လူများ၊ ရုပ်ပုံလွှာများ သန်းဝင်းလှိုင်

သမိုင်းတကွေ့မှ သခင်တင်မြ – အပိုင်း (၂)

သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄

 

သခင်တင်မြသည် မကြာမီအတွင်း အလံနီကွန်မြူနစ်ပါတီတွင် ပေါလစ်ဗြူရိုခေါ် နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ အလံနီ ကွန်မြူနစ်ပါတီ၏ တရားဝင်အမည်မှာ ကွန်မြူနစ်ပါတီ (ဗမာပြည်) ဖြစ်သည်။ လူထုတိုက်ပွဲများတွင် “သေရဲတာ အလံနီ၊ တိုက်ရဲတာ အလံနီ” ဟူ၍ ကြွေးကြော်ခဲ့သောကြောင့် သတင်းစာ ဆရာများက အလံနီ ကွန်မြူနစ်ပါတီ ဟု စတင်သုံးနှုန်းရာမှ တွင်သွားခဲ့ခြင်း ဖြစ်သည်။

သခင်တင်မြသည် သခင်စိုးနှင့်အတူ ပါဝင်လှုပ်ရှားရင်း အလံနီကွန်မြူနစ်ပါတီတွင် ဒုတိယခေါင်းဆောင် သဖွယ် ဖြစ်လာသည်။ အမှန်စင်စစ် ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲခြင်းသည် လက်ဝဲအင်အားစုအတွင်း အင်အားချိနဲ့စေသည်။ထိခိုက်စေသည်။ ဖဆပလ အတွင်းတွင်လည်း ဤအကွဲဒဏ်ချက် သက်ရောက်ခဲ့ သည်။  ကွန်မြူနစ်ပါတီအကွဲကို တားဆီးရန်အတွက်  လက်ဝဲညီညွတ်ရေးဖြင့် ကုစားရန် ဗိုလ်ချုပ်အောင်ဆန်းသည် လက်ဝဲညီညွတ်ရေး အစည်းအဝေးကို နှစ်ကြိမ်တိုင်တိုင် ခေါ်ယူကျင်းပခဲ့သည်။ ပထမအကြိမ် အစည်းအဝေးကို ဧပြီလတွင် တာဝါလိန်းလမ်း (ယခုဗိုလ်ချုပ်ပြတိုက်လမ်းရှိ) ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၌ကျင်းပခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် ဦးဆောင်၍ ကွန်မြူနစ်ပါတီနှစ်ဖွဲ့မှ ကိုယ်စားလှယ် နှစ်ဦးစီ၊ ဆိုရှယ်လစ်ပါတီမှ နှစ်ဦးစီ၊ အာရှလူငယ်အစည်းအရုံးနှင့်ပြည်သူ့ရဲဘော်မှ နှစ်ဦးစီနှင့် လူထုလူတန်းစား အဖွဲ့များမှ နှစ်ဦးစီ ဖိတ်ကြား ကာဆွေးနွေးစေခဲ့သည်။ ဒုတိယအကြိမ် အစည်းအဝေးမှာ မေလထဲတွင် ဖြစ်ပြီး ဘောင်ဒရီလမ်း (ယခု ဓမ္မစေတီလမ်း ) ရှိ သခင်မြနေအိမ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သခင်စိုးက တော်လှန်ရေးတွင် မပါခဲ့သော ဦးဘဂျမ်း (ပုဂံ) လို ပုဂ္ဂိုလ်မျိုး ပါဝင်နေသဖြင့် လက်ဝဲညီညွတ်ရေး မဖြစ်နိုင်ဟု ဗမာ့ခေတ် သတင်းစာတွင် ဖော်ထုတ်ဖွင့်ချသဖြင့် ပြဿနာပေါ်လာကာ လက်ဝဲညီညွတ်ရေးအတွက် ဗိုလ်ချုပ်၏ ကြိုးပမ်းမှုမှာ ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရလေသည်။
အလံနီကွန်မြူနစ်ပါတီဟူ၍ ထူထောင်စဉ်က ဌာနချုပ်ကို စမ်းချောင်း မင်္ဂလာလမ်းရှိ သခင်သန်း (တောခိုကွယ်လွန်) အိမ်အမှတ် ၁၁ တွင် ဆိုင်းဘုတ်တင်ခဲ့သည်။ သခင်စိုးက အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ကာ၊ နိုင်ငံရေးဦးဆောင်အဖွဲ့တွင် သခင်စိုး၊ သခင်တင်မြ၊ ဒေါ်စောမြ (မဆလခေတ် အလုပ်သမားဌာန အထူးအရာရှိ) တို့ ပါဝင်ပြီး ဗဟိုကော်မတီတွင် သခင်စိုး၊ သခင်တင်မြ၊ ဒေါ်စောမြ၊ ကိုထွန်းရင် (ကွယ်လွန်) ကိုထွန်းစိန်၊ (ရေနံမြေ)၊ ကိုထွန်းသန်း၊ ကိုသက်တင် (နောင်ပီကင်းပြန်) ၊ကိုထွန်းလှတို့ ဖြစ်ကြသည်။ အလံနီ ကွန်မြူနစ်ပါတီသည် ရန်ကုန်မြို့တွင် အိမ်ဌားများအတွက် ဆလာမီ မပေးရေး တိုက်ပွဲ၊ မြေလွတ်များ၌ အိမ်အတင်းဝင်ဆောက်သောတိုက်ပွဲ၊ အဖမ်းခံရသူများ လွတ်မြောက်ရေးအတွက် ရုံးဝိုင်း၊ ဂတ်ဝိုင်းသည့် လူထုတိုက်ပွဲ၊ တောနယ်များတွင် အငတ်ပြဿနာများကို အကြောင်းပြု၍ သီးစားခ မပေးရေးတိုက်ပွဲနှင့် လူထုအားဖြင့် ဆန်များအား ဝင်လုယူသည့် တိုက်ပွဲများကို ဆင်နွှဲခဲ့သည်။ ၁၉၄၆ ဇူလိုင်လ ၁၁ ရက်နေ့တွင် ယာယီဘုရင်ခံဆာဟင်နရီနိုက်စ်က အလံနီကို မတရားအသင်း ကြေညာခဲ့လေသည်။ အလံနီကွန်မြူနစ်ပါတီကို မတရားအသင်း ကြေညာသောအခါ သခင်တင်မြသည် အထက်ဗမာပြည် မုံရွာ၊ ပခုက္ကူဘက်တွင် နယ်စည်းရုံးရေး ဆင်းနေ၍ အဖမ်းခံရမည့်ဘေးမှ သီသီကလေး လွတ်မြောက်သွားခဲ့သည်။
ထိုစဉ်အတွင်း သခင်စိုးသည် ဒလဘက်တွင် အလုပ်သမားသပိတ်တစ်ခုကို သွားရောက်စည်းရုံးနေစဉ် အဖမ်းခံရပြီး သံလျင်အချုပ်ခန်းတွင် ချုပ်နှောင်ခံခဲ့ရသည်။ ၁၉၄၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ပေါ်ရှိ ရပ်ကွက်များတွင် အသင်းအဖွဲ့ပေါင်းစုံက ဦးစီး၍ ပြည်သူ့လွတ်လပ်ရေး အုပ်ချုပ်မှု ကန့်ကွက်ပွဲများ ကျင်းပပြီး ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။ ၁၉၄၆ စက်တင်ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ ပုလိပ်အဖွဲ့ဝင်အင်အား ၃ဝဝဝ ကျော်ခန့်က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ရာဟုထောင့် သံတန်ဆောင်းကြီး၌ အထူးအစည်းအဝေးကျင်းပကာ စတင်သပိတ်မှောက်ခဲ့ကြသည်။ တဖန် ၁၉၄၆ စက်တင်ဘာလ၁၅ရက်နေ့တွင် မြန်မာနိုင်ငံစာပို့နှင့်ကြေးနန်းဆက်သွယ်ရေးဌာန ကပါသပိတ်မှောက်ခဲ့ ပြန် သည်။ ဤသို့ဖြင့် စက်တင်ဘာလ ၂၃ တွင် အစိုးအမှုထမ်းပေါင်းစုံ သပိတ်မှောက်ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင်ပြည်လုံးကြွတ်အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။နောက်ဆုံးတွင် ဗြိတိသျှ အစိုးရသည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ၏ တောင်းဆိုချက်ကို လိုက်လျောကာ ဗိုလ်ချုပ်အောင်ဆန်း ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်သော မြန်မာနိုင်ငံ ဘုရင်ခံအမှုဆောင်ကောင်စီကို ဖွဲ့စည်းပေးခဲ့ရသည်။
၁၉၄၆ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဘုရင်ခံ အမှုဆောင်ကောင်စီက အလံနီကွန်မြူနစ်ပါတီကို မတရားအသင်းအဖြစ် ကြေညာထားမှုကို ရုတ်သိမ်း၍ သခင်စိုးကို ပြန်လွှတ်ပေးခဲ့သည်။
အလံနီကွန်မြူနစ်ပါတီ၏ အာဘော်ဖြစ်သော “အာဏာသစ်” ဂျာနယ်ကို အပတ်စဉ် ထုတ်ဝေရာ သခင်တင်မြသည် ထိုဂျာနယ်တွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ရသည်။ ဆောင်းပါးနှင့် ခေါင်းကြီးပိုင်းကို သခင်စိုးကပင် ရေးသားခဲ့သည်။
၁၉၄၇ ဇန်န၀ါရီလ ၄ ရက်နေ့တွင် သခင်စိုးအလံနီကွန်မြူနစ်ပါတီက ဦးဆောင်၍ တွံတေး၊ ကွမ်းခြံကုန်း၊ ဓနုဖြူ၊ ညောင်တုန်းမှလယ်သမားကိုစည်းရုံး၍ အတွင်းဝန်များရုံး (နောင်ဝန်ကြီးများရုံး) ကို ဝိုင်း၍ ဆန္ဒပြခဲ့မှုကြောင့် ဇန်နဝါရီ ၂၃ တွင် ဘုရင်ခံ၏အမှုဆောင်ကောင်စီက ကွန်မြူနစ်ပါတီ (ဗမာပြည်) နှင့် တောင်သူလယ်သမားသမဂ္ဂအား မတရားအသင်းအဖြစ် ကြေညာခဲ့လေသည်။ မတရားအသင်း ကြေညာစဉ်က သခင်စိုးနှင့် သခင်တင်မြတို့သည် ရွှေတိဂုံဘုရား အလယ်ပစ္စယံဘုန်းကြီးကျောင်းများနှင့် ဇရပ်များတွင် စခန်းချနေသော လယ်သမားထုနှင့်အတူ ရှိနေခဲ့ကြသည်။ သို့သော် သခင်စိုးနှင့် သခင်တင်မြတို့သည် ပုလိပ်၊စုံထောက်များ ဝိုင်းရံထားသည့်ကြားမှ ပုန်းရှောင်ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ထို့နောက် သခင်တင်မြအား သခင်စိုးက အထက်ဗမာပြည်အလံနီကွန်မြူနစ်ပါတီ၏ မြေအောက် ဌာနခွဲတွင် သွားရောက်စည်းရုံး စေရာ၊ ၁၉၄၇ သြဂုတ်လ ၁၉ ရက်နေ့တွင် အဖမ်းခံရပြီး မန္တလေးထောင်သို့ ရောက်ရှိသွားသည်။
မန္တလေးထောင်ထဲတွင် သခင်တင်မြသည် သခင်မြသန်း၊ ကိုလှမင်း (ရှမ်းပြည်)တို့နှင့် စုမိပြီး အလံနီကွန်မြူနစ်ပါတီ၏ နိုင်ငံရေးလမ်းစဉ်များကို ပြန်လည်သုံးသပ်ကြသည်။
(၁) ကွန်မြူနစ်ပါတီကို ဂိုဏ်ခွဲထောင်ခဲ့ခြင်းသည် မှားယွင်းခဲ့သည်။
(၂) အလံနီသည် အလုပ်သမား၊ လယ်သမား သမဂ္ဂများ ခွဲထောင်ခြင်းမှာ မှားယွင်းသည်။
(၃) ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ အား ဆန့်ကျင်တိုက်ခိုက်ခြင်းသည်လည်း မှားယွင်းခဲ့သည်။
(၄) ဗိုလ်ချုပ်တို့ကို လုပ်ကြံသတ်ဖြတ်သူမှာ ဂဠုန်ဦးစောတို့ ဖြစ်ပါလျက် သခင်စိုးက ဆိုရှယ်လစ်များ၏ လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်သည်ဟူ၍ စွတ်စွဲချက်မှာ အထူးပင် မှားယွင်းလှသည် စသည်ဖြင့် ဝေဖန်ရေးသား၍ ထောင်တွင်းမှ လူကြုံဖြင့် သခင်စိုးထံ ပေးပို့ခဲ့သည်။
ထောင်ပြင်ရှိ သခင်စိုးက၄င်းတို့ သုံးဦးကို အလံနီပါတီမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။ သခင်တင်မြတို့ကလည်း အလံနီပါတီမှ နုတ်ထွတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
၁၉၄၈ ခုနှစ် ဇွန်လလောက်တွင် သခင်တင်မြတို့ အုပ်စုအား မန္တလေးထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့ရာ သာယာဝတီထောင် ထောင်ဗူးဝ၌ ထောင်အရာရှိများ၊ ဝါဒါများက နံပါတ်တုတ်များဖြင့် ရိုက်နှက်ခဲ့သောကြောင့် သခင်တင်မြသည် ခေါင်း ၃ ချက်ကွဲကာ ကျောကုန်းတွင်လည်း ဒဏ်ရာများ ရရှိသွားသည်။သာယာဝတီထောင်ထဲတွင် သခင်တင်မြသည် ဗကပ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်နှင့်အတူ နေထိုင်ရသည်။နောက်အိပ်ထောင်ပြောင်းပြီးဗကပဗဟိုကော်မတီဝင်ရဲဘော်များ၊မူဂျာဂျီ၊သခင်လှကွန်း တို့နှင့် အတူ နေရသည်။
၁၉၄၉ ဇန်န၀ါရီလတွင် သခင်တင်မြသည် ဥက္ကဌ သခင်သန်းထွန်း ခေါင်းဆောင်သော ဗမာပြည် ကွန်မြူနစ်ပါတီသို့ မိမိအား ပါတီဝင် အဖြစ် လက်ခံရန် လျှောက်ထားခဲ့သည်။ သခင်သန်းထွန်းသည် ၁၉၄၇ ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ (အလံဖြူ) ၏ အရေးပေါ်ကွန်ဂရက်၌ ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ဖြစ်သည်။
၁၉၄၉ မေလ ပထမပတ်တွင် တောခိုတပ်ရင်း(၁) နှင့်သာယာဝတီမြို့စောင့် ယူအမ်ပီတပ်တို့ ဆက်သွယ်ပူးပေါင်း၍ သာယာဝတီမြို့ကို သိမ်းပိုက်လိုက်ကာ သာယာဝတီထောင်ကို ဖွင့်လိုက်ရာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်သွားခဲ့သည်။ သာယာဝတီထောင်မှ လွတ်မြောက်ပြီးနောက် သခင်တင်မြသည် ရဲဘော်မြတို့နှင့်အတူ ပဲခူးနယ် ဗကပ၏ တောခိုစခန်းသို့ လိုက်ပါသွားခဲ့သည်။ ထိုစဉ်က ဗကပ အောက်ဗမာပြည်ဌာနခွဲ၏ ခေါင်းဆောင်များမှာ သခင်ချစ်၊ သခင်ဇင် (နောင်ဗကပဥက္ကဌကျဆုံး) ၊ ကိုဘထွန်းခေါ် သခင်တင်စော၊ သခင်မြသွင်၊ ရဲဘော်မြတို့ ဖြစ်ကြသည်။ သခင်ချစ်က သခင်တင်မြအား ပဲခူးခရိုင်သို့ စေလွှတ်၍ လယ်သမားစည်းရုံးရေးတာဝန်ကို ပေးအပ်ခဲ့သည်။ တစ်ဖက်မှလည်း သခင်တင်မြသည် ၎င်းဝါသနာပါရာ လက်နက်ရုံတွင် လက်နက်ထုတ်လုပ်ရေးလုပ်ငန်း၌ ပါဝင်ကူညီခဲ့သည်။ သို့ကလို လက်နက်ရုံတွင် လက်ပစ်ဗုံး စမ်းသပ်ရင်း လက်ပစ်ဗုံးကျကွဲ၍  ခြေ၊ လက်၊ ဝမ်းဗိုက်တို့တွင် ဒဏ်ရာများ ရရှိကာ ၃ လခန့် ဆေးကုသခဲ့ရသည်။
 ၁၉၅ဝ ပြည့်နှစ် မေလ ၁၂ ရက်နေ့တွင် အစိုးရတပ်များသည် ပဲခူးခရိုင် ညောင်လေးပင်အရောက် ၃၅ မိုင် အကွာရှိ တောနက်အတွင်း၌ အောက်ဗမာပြည်ကွန်မြူနစ်ဌာနချုပ်အဖြစ် အခိုင်အခံ့ပြုလုပ်ထားသည့် ဝေါမီးရွာကို ဝင်ရောက်တိုက်ခိုက်လာသဖြင့် ဌာနချုပ်ကို တောင်ငူနယ်သို့ ရွှေ့ပြောင်းခဲ့ရာ သခင်တင်မြသည် တိုင်းစခန်းမှူးအဖြစ် တာဝန်ယူ၍ ရွှေ့ပြောင်းရာတွင် ပါဝင်ခဲ့သည်။
၁၉၅၁ ခုနှစ် ဇန်နဝါရီလတွင် ပေါက်ခေါင်းမြို့ အရှေ့ဘက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် အလံနီကွန်မြူနစ်ပါတီ ကိုယ်စားလှယ်တို့ စစ်ရပ်စဲရေးနှင့် ညီညွတ်ရေးဆွေးနွေးပွဲ ကျင်းပခဲ့ရာ သခင်တင်မြသည် သခင်သန်းမြိုင် (ဗကပနိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) ၊ ဒေါက်တာနတ် (ဗဟိုကော်မတီဝင်) တို့နှင့်အတူ ဗကပကိုယ်စားလှယ်အဖွဲ့၌ ပါဝင်ခဲ့သည်။ အလံနီကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်များမှာ ဒေါ်စောမြ၊ ကိုမြမင်းနှင့် သခင်ခင် (ပြည်) တို့ ဖြစ်သည်။
ထိုလအတွင်းမှာပင် သခင်တင်မြတို့ အဖွဲ့သည် ဗကပ ဌာနချုပ်ရှိရာ ပျဉ်းမနားသို့ရောက်ရှိခဲ့ပြီး သခင်သန်းထွန်း၊ သခင်ဗသိန်းတင်၊ သခင်ဇင်၊ သခင်ချစ်၊ သခင်တင်ထွန်း၊ သခင်သန်းမြိုင်တို့နှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံအပြီး၌ သခင်တင်မြအား ဗကပ ဗဟိုကော်မတီဝင်များက ခရိုင်ကော်မတီဝင်အဖြစ် အသိအမှတ်ပြုပြီး ဗဟိုရုံးတွင် တွဲဖက်ထားသည်။ ယင်းနောက် သခင်တင်မြသည် ဖေဖော်ဝါရီလထဲတွင် အထက်ဗမာပြည်တပ်ပေါင်းစုကွန်ဖရင့်ကို မသုံးလုံးဒေသဖြစ်သောနွားထိုးကြီးမြို့အနီး ဖိုးစောင့်တောင်ခြေ သစ်တောများတွင်ကျင်းပခဲ့ရာ ကွန်ဖရင့်သို့ သခင်သန်းထွန်း၏ဌာနချုပ် အဖွဲ့ဝင်များ အတူ တက်ရောက်ခဲ့သည်။ အဆိုပါ ကွန်ဖရင့် ကျင်းပပြီးနောက် ပုံတောင်ပုံညာစခန်းတွင် ရှိနေသော ပြည်သူ့ရဲဘော်ဌာနချုပ်သို့ စစ်ရပ်စဲရေးနှင့် ညီညွတ်ရေး ဆွေးနွေးရန်အတွက် သခင်တင်မြသည် သခင်သန်းမြိုင်၊ ဗိုလ်ရဲထွဋ် (ရဲဘော်သုံးကျိပ်) တို့နှင့်အတူ တာဝန်ပေးအပ်ခံရသည်။
ထို့နောက် ဖေဖော်ဝါရီလကုန်တွင် ပျဉ်းမနားသို့ ပြန်ရောက်သောအခါ သခင်တင်မြအား သုံးပါတီ ဆွေးနွေးပွဲအတွက် မြစ်ဝကျွန်းပေါ်ဒေသရှိ သခင်စိုးထံ သွားရောက်ဆွေးနွေး ဖိတ်ကြားပေးရန် တာဝန်ပေးအပ်ခဲ့ပြန်သည်။ သုံးပါတီညီညွတ်ရေး ဆွေးနွေးပွဲကို ပြည်သူ့ရဲဘော် ဌာနချုပ်ရှိရာ ပုံတောင် ပုံညာ ဒေသရှိ ခင်သာရွာတွင် ပြုလုပ်ခဲ့ရာ သုံးပါတီပူးပေါင်းထားသော စည်းရုံးရေး ဆပ်ကော်မတီတွင် သခင်တင်မြသည် အဖွဲ့ဝင်အဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။
၁၉၅၂ စက်တင်ဘာလတွင် ရခိုင်တိုင်း (ယခုရခိုင်ပြည်နယ်) ကွန်မြူနစ်ပါတီဌာနခွဲကို လက်အောက်ခံ တပ်များက သပိတ်မှောက်မှုများ ဖြစ်ပေါ်လာနေသဖြင့် ရခိုင်ဒေသကျွမ်းကျင်ပြီး ရခိုင်ပါတီဝင် ရဲဘော်များနှင့် ရင်းနှီးသူ သခင်တင်မြအား သခင်သန်းထွန်းက သွားရောက်ဖြေရှင်းရန် တာဝန်ပေးအပ်ခဲ့ပြန်သည်။
ဤသို့ သခင်တင်မြသည် လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီးနောက် ၁၉၅၅ ခုနှစ် ဒီဇင်ဘာလတွင် ပခုက္ကူမြို့နယ် ဆိပ်ဖြူမြို့ သက္ကယ်ကျင်းရှိ အလံနီကွန်မြူနစ်ပါတီနယ်တွင် ပြုလုပ်သော ဗကပ ဗဟိုကော်မတီ အစည်းအဝေးသို့တက်ရောက်ခဲ့သည်။ ဗဟိုကော်မတီ အစည်းအဝေးက ၅၅ လမ်းစဉ်ကို ချမှတ်ကျင့်သုံးရန် သဘောတူညီခဲ့ကြသည်။ ၅၅ လမ်းစဉ်ဟူသည်မှာ ဆိုဗီယက်ကွန်မြူနစ်ပါတီ၊ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်ရောက် သခင်ဗသိန်းတင်တို့ ပူးတွဲရေးဆွဲခဲ့သည့် လမ်းစဉ်ဖြစ်သည်။ လမ်းစဉ်၏ ရည်ရွယ်ချက်မှာ ဖဆပလ အစိုးရသည် ကြားနေရေး မူ ၅ ချက်ကို လက်ခံကျင့်သုံးနေသောကြောင့် ပြည်တွင်းရေးတွင် ဖောက်ပြန်မှု ရှိသော်လည်း ဒီမိုကရေစီအခွင့်အရေးကို အတန်အသင့် ပေးထားသည်။ ပြည်တွင်းစစ်တွင် အနိုင်တိုက်ရေး အလားအလာသာမက လက်နက်ကိုင်တိုက်ပွဲကို ရပ်စဲ၍ ဥပဒေအတွင်းဝင်ရေး အလားအလာလည်း ရှိနေသည်။ ထို့ကြောင့် အခွင့်သာပါက ဥပဒေအတွင်းဝင်၍ အတိုက်အခံပါတီအဖြစ် ရပ်တည်၍ ပြည်သူတို့အကျိုး ဆောင်ရွက်နိုင်မည်။ ဖဆပလ အစိုးရက အတိုက်အခိုက် မရပ်စဲပါက လက်နက်ကိုင် တိုက်ပွဲကို အဆုံးတိုင် ဆင်နွှဲသွားမည် ဟူ၍ ဖြစ်သည်။
အဆိုပါ ဗဟိုကော်မတီအစည်းအဝေးက သခင်တင်မြအား အရံဗဟိုကော်မတီဝင်အဖြစ်မှ တင်းပြည့်ဗဟိုကော်မတီဝင်အဖြစ် တိုးမြှင့်ပေးခဲ့သည်။ ဗဟိုကော်မတီ အစည်းအဝေးအပြီး၌ သခင်တင်မြသည် ရခိုင်ပြည်သို့ ပြန်သွားခဲ့သည်။ သခင်တင်မြသည် ရခိုင်ပြည်၌ စစ်တွေခရိုင် ပြည်သူ့ရဲဘော်အဖွဲ့နှင့် ဗကပများ လက်နက်ချခဲ့သည်။ ၁၉၅၈ မတ်လ ၂ဝ ရက်နေ့အထိ နေထိုင်ခဲ့သည်။
၁၉၅၈ ဧပြီလတွင် ဖဆပလ နှစ်ခြမ်းကွဲခဲ့ရာ ဗကပ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့နှင့် ဦးနုအစိုးရတို့ တွေ့ဆုံဆွေးနွေးရေး အစီအစဉ်တို့လည်း ပျက်သွားသောအခါ ရန်ကုန်မြေအောက် စည်းရုံးရေးတာဝန်ခံ ကိုလှမြိုင် (နောင် စာပေနှင့်စာနယ်ဇင်းအဖွဲ့ ဥက္ကဌ၊ ကိုဆောင်း) သည် တောတွင်းသို့ ပြန်သွားခဲ့ရသည်။ သခင်တင်မြအား ရခိုင်တိုင်းမှ ရန်ကုန်သို့ မြေအောက်စည်းရုံးရေးတာဝန်ယူရန် ဗကပ ဌာနချုပ်က တာဝန်ပေးအပ်ခဲ့သည်။ မြေအောက်စည်းရုံးရေးလုပ်ငန်းစဉ်တွင် သခင်တင်မြအားကူညိရန် ဗကပ ဌာနချုပ် ရုံးအဖွဲ့မှ ရဲဘော် ဘခက်ခေါ် မောင်သိန်းမြင့်၊ ပဲခူးမှ ကိုရောင်နီခေါ် ကိုတင်မောင်လေး တို့ကို ပို့ပေးခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts