အတွေးအမြင် မောင်ရစ်

မိန်းမဆိုတာ … ဘာလဲ မေးခွန်းနဲ့ သူတို့အတွက် နေရာ

 

 

မိန်းမဆိုတာ … ဘာလဲ မေးခွန်းနဲ့ သူတို့အတွက် နေရာ

မောင်ရစ်၊ ဇန်န၀ါရီ ၃၊ ၂၀၁၃

 

အခု ၂၁ ရာစုမှာ ကျားတွေ မတွေရဲ့ တန်းတူဖြစ်မှု၊ အခွင့်အရေး ညီမျှမှုတွေ ရှေးတန်းရောက်လာတယ်။ ကျားတွေ မတွေမှ မဟုတ်ပါဘူး။ လူသားဆန်မှုကို မေးခွန်းထုတ်လာတာပါ။ ကျားတွေ မတွေ၊ လိင်တူ ဆက်ဆံသူတွေမှ မဟုတ်ဘူး၊ အားနည်းသူတွေ အားကြီးသူတွေ၊ တိရစ္ဆာန်တွေ၊ ရေမြေ တောတောင်တွေကို လူသားတွေက ဘယ်လို ရှုမြင်သူံးသပ်မလဲ၊ သဘောထားမလဲကို ဆွေးနွေးလာတယ်။ ပေါ်လစီ ပြောင်းလဲမှုတွေ ဖြစ်လာတယ်လို့ ပြောချင်တာပါ။

 

အဲသည်မှာ TED Talks မှာ Colin Stokes က How Movies Teach Manhood ဆိုတဲ့ ဟောပြောပွဲတခု အင်တာနက်မှာကြည့်လိုက်ရတယ်။ အဲသည်မှာ ဟောပြောသူက သူ့သားနဲ့ သမီးအပေါ်မှာ လက်ရှိဟောလိဝုဒ် ရုပ်ရှင်တွေ လွှမ်းမိုးမှုတွေနဲ့ ပုံသွင်းနေမှုကို သုံးသပ်ပြောဆိုပါတယ်။

 

သူရဲ့ စကားပြောဆိုမှုကို အဆင်ပြေသလို ရေးသွားပါ့မယ်။

 

သမီးနဲ့ အဖေ ငယ်ငယ်က အတူတူကြည့်တဲ့ ကားက Wizard of Oz ကလပ်စစ်ကားဖြစ်ပါတယ်။ ဇာတ်ကားက လမ်းပျောက်နေတဲ့ စာခြောက်ရုပ်၊ စက်ရုပ်၊ ခြင်္သေ့နဲ့ ဒေါ်ရသီဆိုတဲ့ မိန်းကလေးတို့ လမ်းရှာဖို့အတွက် စုန်းမကြီးနဲ့ တိုက်ခိုက်တာ၊ မှော်ဆရာကြီးကို အကူအညီတောင်းကြတဲ့ စွန့်စားခန်း ဇာတ်လမ်းဖြစ်ပါတယ်။ သမီးအတွက်ကတော့ အဲသည်ကားထဲက မင်းသမီးက သူ့စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်တယ်။ လွှမ်းမိုးတယ်လို့ သူက မိတ်ဆက်ပြီး ပြောပါတယ်။

 

ဒါနဲ့ နှစ်အနည်းငယ်မှာ သူ့မှာ သားလေးတယောက်ထပ်ရတယ်။ သူ့သားကတော့ စတားဝါးစ် ကြည့်ပြီး ကြီးပြင်းလာတယ်လို့ ဆိုပါတယ်။ စတားဝါးစ်မှာက သိပ္ဗံဆန်းကြယ်တွေ စစ်ပွဲတွေ၊ တိုက်ပွဲတွေ၊ ယောကျားတွေရဲ့ သူရဲကောင်းဗိုလ်လုပွဲတွေကို မက်မက်စက်စက်ကြည့်ခဲ့ကြရတယ် လို့ ဆိုပါတယ်။ အကြမ်းဖက်မှုတွေဟာ သမီးလက်ထက်က Oz ကားထဲကထက် ပိုများလာတယ်။

 

မင်းသမီးတွေက ဇာတ်လိုက်မဟုတ်တော့ပဲ မင်းသားတွေက သတ္တိရှိသူတွေ၊ တော်လှန်ရေးသမားတွေ၊ ကယ်ဆယ်ရေးသမားတွေ ဖြစ်လာတယ်။ မင်းသမီးဆိုတာက သူများလာကယ်တာကို စောင့်နေတာ၊ မင်းသားလုပ်သမျှကို နောက်ကနေ လက်ခုတ်လက်ဝါးတီးပြီး ချီးကျုး ဂုဏ်ယူတဲ့ ဇာတ်ကောင်းတွေ ဖြစ်လာတယ်။

 

နောက်တော့ အဲသည်လို ရုပ်ရှင်တွေချည်းပဲ ဟောလိဝုဒ်က ထွက်လာတယ်။ ယောကျားအဓိကဇာတ်ကားတွေဆိုတော့ မိန်းမတွေဆိုတာ ဇာတ်သိမ်းခန်းမှာ မင်းသားနဲ့ ပေါင်းဖို့စောင့်နေတာနဲ့ ပြီးသွားတာပဲ။ မင်းသမီးတွေကို ကာကွယ်ဖို့ ယောကျာ်းတွေက ရှိနေရတယ်။ သူတို့မရှိရင် မိန်းမတွေက သူများတွေရဲ့ အနိုင်ကျင့်ခံရတယ်။ အဲသည်ကြားထဲမှာ မင်းသမီးဇာတ်လိုက်ကားတွေ ပေါ်လာတယ်။ သူတို့မှာကျတော့လည်း ကျားတွေနဲ့ ဆန့်ကျင်ဖက်၊ ကိုယ့်အသက်ကို မနည်းမွေးကြရရှာတယ်။

 

မိန်းမဟီးရိုးမင်းသမီးတွေဟာ သူ့ဖာသာသူ ရုန်းကန်ရတော့တယ်။

 

ယောကျာ်းဇာတ်ကောင်တွေ လာကယ်တာကို မစောင့်ဘဲနဲ့ သူ့ကိုယ်သူ ကယ်တင်တဲ့ အဓိကဇာတ်လိုက်မ တွေ ဖြစ်လာတယ်။  ဟယ်ရီပေါ်တာထဲက ဟာမာနီ၊ ဟန်ဂါးဂိန်းက ကက်တနစ်တို့ကို ပြန်ကြည့်ပါ။ သူတို့တွေကို ဟောပြောဆရာက ဥပမာပေးပါတယ်။

နောက်တော့ ပစ်ဆာ (Pixar) က  Brave ဇာတ်ကားမှာ ဆယ်ကျော်သက်မိန်းကလေးကို မင်းသမီးတင်ရိုက်လာတယ်။ အဲသည်မင်းသမီးဇာတ်လိုက် ဇာတ်ကားတွေ အောင်မြင်ပါတယ်။ ပရိသတ်က အားပေးပါတယ်။ မင်းသားချောချော၊ ဗလကောင်းကောင်တွေ မပါပေမယ့်လည်း မိန်းမတွေရဲ့ ရုန်းကန်မှုကို ကျေနပ်ကြပါတယ် တဲ့။

 

 အဲဒီကားတွေကလွဲရင် ကျန်တဲ့ ဟောလိဝုဒ်ရုပ်ရှင်တွေဟာ (Bechdel Test) ဆိုတဲ့ “မိန်းမတွေကို နေရာပေးသလား” ဆိုတဲ့ စစ်ဆေးမှုမှာ ဘယ်သူမှမအောင်ကြဘူး။ အဲသည်စာမေးပွဲက ဘာလဲဆိုတော့ …

 

“ရုပ်ရှင်ထဲမှာ မိန်းမ ၂ ယောက် အနည်းဆုံးပါသလား”။

“သူတို့ကို နာမည်ပေးထားသလား၊ နာမည်တွေ ရှိသလား”။ ပြီးတော့

“သူတို့တွေ အချင်းချင်း စကားပြောသလား။ စကားပြောတဲ့နေရာမှာ ဇာတ်ကားထဲက မင်းသားအကြောင်းအပြင် အခြားအကြောင်းအရာတွေကော ပြောဆိုကြရဲ့လား”။

 

ဒီမေးခွန်းတွေနဲ့ စစ်ပြီးတော့ ရုပ်ရှင်ကားတွေကို ဇကာတိုက်ကြလေ့ရှိပါတယ်။

 

ရုပ်ရှင်ကားတော်တော်များများက အဲသည်မိန်းမစာမေးပွဲ (Bechdel Test) မအောင်ဘူး။ ဥပမာက Argo ကားကို ကြည့်ပါ။ အီရန်က အမေရိကန်ဓားစာခံတွေကို ကယ်တင်တာ။ ကျားရော မရော ဇာတ်ကောင်တွေ အများကြီးပါတယ်။ သူတို့မှာ ဇာတ်ကားနောက်ခံအတွက် ပြောစရာတွေ သရုပ်ဖော်စရာတွေ အများကြီးပဲ။ ဒါပေမယ့် မိန်းမတွေရဲ့ အခမ်းကဏ္ဍက “ယောကျားရေ … ကျမကို မထားခဲ့နဲ့နော် …” လို့ ပြောတာပဲ ပါတယ်။ အဲသည်တော့ ဇာတ်ကားက အော်စကာပဲ ရရ၊ ၀င်ငွေစံချိန်ပဲ ချိုးချိုး၊ မိန်းမစာမေးပွဲ မအောင်ဘူး။

 

မြန်မာကားတွေဆိုရင်ကော … Dechdel Test အောင်မလား။ မအောင်ဘူး ပြောရမယ်။ ရုပ်ရှင်ထဲမှာ မိန်းမ ၂ ယောက်ပါမယ်။ နံမယ်တွေကတော့ မင်းသမီးကလွဲရင် ကျန်တဲ့ ဇာတ်ရံမိန်းမတွေက လူပြက်တွေလိုပဲ “ကောင်မရေ” “ကောင်မရေ” နဲ့ ပြီးတာပဲလေ။ သူတို့အချင်းချင်းပြောကြရင် မင်းသားအကြောင်းကို “ပို့”ပြီး မင်းသမီးနားမှာ ပလီပလာပြောနေကြတာနဲ့ အချိန်ကုန်ကြတယ် မဟုတ်ဘူးလား။ မိန်းမတွေကို နေရာပေးတဲ့ ဇာတ်မဟုတ်ဘူးပေါ့။ ယောကျာ်းလေး ဇာတ်လိုက်ကို ပို့တဲ့ ဇာတ်ကားတွေများပါတယ်။

 

အဲသည် ဇာတ်ကားတွေ၊ တီဗီဇာတ်ကားတွေနဲ့ ကြီးလာတဲ့ အမေရိကန်မှာ အခု “မိန်းမ … မိန်းမအရေး …” ပြောနေသော်လည်း မိန်းမ ၅ ယောက်မှာ ၁ ယောက်က လိင်ပိုင်းဆိုင်ရာ အစော်ကားခံနေရတယ်။ ဘာကြောင့်လဲ အမေရိကန်ကားတွေရဲ့အနှစ်က (ကျားတွေက မတွေကို ကယ်တင်ရတယ်)။ ပြီးရင် (အဲသည် မ ကို သိမ်းပိုက်လိုက်တယ်)။ မ ကို “ဆု”အဖြစ် ရတယ်။ ဒါတွေပဲ အဓိကဖြစ်နေတယ်။ ဇာတ်ကားတွေမှာ မိန်းမတွေဟာ မိတ်ဆွေမရှိဘူး၊ ပတ်ဝန်းကျင်မရှိဘူး။ သူ့ယောကျာ်းအကြောင်းကလွဲရင် တခြားစကား မပြောတတ်ဘူး။ ဒါဟာ အမေရိကန်ဟောလိဝု် ပင်မရေစီးဖြစ်တယ်။ တကမ္ဘာလုံးကို ဟောလိဝုဒ်ကားတွေက လွှမ်းမိုးထားတယ်။ (သည်တော့ မြန်မာပြည်မှာလည်း “ကိုကိုရေ ကိုကိုရေ အချစ်ဆုံးကိုကိုရေ” လို့ ကုန်းအော်နေတာ မဆန်းဘူးပေါ့)

 

ဒီတော့ မိန်းမဇာတ်ဆောင်တွေ၊ အခန်းကဏ္ဍတွေ တင်ဆက် ပြသမှုတွေ ထွန်းကားလာဖို့  အရေးကြီးတယ်။ ဂျပန်က Spirited Away ဒစ္စနီက ရပ္ဗန်ဇယ်၊ ပစ်ဇာက Brave မင်းသမီးတို့လိုမျိုး “မ” ဇာတ်ကောင်တွေဟာ၊ အခြား ကျားတွေ အင်အားကောင်းတဲ့ ဇာတ်ကောင်တွေနဲ့ အပြိုင်ပေါ်ဖို့လိုတယ်။ ပရိသတ်က ပြောင်းလဲ တောင်းဆိုရမယ်။ အားပေးရမယ်။

 

ဘာကြောင့် ဟောပြောသူက တောင်းဆိုသလဲဆိုတော့ … ကျားတွေရဲ့ အပြင်လောကမှာ လက်တွေ့အခန်းကဏ္ဍက ပြောင်းလဲနေပြီ။ ကျားတွေဟာ မတွေထက် လစာနည်းလာတယ်။ နောက်လိုက်တွေ ဖြစ်လာတယ်။ ကလေးထိန်းတယ်။ ကျောင်းဆရာတွေ လုပ်လာတယ်။ နိုင်ငံခေါင်းဆောင်တွေမှာ “မ” တွေက နေရာတွေ ရလာတယ်။ လက်တွေ့မှာ ခေတ်က ပြောင်းနေပြီ။

 

မဟာဖိုဝါဒကြီးကို အသေဆုပ်ကိုင်နေလို့ မဖြစ်ဘူး။ ကိုယ့်သားတွေကို အရင်တုန်းကလို မိန်းမတွေ ရှေ့ကနေ ရှာဖွေဖို့၊ လုပ်ကျွေးဖို့၊ ဆရာလုပ်ဖို့၊ သူရဲကောင်းချည်းပဲ လုပ်ပြနေရာကနေ ပြောင်းလဲဖို့ သဟဇာတဘ၀တခု ဆောက်ပြဖို့ သင်ကြားရမယ်လို့ မှတ်ချက်ပေးပါတယ်။

 

အဲသည်လိုမျိုး ခေတ်ပြောင်းနေမှုကို အသိအမှတ်ပြုဖို့ ၊ အလေ့အကျင့် လုပ်ဖို့ အတွက်ကတော့ … ကျားနဲ မ ကြားမှာ ယုံကြည်မှု၊ လေးစားမှုကို ထူထောင်ကြရမယ်။ မိန်းမတွေအပေါ် စော်ကားသူတွေကို အတူတူရင်ဆိုင်ပြီး စိန်ခေါ်ကြဖို့ ရပ်တည်ကြဖို့ လုပ်ကြရမယ်။ မိဘတွေက ခုနင်က Bechdel  စာမေးပွဲအောင်တဲ့ ဇာတ်ကားတွေ များများပြကြရမယ်။ မိန်းမအဓိက၊ ယောကျာ်းအဓိကဆိုပြီး လိင်ခွဲခြားတဲ့တဖက်စွန်းဆီ သွားတဲ့ ဇာတ်ကောင်တွေကနေ ကျားမ မခွဲခြားဘဲ အတူတူ team work နဲ့ ရင်ဆိုင် ဖြတ်သန်း ဖြေရှင်းတဲ့ ဇာတ်ကားတွေ၊ ဇာတ်ဆောင်တွေကို သားတို့ သမီးတို့ အားကျအောင် မိဘတွေက တိုက်တွန်းရမယ်။

 

ဟောပြောသူက သူ့နိဂုံးမှာ ဘာပြောလိုက်သလဲဆိုတော့ … သမီးကို စတားဝါးထဲက ဘယ်မင်းသားကို ကြိုက်သလဲလို့ မေးခဲ့တယ်တဲ့။ သမီးက ဇာတ်ကောင်တွေထဲက ကျားမ မခွဲခြားဘဲ ကာကွယ်သူတွေ၊ မျှဝေသင်ကြားသူတွေကို ရွေးတယ်။ အဲသည်ဇာတ်ကောင်တွေဟာ လက်ရှိ လောကထဲက ခေါင်းဆောင်ကောင်းတွေကို ထင်ဟတ်တာ ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။ ခေါင်းဆောင်တွေကို ရွေးတယ်ဆိုတာ ကောင်းတဲ့ အချက်ပါပဲ။ သားကိုတော့ တယောက်တည်း လောကကြီးထဲထွက်ပြီး လူစွမ်းကောင်းမလုပ်စေချင်ပါဘူး။ အဖွဲ့အသင်းနဲ့ ထွက်ပြီး စွန့်စားသူ ဖြစ်စေချင်တယ်။ ဖြစ်နိုင်ရင် သူတို့ အသင်းအဖွဲ့မှာ မိန်းမက ဦးဆောင်သူ ဖြစ်ချင် ဖြစ်မယ်။ ဒါကိုလည်း အဖေတဦးအနေနဲ့ အားပေးမှာ ဖြစ်ပါတယ်လို့ ပြောပြီး နိဂုံးချုပ်လိုက်ပါတယ်။

 

သူ့ဟောပြောချက် မူရင်းကို သည်မှာ နားထောင်နိုင်ပါတယ်။

 

           

ယခုစာရေးနေသူအနေနဲ့ မိမိကိုယ်ပိုင် နိဂုံးချုပ်ကို ရေးရမယ်ဆိုရင်တော့ အခု အမေရိကန်မှာ ပြနေတဲ့ တီဗီစီးရီး (CBS’s Elementary) ဆိုတာ မူရင်း ရှားလော့ဟုမ်းနဲ့ ၀ပ်ဆင် (ဦးစံရှားနဲ့ ဦးသိန်းမောင်) ဇာတ်လမ်းတွေကို ခေတ်ပြောင်းပြီး ပြန်ရိုက်တာပါ။ သို့သော် ရှားလော့ဟုမ်းရဲ့ ဇာတ်ပို့ ဒေါက်တာဝပ်ဆင်ကို တီဗီသမားတွေက အာရှသူ ဆရာဝန်ဟောင်း မိန်းမတဦးအဖြစ် အသွင်ပြောင်းလိုက်ပါတယ်။ (ဦးသိန်းမောင် မဟုတ်တော့ဘဲ ခင်သိန်းမောင် ဖြစ်သွားတာပေါ့)  အဲသည်အတွက် ရှားလော့ဟုမ်းပရိသတ်တွေက ဒေါသပုန်ထကြသော်လည်း အရင်ခေတ်က ယောကျာ်း ၂ဦး စုံထောက်ဇာတ်လမ်းကနေ ကျား၊မ စုံထောက် ၂ဦး ဇာတ်လမ်းက တီဗီစီးရီးကို ထူးခြားဆန်းသစ် ပြောင်းလဲလိုက်ပါတယ်။

 

ရှားလော့ဟုမ်း လုပ်သမျှ ရင်သတ်ရှုမောပြီး နောက်ကနေ ခေါင်းတညိတ်ညိတ် ဇာတ်ပို့နေရသူ ဒေါက်တာဝပ်ဆင်ကနေ ကျားနဲ့ အပြိုင် ပညာတတ်၊ အတွေ့အကြုံချင်း မတူတဲ့၊ အချင်းချင်းလည်း အီစီကလီမလုပ်တဲ့ တရုတ်မဆရာဝန်ဇာတ်ကောင်ဟာ ရှားလော့ဟုမ်းဇာတ်လမ်းကို တခေတ်ဆန်းစေတယ်လို့ ပြောချင်ပါတယ်။ ဒါမျိုး လုပ်တာ ငါတို့က မကြိုက်ပေါင်ဆိုရင်တော့ စာဖတ်သူမှာလည်း မဟာဖိုဖြစ်ချင်ဖြစ်၊ ပါရမီဖြည့်ဖက်“မ”ပဲ လုပ်ချင်တယ်ဆိုသူတွေ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။

 

            အင်း … တချို့တိုင်းပြည်တွေမှာ၊ တချို့ဇာတ်လမ်းတွေမှာ မိန်းမက သူရဲကောင်းတွေ ခေါင်းဆောင်တွေ ဖြစ်နေပြန်တော့လည်း ကျားတွေကိုယ်တိုင်က မင်းသမီးလာကယ်တဲ့အချိန်ကို လည်တဆန့်ဆန့်နဲ့ မျှော်နေတဲ့ ဇာတ်သိမ်းများ ဖြစ်နေသလားလို့ စဉ်းစားမိပါရဲ့။ ဒါဆိုလည်း မနိပ်သေးဘူးပေါ့။ ရာစုသစ်မှာ ကျနော်တို့က Team Work နဲ့ အတူတူ ရုန်းကြမှ တော်ကာကြမယ် မဟုတ်လား။

 

(အတွေးအမြင်မဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၂၀၁၄ ထုတ်က ပြန်လည် ကူးယူဖော်ပြသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “မိန်းမဆိုတာ … ဘာလဲ မေးခွန်းနဲ့ သူတို့အတွက် နေရာ
  1. saya . movies are movies and real life is more complicated. There are bills to pay, chores to take care of, homework to help with, vacations, family gatherings, etc etc. I have seen many of my patients stay with their spouses or boyfriends even if they are not nice to them due to financial reasons or dependency issues even in this country. I am sure it s worse back home b/c they are brain washed to not get a divorce.
    I think it is more imp for women to be educated and well read. i think they should be taught skills so they can make a living and not depend on anyone.
    As far as i can tell from my patients, america is becoming lazier and they all want to go on disability and not work. There are people who work very hard despite issues such as back pain and there are people who ll never want to work no matter what.
    women have many job descriptions and it is more complicated than movies.

  2. တိုင်းပြည်ထူထောင်ရေးဆောင်ရွက်ရာမှာ အမျိုးသမီးအခန်းကဏ္ဍက ၅၀ရာနှုန်းထက်မနဲပါဝင်ဖို့မဖြစ်မနေလိုအပ်ပါတယ် ဒါဟာ ဒီချုပ်တိုင်းစည်းကွယ်လွန်ရဲ့ ဆန္ဒလဲဖြစ်ပါတယ် တိုင်းပြည်လိုအပ်ချက်လဲဖြစ်ပါတယ် အမျိုးသမီးထုရဲ့ပါဝင်နှုံးမြင့်မားရေးဟာ ယနေ့နိုင်ငံရေးတောင်းဆိုချက်တစ်ခုလဲဖြစ်ပါတယ်။ မဖျက်ဆီးပါနဲ့ သုမေတ္တာနဲ့ ပြုင်ပေးရမယ့်အချိန်ဖြစ်ပါတယ်။ အမျိုးသားထုဘယ်လောက်အမြင်ကျယ် သဘောထားကြီး ခွင့်လွှတ်နိုင်စွမ်းအားကြီးတယ်ဆိုတာ သက်သေပြုရမယ့်အချိန်ကိုရောက်နေပါပြီ လောက၀တ်လဲရှိစေ ဓမ္မ၀တ်လဲ ပြည့်စုံပါစေ။

Comments are closed.