Op-Ed ဒေါက်တာဓမ္မပီယ ရေခြားမြေခြား မြန်မာများ

အာဆီယံ နှစ်နှစ်နိုင်ငံအရေးမို့ အာဆီယံဥက္ကဋ္ဌကြီး ပါဝင်ကူညီပေးစေချင်

အာဆီယံ နှစ်နှစ်နိုင်ငံအရေးမို့ အာဆီယံဥက္ကဋ္ဌကြီး ပါဝင်ကူညီပေးစေချင်

ဒေါက်တာဓမ္မပိယ (ITBMU)  ၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄

            ရှုပ်ထွေးလှတဲ့ လူ့ဘောင်လူ့လောက။ ဒီရှုပ်ထွေးလှတဲ့ လူ့ဘောင်လူ့လောကကြီးထဲမှာ လောက လူသားများဖြစ်ကြတဲ့ ရဟန်းတော်များဟာ လောကသားတို့ရဲ့ ပြဿနာအဖုံဖုံကြားဝယ် မပါဝင်သင့်ဘဲပါဝင် နေကြရခြင်း၊ ပါဝင်သင့်လို့ ပါဝင်နေကြရခြင်းဆိုတဲ့ ဒီ“ခြင်း↔နှစ်ခြင်းကြားမှာ အနေခက်၊ အဖြေခက်ဘ၀မျိုးနှင့် နေကြရတယ်ဆိုတာကို ကြားသိရတော့ ရဟန်းတော်များအား စာနာမိပါရဲ့။ ဒီအကြောင်းတွေကို သဲသဲကွဲကွဲ မသိကြလေတော့ လူတွေက ရဟန်းတော်များအပေါ်မှာ မလိုတစ်မျိုး၊ လိုတစ်မျိုး အဖြစ်မျိုးတွေနဲ့ မြင်နေကြ တယ်ဆိုတာကိုလဲ ကြားမိပါရဲ့။ ဒါပေမဲ့ အမျိုးသားရေးနှင့် သာသနာတော်အရေးပေမို့ ရဟန်းတော်များဟာ အချိန်ကာလတစ်ခုအထိတော့ ပါဝင်နေကြရဦးမှာပါ။   

            ဘုရားလောင်းတော်ကြီးများရဲ့ ကျင့်စဉ်ကို စံထားပြောရလျှင် … ။ ဘုရားလောင်းတော်ကြီးများဟာ သတ္တ၀ါတွေရဲ့ ဒုက္ခသုက္ခတွေကို လျစ်လျူရှုမထားနိုင်လို့ လက်တော်သို့ ရောက်လုနီးနေတဲ့ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာလမ်းကို မလျှောက်လှမ်းနိုင်ကြသေးဘဲ သတ္တ၀ါတွေနှင့်အတူ့ ကြုံလာသမျှသော ဒုက္ခသုက္ခတွေကို မျှဝေခံစားနိုင်ဖို့ ပါရမီဆိုတဲ့ ကျင့်စဉ်ကို ကျင့်ခဲ့ကြတယ်။ ဒီနေရာမှာ ထိုပါရမီကျင့်စဉ်ဆိုတဲစကားကို အဓိပ္ပါယ် အဖြောင့်ပြန်ရရင် – အနစ်နာခံ ကိုယ်ကျိုးစွန့် အများအတွက် အလုပ်များများ လုပ်ပေး၊ ဒါဟာပါရမီကျင့်စဉ်ပဲလို့  အဖြောင့်နားလည်နိုင်ဖို့ပါ။ ဒါကြောင့် လောကလူသားများရဲ့ ကောင်းကျိုးအတွက် ဒုက္ခလမ်းစဉ်ကို လိုက်သူများ ရယ်လို့ ဘုရားလောင်းတော်ကြီးများကို ဝေဖန်ပြစ်တင်နေသူတွေကလဲ ယနေ့အထိ ရှိနေဆဲဖြစ်တယ်။ ဘုရား လမ်းစဉ်ကို လိုက်နေသူများအတွက် လောကကြီးက မကြိုက်သော်လည်း ဘုရားချီးမွမ်းတဲ့လမ်းမို့ စွမ်းအားရှိ သလောက် ဆက်လက်လျှောက်လှမ်းနေကြတဲ့ သူတွေထဲမှာ ရဟန်းတော်အချို့လည်း ပါဝင်နေကြလေသလား မသိ။ တွေးမိခြင်းပါ။

            ဘုရားလောင်းတော်တို့ရဲ့ ပါရမီကျင့်စဉ်တွေထဲမှာ ဉာတတ္တစရိယဆိုတဲ့ ကျင့်စဉ်တစ်မျိုးပါဝင်နေတာကို တွေ့ရတယ်။ ဘုရားလောင်းများရဲ့မွေးရာပါ ရိုက်တ် (အခွင့်အရေး) အနေနှင့် သူ့အမျိုး၊ သူ့အနွယ်၊ သူ့ဇာတ်၊ သူ့ဂုဏ်ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ဖြောင့်မှန်ခြင်း၊ တည်ကြည်ခြင်း၊ မှန်သောစကားကိုဆိုခြင်း၊ ကတိသစ္စာ မြဲခြင်း၊ ကိုယ့်ကျင့်သိက္ခာကောင်းမွန်ခြင်း၊ သတ္တိဗျတ္တိရှိခြင်းစတဲ့ ဘုရားလောင်းတော်တို့ရဲ့ ဓမ္မတာသဘောက မွေးရာပါ အရည်အသွေးအနေနှင့် မွေးဖွားခြင်းနှင့်အတူ ပါလာခဲ့တယ်။ လူဇာတ်ဖြစ်ရင် လူမျိုးမတုန်းရေး၊ မျောက်ဇာတ်ဖြစ်ရင် မျောက်မျိုးမတုန်းရေး၊ ခွေးဇာတ်ဖြစ်ရင် ခွေးမျိုးမတုန်းရေး၊ ဒီအရေးတွေးဟာ ဘယ်သူတွေက ဘာပဲပြောပြော သူ့အရေးပဲလို့ သူ့ခေါင်းထဲမှာ အမြဲရှိနေခဲ့တယ်။ ဒီစိတ်ဓာတ်မျိုးတွေ ရှိနေ သူတွေလဲ သာမန်လူသားတွေထဲမှာ ရှိကောင်းရှိနေနိုင်တယ်။ ဉာဏ်နှင့်သက်ဝင် ကြည့်ရှုနိုင်ဖို့ပါ။  

            လူတွေဟာ ကိုယ်ချင်းစာစိတ်ဆိုတဲ့ သဘောသဘာဝကို များသောအားဖြင့် မေ့နေတတ်ကြတယ်။ ကိုယ့်လူမျိုးကို သူများက ဖျက်ဆီးတဲ့အခါ လွယ်လွယ်လေးပဲ တွေးတတ်ကြတယ်။ ပျက်စီးချိန်တန်လို့ ပျက်စီးသွားတာပဲလို့ လျစ်လျူရှုလိုတဲ့ အကြင်အနာမဲ့ နှလုံးသားမျိုးနှင့် နှုတ်တော်မှ ဖွင့်ဟနိုင်ကြတယ်။ ကိုယ့်လူ့မျိုးကိုပဲ ပြဿနာတွေ ပိုမဖြစ်ရအောင် တရားချနိုင်ကြတယ်။ ကောင်းတော့ကောင်းပါတယ်။ သို့သော် သူတို့လူမျိုး၊ သူတို့သွေးသားများကို ထိပါးလာတဲ့အခါ ကျီးတွေလို ၀ိုင်းအာတတ်ကြတဲ့ လူမျိုးကိုတော့ ဘယ်လိုလူကမှ တရားပြဖို့ ဆန္ဒမရှိကြတဲ့အတွက်ကြောင့် ဗြဟ္မစိုရ်လွန် တရားမျိုးတွေ ဖြစ်လာတယ်။ ဆိုးရွားလာတဲ့အဖြစ်က “ညောင်ဦးကမ္ဘားပြို စမ္ပယ်နဂိုကနွား ပေါင်ကျိုးရ”တဲ့အထိ ဖြစ်လာတယ်။ ဥပမာ၊ မြန်မာပြည်ရဲ့ ရခိုင်၊ ဘင်္ဂါလီအရေးဟာ မလေးရှားအထိ ပါဝင်ပတ်သက်လာတယ်။ အညှိုးအတေးတွေနှင့်  ရခိုင်ဗုဒ္ဓဘာသာတွေ (မြန်မာဗုဒ္ဓဘာသာတွေအပါအ၀င်)ကို ပစ်မှတ်ထားပြီး နေတိုင်းနီးနီး နှစ်ယောက်၊ သုံးယောက်လောက် ခြောင်းမြောင်းသတ်ဖြတ်ခံနေရတယ်။ အသားလွတ်ကြီး အရိုက်အနှက်ခံနေကြရတယ်။

            အထင်နှင့် ပြောနေခြင်းမဟုတ်ပါ။ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ လများ၌ မလေးရှားမှာ ရှိနေခဲ့တယ်။ ထိုနိုင်ငံ၌ ထိုကဲ့သို့ ရှိနေစဉ်အတွင်း ဒီအဖြစ်အပျက်တွေ ကိုယ်ထံရောက်လာမှာကို ကြောက်လွန်းလို့ ကိုယ်နေ တဲ့နေရာမှလွဲရင် ဘယ်ကိုမှမသွားရဲဘဲ အကြောက်တရားနှင့်သာ နေခဲ့ရတယ်။ (ဘာကြောင့်မထွက်ရဲလဲလို့ မေးလာခဲ့ရင် အသက်အာမခံ ၀ယ်မထားရသေးလို့-လို့ ဒီလိုပဲ ဖြေလိုက်တယ်။) ရခိုင်ဒေသမှာ နေကြရတဲ့ ရခိုင်ဗုဒ္ဓဘာသာတွေဟာ (အထူးသဖြင့် မောင်းတောနှင့် ဘူးသီးတောင်ဒေသမှာ နေကြရတဲ့ ရခိုင်ဗုဒ္ဓဘာသာ တွေဟာ) ပြည်တွင်းမှာ နေပြန်ရင်လဲ အကြောက်တရားနှင့် နေကြရ၊ မလေးရှားကို ရောက်ပြန်ရင်လဲ အန္တရာယ်တွေနှင့် ရင်ဆိုင်နေကြရသူတွေပါ။ ပြည်သူတွေ အကြောက်တရားနှင့် နေကြရတာကို ဘယ်လူ့ အခွင့်ရေးသမားတွေကမှ သက်ဆိုင်ရာကို မပြောကြားရဲ၊ မတိုင်ကြားရဲ၊ ကမ္ဘာကို အမှန်တရားတွေ သိအောင် မရေးသားရဲကြဘဲ ဖြစ်နေတာကို တွေ့ရ၊ မြင်ရတော့ သံဝေဂများပင် ဖြစ်မိပါရဲ့။

            အခုလဲ အင်ဒိုနီးရှားမှာ ရောက်နေတယ်။ အင်ဒိုနီးရှား ထေရ၀ါဒရဟန်းတစ်ပါးကို အီရန်ကလာတဲ့ ဘာသာခြားတစ်ဦးက အကြောင်းမဲ့ ၀င်ရိုက်တဲ့အမှု။ ပြဿနာ မကြီးထွားစေချင်လို့ ရဟန်းတော်ဖက်က ငြိမ်းချမ်းစွာနဲ့ ပြဿနာကို ကျေအေးပေးလိုက်တယ်။ ဒီလိုတွေက မကြာခဏဆိုသလို ဖြစ်နေလေတော့ ဖြစ်နိုင်ရင်  မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ ထိုနှစ်နိုင်ငံသို့ လောလောဆယ် မသွားသင့်တဲ့အချိန်လို့ ဆိုရမှာပါ။ အင်ဒိုနီရှားနိုင်ငံမှာလဲ မလေးရှားနိုင်ငံမှာလိုပဲ ဘယ်နေရာကိုသွားသွား (ဌာနေလူမပါဘဲ) သွားဖို့၊ လာဖို့အတွက် အန္တရာယ်တွေ ရှိနေခြင်းပါ။ သို့သော် အင်ဒိုနီးရှားနိုင်ငံက မလေးရှားနိုင်ငံနှင့်စာရင် တော်သေးတယ်လို့ ဆိုရမယ်။ အခြေခံ အကြောင်းတရားကိုရှာတော့ မောင်းတော၊ ဘူးသီးတောင်ဒေသတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေက မြစ်ဖျားခံနေတယ်လို့ လေ့လာစုံးစမ်းသိရှိရတယ်။

            တကယ်ဆိုတော့ ရခိုင်ပြည်မှာ ဖြစ်ပျက်သွားခဲ့တဲ့ ဒီအစ်ရှုးဟာ တိုင်းပြည်အတွက်ရော၊ (ဘာသာစုံ ပါဝင်တဲ့) လူမျိုးတွေအတွက်ပါ အတူနစ်နာခဲ့ကြရတာပါ။ နှစ်ဦးနှစ်ဖက်က မှားပြီးသားအမှားတွေကို အတူနား လည်နိုင်ကြပြီး အပြန်အလှန် ခွင့်လွတ်နားလည်ကြရမယ့် အချိန်အခါမျိုးပါ။ ရှေ့ဆက်လျှောက်ရမယ့် ခရီးမှာ တိုင်းရင်းသားအချင်းချင်း၊ နိုင်ငံသားအချင်းချင်း အတူလက်တွဲပြီး ငြိမ်းချမ်းစွာ နေနိုင်ကြဖို့ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေကို ရှာကြရမယ့်အချိန်အခါမျိုးပါ။ အဖြစ်အပျက်များကို လေ့လာကြည့်ရင် – ပြဿနာကို စတင်ဖန် တီးသူတို့ကလည်း သူတို့၊ အဖြစ်အပျက်တွေကို မကြေအေးနိုင်တာကလည်း သူတို့ပါ။ ဗုဒ္ဓဘာသာဝင်တို့ ကျင့်သုံးနေတဲ့ ဗြဟ္မစိုရ်စံနှုန်းနှင့် ကြည့်မယ်ဆိုရင်တော့ “ပြဒါးတစ်လမ်း၊ သံတစ်လမ်း↔ ဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့အရေးကို ပါဝင်ပတ်သက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်အချို့ဟာ ပြဿနာရဲ့ မူလဇစ်မြစ်ကို ခြေခြေမြစ်မြစ် မသိကြလေတော့ “ဆန်စင်ရာ ကျည်ပွေ့လိုက်သလို↔ အထင်နှင့် ပြောဆိုနေကြတယ်။ သိမ့်မွေ့လှတဲ့ ဒီအရေးမှာ သူတို့ ဂဃနဏ သိနားလည်နိုင်ကြမည် မဟုတ်ပါ။

            မဖြစ်သင့်တဲ့ အရာတွေကို ဆက်လက်မဖြစ်စေချင်သူများအတွက် မျက်စိကို စုံမှိတ်ပြီး အဝေးတစ်နေ ရာသို့သွားပြီး နေသာသလိုနေတော့မယ်လို့ ခွာသွားဖို့ဆိုတာကလည်း လွယ်ကူတဲ့အရာမျိုးမှ မဟုတ်တာ။ ဒီတော့ လောကတ္ထစရိယအကျင့် (လောကလူသားတို့ ကောင်းကျိုးအတွက် ပါဝင်ပတ်သက်ခြင်း)၊ ဉာတတ္ထ စရိယကျင့် (အမျိုးအနွယ်ကို ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၌ ပါဝင်ပတ်သက်ခြင်း) ဆိုတဲ့ ဘုရား လောင်းကျင့်စဉ်များကို ဒီနေရာမှာ (ဖြစ်နိုင်ရင်) အသုံးပြုနိုင်ဖို့ အချိန်အခါကျရောက်လာခြင်းပါ။ ဘုရားလောင်း တော်ကြီးများရဲ့ ကျင့်စဉ်ကို မျိုးချစ်စိတ်ရှိသူတွေ၊ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်စိတ်ရှိသူတွေအတွက် “တရားတစ်ဖက် ဓားတစ်လက်↔အဖြစ်မျိုးကို မရောက်စေဘဲ၊ “တရားဖက်တဲ့ တရားလက်မျိုးနဲ့↔ အမျိုးသား ရေးနှင့် သာသနာတော်ရေးအတွက် ရှေ့တန်းမှ ပါဝင်နေသင့်တဲ့ အချိန်အခါမျိုးပါ။ မေတ္တာနှလုံးသားဆိုတာ တစ်ဖက်တည်းသုံးလို့ ဖြစ်နိုင်သော်လည်း တဖက်တည်းသုံးနေခဲ့ရင် လိုအပ်သောအကျိုးကို ထင်သလောက် မပြီးစေနိုင်တာမို့ နှစ်ဖက်လုံး သုံးနိုင်ကြဖို့ တိုက်တွန်းလိုခြင်းပါ။ ဒါကြောင့် “မေတ္တာနှလုံး၊ ကိုယ်စီသုံး၊ ရွှင်ပြုံး ကြပါစေ↔ဆိုတဲ့ ဆန္ဒမျိုးနဲ့ ထိုထိုဤဤအရေးတို့၌ ပါဝင်ပတ်သက်နေကြရခြင်းပါ။  

            ပြောလက်စနှင့်ပြောချင်တာက “တိုင်းပြည်ကနုနု မုန်းတိုင်းကထန်ထန်↔ဆိုတာမျိုးလိုဖြစ်နေတဲ့ မြန်မာ နိုင်ငံမှာ စီဗစ်ခ် အက်ဒျူးကေးရှင်း (Civic education) လို့ခေါ်တဲ့ ပြည်သူတွေ ဒီမိုကရေစီစနစ်ရဲ့ သဘော သဘာဝတွေကို သိနားလည်နိုင်တဲ့ ပညာရေးမျိုးကို သင်ကြားပေးနိုင်အောင် နိုင်ငံတော်မှ အမြန်အကောင် အထည်ဖေါ်ပေးနိုင်ကြဖို့ လိုအပ်နေခြင်းပါ။ ပြည်သူတွေ ဒီမိုကရေစီအသိတရား ဘယ်လောက်များ ရှိနေကြပြီ လဲဆိုတာ သိလိုကြတယ်ဆိုရင် အောက်ပါမေးခွန်းမျိုးကို ပြည်သူအချို့အား မေးကြည့်စေချင်တယ်။ ဥပမာ၊ တိုင်းပြည်တစ်ပြည်မှာ ဒီမိုကရေစီစနစ် ကျင့်သုံးလာပြီိဆိုလျှင် ဒီမိုကရေစီစနစ်ကို အကြီးအကျယ် ခြိမ်းချောက်နိုင်တဲ့သူဟာ ဘယ်သူလဲ စတဲ့မေးခွန်းမျိုးပါ။ မတူညီတဲ့ အယူအဆတွေရှိနေတာကြောင့် မတူညီတဲ့အတွေးအခေါ်တွေနဲ့ ဖြေလာမယ့် အဖြေတွေကတော့ ထောင်သောင်းကုဋေကုဋာအထိ ရှိလာနိုင် ပါတယ်။ ထိုအခါမျိုးမှာ အနီးစပ်ဆုံးအဖြေကို ပေးနိုင်ဖို့ ကျမ်းကိုးဆိုတာ လိုအပ်လာခြင်းပါ။

            ကျမ်းကိုးဆိုတာ ကိုယ်အားသန်ရာကို ကိုးကြတာများပါတယ်။ ဒါဟာ စာရေးသူတို့ရဲ့ အလေ့အထလို့ ဆိုရမှာပါ။ သို့သော် သမိုင်းအတွေ့အကြုံအရ စစ်တပ်ကို ကြောက်ရွံ့နေသူများက ဖြေခဲ့မယ်ဆိုရင် –  ဒီမိုကရေစီ စနစ်ကို အကြီးအကျယ်ဆုံး ခြိမ်းချောက်နေသူများဟာ စစ်တပ်ပဲ ဖြစ်လိမ့်မယ်လို့ ဖြေကောင်းဖြေကြမှာပါ။ အမျိုးသားရေးကို အလေးထားသူများကတော့ ဒီမိုကရေစီစနစ်ရဲ့ အကြီးဆုံးရန်သူဟာ အမျိုးသားရေးကို လုံးဝလျစ်လျူရှုထားသူများပါလို့ ဖြေကောင်းဖြေကြမှာပါ။ ကိုယ်တိုင်က သမိုင်းကို နောက်ကြောင်းပြန်ပြီး ပြောလေ့ပြောထရှိနေသူများကတော့ ဒီမိုကရေစီစနစ်ရဲ့ အကြီးမားဆုံးအန္တရာယ်ဟာ နောက်ပြန်လှည့်လိုတဲ့ နောက်ပြန်လှည့်ဝါဒီတို့ရဲ့ အန္တရာယ်ပါလို့ ထင်ကောင်းထင်ကြမှာပါ။ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်လို့ အပြောများ လှတဲ့ သတင်းမီဒီယာများရဲ့ တိုင်းပြည်နှင့်လူမျိုးရဲ့ ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ မဆင်မခြင် ရေးသားနေကြတာမို့ အချို့လူများကတော့ သတင်းမီဒီယာသမားများဟာ ဒီမိုကရေစီစနစ်ကို အကြီးဆုံး အန္တရာယ်ပြုနိုင်သူများလို့ မြင်ကောင်းမြင်ကြမှာပါ။ ထိုအထင်တွေ၊ ထိုအမြင်တွေ မှန်၊ မမှန် စစ်ဆေးနိုင်ဖို့ ကျမ်းကိုးအထောက် အထားတွေ လိုအပ်လာခြင်းပါ။  

            လက်လှမ်းမှီသမျှ ကျမ်းကိုးကို ရှာဖွေကြည့်တဲ့အခါ တစ်နေရာမှာ ကျမ်းကိုးတစ်ခုကို တွေ့ရတယ်။ ဆိုထားတာက – စီတီဇင်းစ် ဆိုင်းလင့်စ် သရက်တင်းစ် ဒီမိုကရေစီ (Citizen’s silence threatens Democracy) တဲ့။ ဆိုလိုတာက – ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် ပြည်သူတွေဟာ တိုင်းပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ဖြစ်စဉ်တွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်ပြီးနေတဲ့ အလေ့အထများဟာ ဒီမိုကရေစီစနစ်ကို ကိုယ်ကိုယ်တိုင်က ခြိမ်းချောက်နေသူတွေ ဖြစ်နေတတ်ကြပါတယ် ဆိုတဲ့ အဆိုအမိန့်ကို သဘောကျမိခြင်းပါ။ စဉ်းစားဖို့နှင့် ဝေဖန်ပိုင်းခြားနိုင်ကြဖို့အတွက် မျှဝေပေးလိုက်ခြင်းပါ။

            ဒီနေ့ ဒီအချိန်မှာ ပြည်သူတွေ အရေးတကြီးပြောသင့်တဲ့အရာက မြန်မာနှင့် မလေးရှား ဒီနှစ်နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာအရပ်ရပ်ပါ။ အာဆီယံနိုင်ငံများအကြား ပြုလုပ်ထားတဲ့ ကတိက၀တ်အရ တစ်နိုင်ငံရဲ့အရေးကို အခြားအာဆီယံနိုင်ငံများက ၀င်ရောက်မပတ်သက်ရခြင်းဆိုတဲ့ ကတိက၀တ်မျိုးပါ။  ဒီနေ့ နှစ်နိုင်ငံအကြားမှာ ဖြစ်နေတဲ့ပြဿနာက တစ်နိုင်ငံထဲ ဖြေရှင်းမရနိုင်တဲ့ ပြဿနာမျိုးပါ။  နှစ်နိုင်ငံပူးပေါင်း ဖြေရှင်းမှ ဖြစ်နိုင်တဲ့အခြေအနေမျိုးပါ။ နှစ်နိုင်ငံခေါင်းဆောင်များ အတူပူးပေါင်းပြီး မဖြေရှင်းဘဲ ထားကြမည် ဆိုလျှင် ဒီနေ့ဖြစ်ပေါ်နေသော လူမျိုးရေး ပြဿနာများသည် ဒီထက်ပို၍ ရှုပ်ထွေးလာနိုင်ပြီး၊ ထိန်းမနိုင် သိမ်းမရတဲ့ အခြေအနေမျိုးထိ ရောက်သွားနိုင်ခြင်းပါ။ ဒီအရေးဟာ အာဆီယံနှစ်နိုင်ငံရဲ့အရေးမို့ အာဆီယံ ဥက္ကဋ္ဌကြီး ပါဝင်ကူညီဖြေရှင်းပေးပါမှ ပြဿနာများ ငြိမ်းအေးလာနိုင်စရာအကြောင်းများ ရှိနေတယ်လို ယုံကြည် မိခြင်းပါ။  ဒီနေရာမှာ ပြဿနာဖြစ်ရပ်မှန်ကို ဥပမာတစ်ခုအနေနှင့် တင်ပြပါရစေ။  

            (၇-၂-၂၀၁၄) ရက်နေ့က တက်လာတဲ့ သတင်းတစ်ခု။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ရောက် နေတဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဒေါက်တာဦးအေးမောင်နှင့် ဦးအေးသာအောင်တို့ ဖေဖေါ် ၀ါရီလ ၅ ရက်နေ့ ညပိုင်းက သေနတ်နှင့်ပစ်ခတ်လုပ်ကြံခံရမှု ဆိုတဲ့သတင်းပါ။ ဆိုင်ကယ်စီးလာတဲ့ လူနှစ် ယောက်က ကားဘေးကနေ ကပ်လိုက်လာပြီး ပစ်တယ်လို့ဆိုတယ်။ ပစ်ခတ်မှုဖြစ်တဲ့အချိန်က ညပိုင်း (၁၁)နာရီ အချိန်။ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ မြန်မာလိုပြောပြီး “ပစ် ပစ် … ထပ်ပစ်↔လို့ ပြောဆိုသံများကို ကြားလိုက်ရ တယ်လို့ ဆိုတယ်။ သေနပ်သမားတွေဟာ သူတို့ကားနောက်ကနေ လိုက်လံပစ်ခတ်ချိန်မှာ မြန်မာစကားနဲ့ ပြောဆိုသံကြားခဲ့ရတဲ့အတွက် အကြမ်းဖက်သမားတွေဟာ မြန်မာနိုင်ငံက လာသူတွေ ဖြစ်လိမ့်မယ်လို့ ကားထဲမှာ အတူလိုက်ပါလာခဲ့တဲ့ ဦးစိုးအောင်က ဆိုပါတယ်။ ကံအားလျှော်စွာ သေနတ်ပစ်ခံရသူများ သေကံ မရောက် သက်မပျောက်ကြဘဲ ရခိုင်တိုင်းရင်းသားခေါင်းဆောင်နှစ်ဦးဟာ တိုင်းပြည်ကို ချောချောမောမော ပြန်ရောက်လာနိုင်ခဲ့ကြတယ်။ တိုင်းပြည်မှ ကြိုဆိုလျှက်ရှိနေခြင်းပါ။

            သို့သော် ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံနိုင်ဖို့ ဆွေးနွေးပွဲဖြစ်မြောက်အောင် စီမံဆောင်ရွက်ပေးသူ ၈၈ မျိုးဆက်အဖွဲ့ဝင်ဖြစ်တဲ့ ရခိုင်တိုင်းရင်းသား ကိုအောင်ကြီးတစ်ယောက်ကတော့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ညက အမည်မသိသူတို့ရဲ့လက်ချက်နှင့် အသတ်ခံခဲ့ရတယ်လို့ သတင်းတွေ တက်လာတယ်။ ဒီအမှုမျိုးကို ပုဒ်မတပ်ကြည့်ရင် လက်နက်ကိုင်ဆောင်ခွင့်မရှိတဲ့ မလေးရှားလိုနိုင်ငံမျိုးမှာ သေနတ်ပစ်ခတ်မှုဖြစ်သွားတာရယ်၊ သေနတ်သမားများဟာ မြန်မာစကား ပြောတတ်သူများဖြစ်နေ၍ မြန်မာပြည်ကလာသူများ ဖြစ်နိုင်တာရယ်၊ မလေးရှားနိုင်ငံရဲ့လုံခြုံရေးကို တိုက်ရိုက်ထိပါးလားတာရယ်၊ အပစ်ခံရသူနှစ်ယောက်ထဲက တစ်ယောက်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်နေတာရယ်၊ တရားခံများကို ဖမ်းဆီးနိုင်ဖို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှ ဖြစ်နိုင်တာရယ်-စတဲ့ အကြောင်းတရားတွေ များစွာပေါင်းဆုံနေခြင်းပါ။ အကယ်၍သာ ဒီလို ကြုံထောင့်ကြုံခဲ ပြစ်မှုမျိုးကို အမြန်ဆုံးဖေါ်ထုတ် မပေးနိုင်ကြဘူးဆိုရင် နောက်ထပ် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေက များစွာရှိနေခြင်းပါ။ နောက်ဆုံး အာဆီယံနှစ်နိုင်ငံရဲ့ သံတမန်အရေးများထိပါ ရှုပ်ထွေး လာနိုင်၍ ငြိမ်းချမ်းသော သံတမန်နည်းဖြင့် အာဆီယံဥက္ကဋ္ဌကြီးဖြစ်တဲ့ နိုင်ငံတော်အကြီးအကဲက ပါဝင် ကူညီလျက် နှစ်နိုင်ငံပူးပေါင်းပြီး အဖြစ်မှန်ကို အမြန်ဆုံး ဖေါ်ထုတ်ပေးသင့်ခြင်းပါ။

            ဘာသာတရားတိုင်းမှာ ဒေါသတွေ၊ မာန်မာနတွေ၊ အာဃာတတွေကို ဖြေဖျောက်နိုင်တဲ့ တရားနည်းလမ်းတွေ၊ ကျင့်စဉ်တွေ ရှိနေခြင်းပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်သွားခဲ့တဲ့အရေးအခင်းများသည် ဘာသာတရားကြောင့် ဖြစ်ကြရတာမဟုတ်ဘဲ ဘာသာတရားကို အလွဲသုံးစားပြုတဲ့ ဘာသာဝင်များကြောင့် ဖြစ်ကြရတယ်လို့ဆိုရင် အဓိပ္ပါယ်က ပိုမိုပြည့်စုံနိုင်လိမ့်မယ်လို့ ထင်မြင်မိခြင်းပါ။ အကယ်၍သာ ဘာသာတရား များကြောင့် လူမှုရေးပြဿနာများ ဖြစ်ခဲ့ကြတယ်ဆိုရင် ဘာသာတရားများရဲ့ အဆုံးအမများကို ကျေကျေ နပ်နပ်ကြီး ခံယူနိုင်ကြပြီး အပြန်အလှန် ကျေအေးနိုင်ကြဖို့ပါ။ အကယ်၍ ဘာသာတရားကြောင့် ပြဿနာများ ဖြစ်ရခြင်းမျိုးမဟုတ်ဘဲ လူမှုရေးပဋိပက္ခများကို အခြေခံပြီး ပြဿနာများ ဖြစ်ခဲ့ကြတယ်ဆိုရင် နှစ်နိုင်ငံရဲ့ ဥပဒေများနှင့်အညီ အပြစ်ပြုသူများကို အပြစ်ပေးနိုင်ဖို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းတဲ့ အာဆီယံနိုင်ငံများရဲ့ ဂုဏ်သိက္ခာများကို ဆက်လက်ထိန်းသိမ်းနိုင်ကြဖို့ပါ။ ပြည်သူတွေရဲ့ဘ၀တွေ လုံခြုံမှုများ ရှိလာအောင် ပူးပေါင်းလက်တွဲပြီး ဆောင်ရွက်ပေးနိုင်ကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

ဒေါက်တာဓမ္မပိယ (ITBMU)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts