သတင်းပဒေသာ ကျော်ဟုန်း
၉၉ နှစ် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနား စီးပွားရေးတက္ကသိုလ် (ရန်ကုန်) မှာ ကျင်းပ
ကျော်ဟုန်း
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၄
မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးဖြစ်သူ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ဟာ ယခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်မှာဆိုရင် (၉၉)နှစ်မြောက်ပြီဖြစ်ပါတယ်။ ဒါကြောင့် မျိုးဆက်သစ် တက္ကသိုလ်ကျောင်းသားများဖြစ်ကြတဲ့စီးပွားရေးတက္ကသိုလ်(ရန်ကုန်)မှ (တကသ)ကျောင်းသား၊ ကျောင်းသူများက နိုင်ငံရေးအနှစ်သာရရှိရှိနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့(၉၉)နှစ်မွေးနေ့ ပွဲကို (ဖေဖော်ဝါရီ၊ ၁၃၊ ၂၀၁၄)မှာ တခမ်းတနားကျင်းပခဲ့ကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ တက္ကသိုလ်ကျောင်းသားဘ၀ကပင်  နိုင်ငံလွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ရင်း အမျိုးသားခေါင်း ဆောင်ကြီး ဖြစ်လာသူပါ။ ၁၉၃၈ မှာ ကိုအောင်ဆန်းဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့တာကြောင့် တက္ကသိုလ် ကျောင်းသားလူငယ်များအဖို့  အတုယူ၊ အားကျ၊ ဂုဏ်ယူဖွယ်လဲဖြစ်ပါတယ်။
အထွေထွေအတွင်းရေးမှူးဖြစ်သူ ကိုမင်းသူကျော်ကလဲ “ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ Icon တခုကို ကျောင်းသားလူငယ်များနဲ့ နီးစပ်လာ အောင် ပြန်လည်ဖော်ထုတ်ပေးတာပါ” လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို ရွာသာကြီးမှာ တည်ရှိတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ဝန်း    ထဲမှာ သက်ဆိုင်ရာ အာဏာပိုင်များမှကျင်းပခွင့်ပေးခဲ့တာဖြစ်ကြောင်းလဲသိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၉)နှစ် မွေးနေ့ အခမ်းအနားမှာ ကျောင်းသား/ သူများမှ ကဗျာများရွတ် ဆိုဂုဏ်ပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းသားသမဂ္ဂဘ၀  သရုပ်ဖော်   များလဲ တင်ဆက်ခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဘ၀မှတ် တမ်း ဓာတ်ပုံများလဲ စုဆောင်းတင်ဆက် ပြသခဲ့ကြောင်းလဲသိရပါတယ်။ ကြွရောက်လာသူ ဆရာ၊ဆရာမများ၊ ကျောင်းသား/ သူ ပိရိသတ်များ (၉၀၀)ကျော်ခန့် တက်ရောက်လာကြောင်းသိရပြီး ပဲပြုတ်နဲ့ နံပြားဖြင့် ဧည့်ခံခဲ့ကြောင်း သိရပါတယ်။
(သတင်းဓာတ်ပုံများကို (ကိုစည်သူမောင်) မှ ပေးပို့ ပါတယ်။)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts