ပေါ်ပေါက်နေလေသည်။ ဤသို့ ဖြစ်ပေါ်နေသော အခြေအနေကို ပါတီ၏ ခေါင်းဆောင်မှု မတွက်ဆမိသဖြင့် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လမ်းစဉ်ကို ၅၅ ခုနှစ် ဗဟိုကော်မတီ အစည်းအဝေးကို ချမှတ်ခဲ့ခြင်း ဖြစ်လေသည်။

 

● လမ်းစဉ်၏ ဦးတည်ချက်

ပြည်တွင်းစစ် ရပ်စဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး လမ်းစဉ်၏ သဘောထားများမှာ –

 

ယခင်က ကျူးလွန်ခဲ့သော အမှားများကြောင့် လက်နက်ကိုင် ခုခံရေးတိုက်ပွဲသည် ကျဆင်းလျက် ရှိသည်။ ပါတီသည် လူထု နှင့်ကင်း ကွာနေသည်။ လက်နက်ကိုင် တိုက်ပွဲတစ်မျိုးတည်း ဆင်နွှဲခြင်းဖြင့် ကျဆင်းနေမှုကို မရပ်တန့်နိုင်၊ လူထုထောက်ခံမှု ရရှိမည်မဟုတ်။

 

၄၈ ခုနှစ်က ရရှိခဲ့သောလွတ်လပ်ရေးသည်အတုအယောင်မဟုတ်။ တစုံတခုသော အတိုင်းအတာအထိ လွတ်လပ်သော လွတ်လပ်ရေး ဖြစ်သည်။

 

ဖဆပလ အစိုးရသည်ဒီမိုကရေစီ ကင်းခဲ့သောချန်ကေရှိတ် အစိုးရမျိုးမဟုတ်။ ဒီမိုကရေစီ အတော်အသင့် ရှိသော အစိုးရဖြစ်သည်။ လက်ရှိအစိုးရမှာ လူထုထောက်ခံမှု ရရှိနေသည်။

 

ပြည်သူလူထုသည်ပြည်တွင်းစစ်ရပ်စဲလိုသော ဆန္ဒများ ကြီးမားစွာ ပေါ်နေသည်။ ထို့ကြောင့် ပါတီသည် လူထုထောက်ခံမှုရရှိစေရန်လူထုနှင့် ပြည်လည်အဆက်အသွယ် ရရှိစေရန်ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ကြွေးကြော်သံဖြင့် ပြည်သူလူထုအား စည်းရုံးရမည်။

လက်နက်ကိုင်တိုက်ပွဲနှင့်ဥပဒေတွင်းလူထုတိုက်ပွဲကို တပြိုင်တည်းဆင်နွှဲရင်း မိမိအင်အားကို ကြီးထွားစေရမည်။ ကြီးထွားလာသော မိမိအင်အားဖြင့် အစိုးရအား အကျပ်ကိုင်၍ ပြည်တွင်းစစ် ရပ်စဲရေးကို လိုက်လျော လာစေရမည်။

 

လက်ရှိအခြေအနေတွင်လက်နက်ကိုင်တိုက်ပွဲဖြင့် တကြိုးတည်းဆင်ရေးနှင့် ဥပဒေတွင်းသို့ ဝင်ရောက် ရေး အလားအလာ နှစ်ရပ်ရှိနေသည်။ ဤသို့ အလားအလာ နှစ်ရပ်ရှိစေကာမူ ပါတီခေါင်းဆောင်မှုက ဦးတည်ကြိုးပမ်းရမည်မှာ ဥပဒေတွင်း ဝင်ရေးဖြစ်သည်။

 

ဖဆပလ အစိုးရက ပြည်တွင်းစစ်ရပ်စဲရန် ခေါင်းမာစွာ ငြင်းဆိုနေပါက လက်နက်ကိုင် တိုက်ပွဲကို တကြိုးတည်း ဆင်သွားရန် ဖြစ်သည်။

 

အိန္ဒိယ၊ အင်ဒိုနီးရှား ကွန်မြူနစ်ပါတီများသည် ဥပဒေတွင်းတွင် မှန်ကန်စွာ တိုးတက်ကြီးထွားနေခြင်းကို သင်ခန်းစာ ယူရမည်။

 

ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် ဖဆပလ အစိုးရထံသို့ အချက် ၃ ချက်ကို တင်ပြတောင်းဆိုရမည်။

 

မြန်မာနိုင်ငံတော် အစိုးရသည် –

၁။ကြားနေရေး မူ-၅ ချက်ကို အတိအကျ လိုက်နာရန်၊ စောင့်ထိန်းရန်။

 

၂။ဒီမိုကရေစီအခွင့်အရေးများပေး၍နိုင်ငံရေးအကျဉ်းသမားများကို လွှတ်ပေးရန်။(လွတ်ငြိမ်းချမ်း သာ ခွင့်)။

 

၃။မတရားသင်း ကြေညာထားခြင်းကို ရုပ်သိမ်း၍ ကွန်မြူနစ်ပါတီနှင့် အခြားအဖွဲ့များအား တရားဝင် တည်ရှိခွင့်ပေးရန်။

 

ဤအချက် (၃) ချက် ရရှိရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေးအတွက် အစိုးရနှင့် လက်နက်ကိုင် တိုက်ခိုက်နေသော ပါတီအဖွဲ့အစည်းများ မျက်နှာစုံညီ တွေ့ဆုံ ဆွေးနွေးရန်။

 

တွေ့ဆုံဆွေးနွေး၍ အချက် ၃ ချက် ရရှိပါက လက်နက်ကိုင် တိုက်ခိုက်နေသော အဖွဲ့အစည်းများက လက်နက်ကိုစွန့်၍ ဥပဒေတွင်းသို့ ဝင်ရောက်ကာ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရန် ဖြစ်လေသည်။

 

ဤလမ်းစဉ် အောင်မြင်ရေးအတွက် ပါတီသည် အောက်ပါလုပ်ငန်းများကို မဖြစ်မနေ လုပ်သွားရမည် ဟု လမ်းစဉ်က ရည်ညွှန်းထား၏။

(က)ပါတီတွင်းပျက်ပြားခဲ့သော စုပေါင်းခေါင်းဆောင်မှုကို ထူထောင်ရမည်။ ကွန်မြူနစ်ပါတီ ကွဲပြားနေခြင်းကိုရပ်စဲ၍အလံနီကွန်မြူနစ်ပါတီနှင့်ပြန်လည်ညီညွတ်ရမည်။ဗမာပြည် ကွန်မြူနစ်လှုပ် ရှားမှုတွင် စုပေါင်းခေါင်းဆောင်မှု တစ်ခုတည်း၊ ကွန်မြူနစ် တစ်ပါတီတည်း မရှိပါက အောင်မြင်မှုများ မရရှိနိုင်၊ ထို့ကြောင့် သုံးပါတီ ညီညွတ်ရေး ရရှိအောင် လုပ်ရမည်။

 

ပျက်ပြားချည့်နဲ့နေသော ပါတီအဖွဲ့အစည်းများကိုပြန်လည်စည်းရုံးရမည်။ပါတီတွင်း စည်းလုံးညီ ညွတ်ရေး၊ စည်းကမ်းသေဝပ်မှုတို့ကို ပြန်လည်ထူထောင်ရမည်။ ပါတီအား မာ့က်စ်လီနင် ဝါဒအရ ပြန်လည်ပုံသစ်လောင်းရမည်။ အယူဝါဒရေးရာတွင် ခိုင်မာစေရမည်။

 

(ခ) အလုပ်သမားလူတန်းစားနှင့် လယ်သမားလူတန်းစားတို့၏ ညီညွတ်မှုကို အခြေခံ၍ ကျယ်ပြန့်သော တပ်ပေါင်းစုကို တည်ဆောက်ရမည်။ ဥပဒေတွင်း လူထုလှုပ်ရှားမှု ဖော်ထုတ်ရမည်။

 

(ဂ)လက်နက်ကိုင်တပ်များကို နိုင်ငံရေးအသိ မြင့်မားစေရမည်။ တိုက်ခိုက်ရေး စိတ်ဓါတ်နှင့် စွမ်းရည်ကို မြှင့်တင်ပေးရမည်။တိုက်ပွဲများတွင် မိမိအတွက် အဆုံးအရူံးမရှိ၊အမြတ်ထွက်မည့် အပိုင်တိုက်ပွဲများ ကိုသာ တိုက်ရမည်။

 

(ဃ)လက်နက်ကိုင် တိုက်ပွဲကို ထိရောက်စွာ ဆင်နွှဲရန်အတွက် လယ်သမားလူထု၏ ထောက်ခံမှု ရရှိရန် လယ်သမားလူထုအတွက် မြေယာပြုပြင်ရေး လုပ်ငန်းများကို ပြုလုပ်ပေးရမည်။

 

ဤသည်တို့မှာ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်၏ သဘောထားအကျဉ်းနှင့် ထိုလမ်းစဉ်က ဆောင်ရွက်မည်ဟု ရည်ညွှန်းထားသော လုပ်ငန်းများ အတိုချုပ်ပင် ဖြစ်လေသည်။

 

၅၅ ခုနှစ် ဗဟိုကော်မတီ အစည်းအဝေးက ချမှတ်ခဲ့သော ဤပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လမ်းစဉ်၏ သဘောထား အကျဉ်းနှင့် ထိုလမ်းစဉ်က ဆောင်ရွက်မည်ဟု ရည်ညွှန်းထားသော လုပ်ငန်းများ အတိုချုပ်ပင် ဖြစ်လေသည်။

 

၅၅ ခုနှစ် ဗဟိုကော်မတီ အစည်းအဝေးက ချမှတ်ခဲ့သော ဤပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လမ်းစဉ်သည် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရခြင်းကြောင့် ဘေးဒုက္ခအမျိုးစုံကို ကြုံတွေ့ခံစားခဲ့ရ၊ ခံစားနေရဆဲ ဖြစ်သော ပြည်သူလူထုကြီး တရပ်လုံး၏ ပြည်တွင်းစစ်ရပ်စဲလိုသော ဆန္ဒကို ဖော်ပြထားခြင်းနှင့် ပါတီတွင်း လက်နက်ကိုင် တပ်များအတွင်း ကျူးလွန်ခဲ့သော အမှားအမျိုးစုံကြောင့် အကျပ်အတည်းပေါင်းစုံ ဆိုက်ကာ ဤအကျပ်အတည်းများမှ ထွက်ရာလမ်းကို လိုလားနေကြသော ပါတီဝင်များနှင့် လက်နက်ကိုင် တပ်သားများ၏ လက်နက်ကိုင်တိုက်ပွဲကို ရပ်စဲပြီး ဥပေဒတွင်း ၀င်ရောက်လိုသောဆန္ဒကို ကိုယ်စားပြုထားသဖြင့် ဤလမ်းစဉ်သည် ယေဘုယျအားဖြင့် မှန်ကန်လေသည်။

 

ထို့ကြောင့် ပြည်သူလူထုအတွင်း ကွန်မြူနစ်ပါတီက ပြည်တွင်းစစ်ရပ်စဲရေး လမ်းစဉ်အရ ငါတို့ မဖြေရှင်းနိုင်ဘဲ ကြုံတွေ့နေရသော အကျပ်အတည်း အမျိုးမျိုးမှ လွတ်မြောက်တော့မည်၊ ဥပဒေတွင်းသို့ ရောက်ရှိတော့မည် ဟူသော ထင်မြင်မှုများပေါ်လာစေ၏။

 

ထို့ကြောင့်ပင် ဤလမ်းစဉ်အား အောက်ခြေသို့ ချပြရှင်းလင်းရာတွင် အလယ်အလတ် ခေါင်းဆောင်ပိုင်း အချို့က လက်ဝဲအမြင်များဖြင့် ခုခံမှု၊ လက်မခံမှုများ အတော်အတန် ရှိခဲ့သော်လည်း အောက်ခြေရဲဘော် အများစုကြီးမှာ အလွယ်တကူပင် လက်ခံခဲ့ကြလေသည်။ ထို့ကြောင့်ပင် လွန်ခဲ့သော အမှားများနှင့် ဆုံးရူံးမှုများကြောင့် ကျဆင်းခဲ့သော ဗဟိုကော်မတီ၏ ခေါင်းဆောင်မှုမှာ အနည်းငယ် ပြန်လည်ရရှိလာခဲ့၏။

 

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts