လူများ၊ ရုပ်ပုံလွှာများ ငြိမ်းချမ်းအေး

ဗမာ့ ဂီတ မြစ်ကြီး တစ်စင်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၀၅၊ ၂၀၁၄

 

ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) (၁၉၆၀-၂၀၁၄)
ဓာတ်ပုံ – မိသားစု Via သားငယ်

ဒီနေ့ ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) ဆုံးတာ တလ ပြည့်တယ်။  ဟယ်ရီလင်း က တနှစ်ပြည့်တယ်။  ဟယ်ရီလင်း ကို ပရိသတ်များ က ငယ်နာမည် ကိုဃ ပဲ ချစ်စနိုးခေါ်လေ့ရှိကြတယ်။  ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) ကိုလည်း ပရိသတ် အများစု က ချစ်စနိုး ကိုဇော်ကြီး လို့ပဲခေါ်ကြတယ်။  သူ့ မိတ်ဆွေ များကတော့ ကိုဖိုးဇော်ကြီး၊ ကိုဇော်ကြီး သင့်သလို ခင်မင်ရင်းနှီးမှု အလျောက် ခေါ်ကြတယ် ထင်တယ်။

 

မိတ်ဆွေ တယောက် က တခါ ဆိုဖူးတယ်။  နာမည်ကြီး သူ Celebrities တွေ ထဲက ချစ်သူ၊ မုန်းသူ ဆိုရင် ပရိသတ် အများက နာမည်ရင်း ဘယ်တော့မှ မခေါ်တတ်ကြဘူး လို့ သူက ဆိုတယ်။  ကျနော့် အတွက်တော့ မှန်တယ်။  အများ အတွက်လည်း ယေဘုယျ သဘော မှန်မယ် ထင်တယ်။  မုန်းသူ အတွက် အခေါ်တွေက ထားပါတော့။  ချစ်သူတွေ အတွက် ဆိုရရင် ပရိသတ် အနေနဲ့က သူတို့ ရဲ့ အသက်၊ ဝါ၊ ပညာတွေကို လေးစားသော်ငြား ကိုယ်ချစ်တဲ့ ဂီတပညာရှင်တွေကို ချစ်စနိုး နာမည် နဲ့ အနုပညာ နာမည် တွေကိုပဲ ခေါ်ရမှ အားရတယ်။  ကိုရဲကြီး၊ ငှက်ကြီး၊ ဂကြီး အစရှိ သဖြင့် ပေါ့..။  ဦးတိုး ကို ဆိုလည်း ခင်မောင်တိုး လို့ အနုပညာ နာမည် ဦး/ကို မတပ် ဘဲ ခေါ်မှ စိတ်ထဲ အရသာ ရှိ ကျေနပ်တယ်။  ဆိုတော့ ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) လည်း ကိုဇော်ကြီး ဆို မှ အားရပါရ ရှိတယ်။  မရိုသေ၊ မလေးစားတဲ့ သဘောမျိုး မဟုတ်ပါ။

 

(စကားချပ် – ဖားချင်သူများကလည်း သမ္မတကြီး၊ ဥက္ကဋ္ဌကြီး လုပ်တတ်ကြတယ်။  အရာရာမှာ ‘ကြီး’ ထည့်တတ်တဲ့ ဗမာပြည်က ‘ကြီး’ ရောဂါ တမျိုး၊  ကိုယ်ချစ်တဲ့ ဂီတပညာရှင်တွေကို ချစ်လို့  ‘ကြီး’ ထည့် ခေါ်ရင်တောင် တခါတလေ စိတ်ထဲ တမျိုး ဖြစ်တယ်။  သူတို့ရဲ့ ‘ကြီး’ ရောဂါကြောင့်..။  ထားပါတော့၊ ဒီ ‘ကြီး’ ကိစ္စ နောက် ကြုံမှ ဆက်ပါ့မယ်။)

 

ဟယ်ရီလင်း အမှတ်တရ ဆောင်းပါး မနေ့ က ရေးနေရင်း ကိုဇော်ကြီး ကိုလည်း သတိရတယ်။  သူတို့ နှစ်ယောက် တွဲခဲ့တဲ့ အခွေ “မိုးကြိုးသွားရဲ့ ပြင်းထန်တဲ့အလျင် (သို့မဟုတ်) ဟယ်ရီလင်းရဲ့ဟယ်ရီလင်း (၁၉၉၁)” ဆိုတာ ငယ်ဘဝ တလျှောက် ကက်ဆက် တိပ်ခွေ တိပ်သား ပါး အောင် နားထောင်ခဲ့ရတဲ့ အခွေပေါ့။

 

သူတို့ ခွဲခွာသွားကြတော့ လည်း (၁၁) လ ပဲ ခြားတယ်။

 

ဗမာပြည် က ၁၉၆၀ နှောင်း၊ ၇၀ မျိုးဆက် အတွက် Beatles တွေ ဘယ်လောက်ကောင်းကောင်း ကိုယ့်ဆီက Playboy အဖွဲ့ ကို ပို စွဲလမ်း နှစ်သက်ကြတယ်။  သိန်းတန် ဂစ်တာ တီးဟန် ကို စွဲတယ်၊ သန်းနိုင် ရဲ့ ဒရမ် ရိုက်ချက်တွေကို ကြိုက်တယ်၊ သန်းနိုင် က “ပေတစ်ရာ လမ်းမ အနက်ရောင်လေးအပေါ် ငါ.. လျှောက်သွားရင်းနဲ့ လက်မှာ အဖော်.. ဒူးယား စီးကရက် တလိပ်ကို.. ရှိုက်ကာဖွာ..” အော်ရင် အသည်း ခိုက်အောင် ဖြစ်ကြတယ်၊ တော်မီကျော်နိုင် ရဲ့ အဆို၊ အတီး၊ စင်မြင့် Performance တွေက ခေတ် ကို ဦးဆောင်နေတယ်။  Aces ရဲ့ အော်စတင်ဇေဗီယာ၊ E-Machine ရဲ့ ပီမော်ဂင်၊ King ရဲ့ ဒိုမီနိုတင်မောင် (မူဆာ)၊ ELF က တက္ကသိုလ်အေးမောင် အစရှိတဲ့ ဗမာ့ ရှေးဦး ဂစ်တာ သမားများ၊ ဂီတ သမားများ ကို အထူး ကြွေခဲ့ကြတယ်။

 

ဒီလိုပဲ ကျနော် တို့ ၁၉၈၀ နှောင်း၊ ၉၀ လူငယ် များ အတွက်လည်း တီဗွီဖန်သားပြင်က မြင်ရတဲ့ Jon Bon Jovi ထက်၊ Rachie Sambora ထက်၊ အရှင်လတ်လတ် မျက်စိရှေ့ မြင်နေရတဲ့ စင်မြင့် ထက် က ကိုဃ Dr. Martens ဖိနပ် ကိုစီး အသံချဲ့စက် အပေါ် ခြေတဖက် နင်းတင်ရင်း ဆံပင် ဝဲချနေတာ ကို ငယ်သံပါအောင် အော်ရင်း အားပေးတယ်၊ ကိုဇော်ကြီး ရဲ့ ပြင်းရှတဲ့ Lead Solo တွေက ကြက်သီးမွေးညင်းထအောင် ရင်သပ် ရှုမော ဖြစ်စေတယ်။

 

ဦးဘွဲ့ ရဲ့ ဂစ်တာ တီးဟန် ကို ခိုက်တယ်၊ ပက်ထရစ်မေလာ က “ဖွတ်ချက်ကလေး Aces ပေါ့ ဟေ့.. ဖွတ်ချက်ကလေး စီးဖူးသလား.. ဟေ့” လုပ်ရင် သွေးတွေ ကြွလာတယ်၊  ဒဲရစ်မေလာ ရဲ့ “အပြာရောင် ကော်ဖီဆိုင်မှာ အပြေးအလွှာလေး လိုက်ရှာလို့” ဗလုံးဗထွေး ဆိုသံက ထိတယ်၊ ဂျေမောင်မောင် ဆိုတာ ဗမာ့ ရော့ခ်ဂီတ ရဲ့ ပြယုဂ်ပဲ၊ ကိုယ်တယောက်တည်း အိပ်နေမယ်၊ အိပ်နေမယ် သူ အော်ရင် မဆီမဆိုင် သွေးတွေ ဆူလာရတယ်၊ ကိုဇာလျန်း၊ ကိုရဲလွင် တို့ ရဲ့ တည်ငြိမ်တဲ့ ဂစ်တာ ဘေ့စ် လိုက်သံတွေက ကျနော်တို့ရဲ့ ရင်ခုန်သံ တွေပဲ။

 

ခိုင်ထူး ကက်ဆက်တိပ်ခွေတွေ ထဲက မိုးကျော် ရဲ့ ဂစ်တာ Lead Solo တွေကို ဆွေးဆွေး မြည့်မြည့် ခံစားတယ်၊ “သိလား..” က အချိန်တိုင်း ရင်ထဲ ရောက်လာတတ်တယ်၊ “တေးသွားလေးနှိုးလို့.. နိုးလာစဉ်မှာ လင်းအရုဏ်ငြိမ်သက်ဆဲ..” ဆိုတဲ့ ခင်မောင်တိုး ရဲ့ အသံဝါကြီး နဲ့ မဇ္စ္ဈိမလှိုင်း ရဲ့ အဖွင့် တေးဂီတ ပေါင်းစပ်မှု “လေပြည်ညင်း” က မနက်တိုင်း ရင်ဘတ် နှလုံးသားကို တိုက်ခတ်နေတယ်။  စိုင်းခမ်းလိတ်၊ ကိုနေဝင်း တို့ရဲ့ တေးဂီတ သံစဉ်၊ စာသား တွေက ဘဝ ဒဿနတွေပဲ၊ စိုင်းထီးဆိုင် ရဲ့ သာယာနာပျော်ဖွယ် အသံ က ကျနော့်တို့ အတွက် တရားသံပဲ၊ ခင်ဝမ်း၊ မွန်းအောင် တို့ရဲ့ သီချင်းသံ တွေက ည ည ဂီတ ဝတ်ပြုခြင်း တမျိုးပဲ။  ခင်ဝမ်း ရဲ့ ဧရာဝတီ နဲ့ ငှက်ကြီး ရဲ့ ရာဇဝင်များရဲ့သတို့သမီး က ကျနော်တို့ အတွက် နိုင်ငံတော်သီချင်းပဲ..။

 

ကျနော် တို့ အတွက် Ritchie Blackmore၊ Michael Schenker၊ Carlos Santana မရှိလည်း နေလို့ ရနိုင်ပေမယ့် သူတို့ မရှိရင်တော့ အသက် ဝိညာဉ် တွေ ကင်းမဲ့ သွားမယ်၊ Deep Purple ထက် ဗမာပြည် ရဲ့ Deep Purple  သွှအောင်၊ ဂျွန်သင်ဇမ်း တို့ကို (ကျနော်တို့) ပိုလိုအပ်တယ်။

 

သူတို့ရဲ့ ဂုဏ်ကျေးဇူး က ဗမာ့ လူ့အဖွဲ့အစည်း အတွက် ကြီးလှတယ်။

 

ဒီထဲမှာ ကိုဇော်ကြီး ရဲ့ အခန်းကဏ္ဍ က ထိပ်ပိုင်းနေရာမှာ ရှိတယ်။  ဆိုတော့ Steve Vai မရှိလည်း၊ Joe Satriani ရဲ့ ဂစ်တာ သံကို နားမထောင်ဖူးလည်း ဗမာပြည် လူသာမန် များ အတွက် ကိစ္စ မရှိဘူး၊ ကိုဇော်ကြီး မရှိခဲ့ရင်တော့ မဖြစ်ဘူး။

 

ဂီတသမား မိတ်ဆွေ တယောက် က ဆိုဖူးတယ်။  ၁၉၈၀ ခုနှစ် အလယ်များ မှာ ဗမာပြည် ရဲ့ အကောင်းဆုံး ဂစ်တာ သမား အဖြစ် ကိုဘွဲ့မှူး နဲ့ ကိုဖိုးဇော်ကြီး လို့ သူတို့ သတ်မှတ်တယ်၊ ဒါပေမယ့် ပြဿနာ က ဘယ်သူ က ‘တစ်’၊ ဘယ်သူ က ‘နှစ်’ လို့ မခွဲနိုင်တာပဲ လို့ ဆိုတယ်။  ဘယ်သူ ဗိုလ် ဖြစ်ဖြစ်၊ ပရိသတ် အတွက်တော့ နှစ်ယောက်လုံး က ဂီတ ဘုရား ချည်းပါပဲ။  Van Halen Tapping တီးတာ ဗမာ အများအတွက် လက်လှမ်းမမီနိုင်၊ စိတ်မဝင်စားနိုင်၊ ဒါပေမယ့် စောဘွဲ့မှူး၊ ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) နှစ်ဦး ရဲ့ Finger Tapping တီးဟန်ကို ဗမာပြည် အတွက် ရှေးဦး ၈၀ ခုနှစ်များရဲ့ စင်မြင့်ထက်မှာ မြင်ရ၊ ကက်ဆက်တိပ်ခွေများမှာ ကြားရတော့ သူတို့ နှစ်ဦးဟာ ကျနော် တို့ အတွက် ဗမာ့ ဂစ်တာ ဘုရား နှစ်ဆူပါပဲ။

 

ကိုဇော်ကြီး ကို ပင်တိုင် မဇ္စ္ဈိမလှိုင်း အဖွဲ့နဲ့ တွဲ ပြီး အနောက်တိုင်း ဂီတ နဲ့ အရှေ့တိုင်း ရိုးရာ ဟန် ပေါင်းစပ်မှု ဂီတ ပုံစံ ကို ပရိသတ် အများ နှစ်သက်ကြတယ်။  မဇ္စ္ဈိမလှိုင်း ရဲ့ တည်ငြိမ် အေးဆေး တဲ့ ဂီတ မှာ ကိုဇော်ကြီး ရဲ့ ထူးခြား စူးရှတဲ့ စူးရဲရဲ Lead ဂစ်တာ အသံ Intro အဝင်တွေ၊ Solo အတီးတွေ စတဲ့ ကိုယ်ပိုင်ဟန် ဆန်းသစ် တီထွင်မှုတွေ ကို လူတွေ စွဲကြတယ်။

 

ကိုဇော်ကြီး T-4 အဖွဲ့အနေနဲ့ တီးတဲ့ ကိုယ်ပိုင်သံစဉ်၊ နိုင်ငံခြားသံစဉ်မှီး တေးစု တွေကိုလည်း ဂီတ ဝါသနာ ရှင်၊ အထူးသဖြင့် ဂစ်တာ ဝါသနာ ရှင်မျာ စွဲစွဲလမ်းလမ်း နှစ်သက်ခဲ့ကြတယ်။  ကိုယ်ပိုင်သံစဉ် တီးခတ်မှုတွေမှာ ထိုးထွင်း ဖန်တီး တီးခတ်နိုင်မှု၊ နိုင်ငံခြား သံစဉ်မှီးတွေကို တီးရာမှာ မူရင်း နိုင်ငံတကာ ဂစ်တာ သမား များ လက်ရာ အတိုင်း အမီ တီးနိုင်မှုတွေကြောင့် ကိုဇော်ကြီး ကို ပရိသတ်များ က လေးစား အားပေး ကြရုံသာမက ဂီတ သမားများ အချင်းချင်းလည်း လေးစားသမှု ရှိကြတယ်။  လူငယ် ပရို ဂစ်တာ သမားများ အတော်များများ အတွက် ကိုဇော်ကြီး ဟာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ Role Model တယောက် ဖြစ်ခဲ့တယ်။

 

ကိုဇော်ကြီး ရဲ့ ဂီတ သီအိုရီ နိုင်နင်းမှု၊ ဂီတပညာ ပြည့်ဝမှု တွေ အတွက်လည်း လူအများ လေးစားခဲ့ရတယ်။  မဇ္စ္ဈိမလှိုင်း မှာ ကိုမောင်မောင်၊ ဇော်မျိုးထွဋ်၊ ခင်မောင်တိုး တို့ (၃) ဦးဟာ ဂီတ စီမံခန့်ခွဲမှု Musical Arrangement ကို ဝါသနာ စူးနစ် အဓိက လုပ်ခဲ့ကြသူတွေပါပဲ။  ဒါ့အပြင် ကိုဇော်ကြီး က ဂီတမှူး အဖြစ်နဲ့ သင်္ကြန်မိုး အပါအဝင် အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ပေါင်းမြောက်မြားစွာကို တာဝန်ယူ ဆောင်ရွက်၊ ဂီတ စီမံ ခဲ့တယ်။  ရုပ်ရှင်အကယ်ဒမီ ဆုတွေလည်း နောက်ခံ ဂီတအတွက် ရခဲ့တယ်။ ဂီတ အလုပ် နဲ့ ပဲ ဘဝ တလျှောက်လုံး နေသွား၊ သေသွားခဲ့သူ ဖြစ်တယ်။

 

ကိုဇော်ကြီး ပေးဆပ်ခဲ့တဲ့ ဂီတ အလုပ်၊ ဂီတ ကျေးဇူး များက ဗမာပြည် အတွက် အဖိုးမဖြတ်နိုင်အောင်ပါပဲ။

 

ပြီးခဲ့တဲ့ ၂၀၁၃ ဒီဇင်ဘာ ထဲ မှာတင် ထွက်ခဲ့တဲ့ သွှအောင် + ဂျွန်သင်ဇမ်း + သျှမ်းလျှန် (၃) ယောက် အုပ်စု ရဲ့ အခွေ သစ်မှာ ကိုဇော်ကြီး Session Player အနေနဲ့ ဝင်တီးပေးခဲ့တဲ့ ရော့ခ် သီချင်း နှစ်ပုဒ် လက်သံ ကို လတ်လတ်ဆတ်ဆတ် ဝါသနာ ရှင်များ နားထောင်ခဲ့ရသေးတယ်။  (၅၀) ကျော် ကိုဇော်ကြီး တယောက် လက်မကျ သေးဘူး ဆိုတာ ပရိသတ်များ သိရ၊ ကြားရ၊ ဝမ်းသာ ရ ဖြစ်ခဲ့ရတယ်။

 

ဂီတ မိတ်ဆွေ တယောက် က အဲဒီ အခွေ သစ် ကို နားထောင်ရင်း တီးခတ်သူ Player Line-up မသိသေးတော့ သီချင်း တချို့ နားထောင်ပြီး “ဟ.. Lead သမား က ကိုဘွဲ့မှူး အဆင့် အတိုင်းပါပဲလား” လို့ တအံတသြ ဖြစ်ရကြောင်း ဆိုတယ်။  နောက် အတီး လူစာရင်း တပုဒ်ချင်း သိရတော့ မှ အဲ့ဒီ သီချင်းတွေက ကိုဇော်ကြီး တီးကြောင်း သိရတော့ မအံ့သြတော့ကြောင်း ဆိုဖူးတယ်။

 

အခြား ဂီတ မိတ်ဆွေများ နဲ့လည်း ကိုဇော်ကြီး၊ ကိုဂျွန် တို့ နောက်ပိုင်း ပိုတွဲဖြစ်၊ သီချင်းတွေ ပို လုပ်ဖြစ်ရင် သိပ်ကောင်းမှာပဲ လို့ ပြောမိတယ်။  ကိုသွှအောင်၊ ကိုဂျွန်တို့ ဆီတောင် လှမ်း စာရေး ပြောဖြစ်ခဲ့သေးတယ်။  ကိုဇော်ကြီး လို Heavy Metal ဆန်ဆန် Rock အပြင်းစား တွေကို ဗမာပြည်မှာ ရှေးဦး တီးခတ် ခဲ့သူ ဂစ်တာ သမား တစ်ယောက် နဲ့ ကိုယ်ပိုင်သံစဉ် ဗမာ့ Rock ဂီတ ကို ဦးဆောင် လမ်းကြောင်း ဖောက်ခဲ့တဲ့ အကို တို့ အဖွဲ့ ရဲ့ ပူပေါင်းမှု ဂီတ အလုပ်ကို စားသုံးရတာ သိပ် ဝမ်းသာ ကျေနပ် ဖြစ်ရတယ်၊ နောင်မှာ များများ ဆက်လုပ်နိုင်ပါစေ လို့ ဆန္ဒပြု ဖြစ်တယ်။  အခုတော့ ဆန္ဒ က မဖြစ်နိုင်တော့ဘူးပေါ့..။

 

ဒါမျိုး ဂီတ အလုပ်တွေ အပြင် ကိုဇော်ကြီး ဟာ နောက်ဆုံး မဆုံးခင် အချိန်ထိ ဗမာ့ ဂီတလောကမှာ အမြဲတမ်း မထင်ပေါ်၊ အနှိမ်ခံ ဖြစ်လေ့ရှိတဲ့ အတီး သမား များ ဘက်က ဦးဆောင် မားမားမတ်မတ် ရပ်ရင်း အတီးပညာရှင်များ မှန်မှန်ကန်ကန်၊ မျှမျှတတ အကျိုးခံစားခွင့် ရရေး အတွက်လည်း တက်တက်ကြွကြွ ဆော်သြ နေခဲ့သူ တယောက်ပါ။

 

အခုလို အလုပ်တွေ အများကြီး ဆက်လုပ်နိုင်ဖို့ အကောင်ဆုံး အရွယ် ၅၀ ကျော်မှာ အချိန်မတိုင်ဘဲ ခရီးဆက် ထွက်ခွာသွားတာဟာ အင်မတန် နှမြောဖို့ ကောင်းလှသလို ဗမာ့ဂီတလောက အတွက် (စကားအဖြစ်မဟုတ်တဲ့) တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ပါပဲ။

 

အခုတော့ တခန်းရပ်ခဲ့ပြီပေါ့..။  ဒါပေမယ့် ကိုဇော်ကြီး ရဲ့ နာမည်၊ သူ ဖန်တီးခဲ့တဲ့ ဂီတ၊ သူ့ အလုပ် တွေ အားလုံးကတော့ ပရိသတ်ကြားမှာ အမြဲ ရှိနေ၊ လူထု ရင်ဘတ် နှလုံးသား အမြဲ ခိုဝင် နေဦးမှာပါ။  အနာဂတ် မျိုးဆက် အတွက် လည်း စံနမူနာ ကောင်း ဂီတ သမား ကြီး အဖြစ် သမိုင်း မှတ်တမ်း ဝင်နေဦးမှာပါပဲ။

 

အခု ကိုဇော်ကြီး (၁) လ ပြည့် အမှတ်တရ မှာ သူ့ရဲ့ ဂစ်တာ သံ ပြင်းပြင်း စူးစူးလေးတွေကို အလွမ်းပြေ ပြန်လည် ခံစားနိုင်ဖို့လည်း သူ့ လက်ရာ၊ သူ့ ဟန် အပြည့် ပေါ်လွင်နေတဲ့ သီချင်း တစ် ပုဒ် ပါ တွဲထည့် လိုက်ပါတယ်။

အချစ်၏လက်များဖြင့်၊ သံစဉ်/စာသား – မောင်သစ်မင်း၊ တေးဆို – မွန်းအောင်၊ တေးဂီတ – မဇ္စ္ဈိမလှိုင်း (၁၉၈၆)
ကိုရဲလွင် (Bass) ၊ ဇော်မျိုးထွဋ် (Lead) ၊ မောင်မျိုးခင် (Synthesizers) ၊ တွတ်ကီ (Drums)
ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) တယောက် ကောင်းရာ သုဂတိ လားပါစေ..။
ငြိမ်းချမ်းအေး
၀၅၊ ဖေဖော်ဝါရီ၊ ၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဗမာ့ ဂီတ မြစ်ကြီး တစ်စင်း
  1. ကိုငြိမ်းချမ်းအေးရဲ့ ဂီတနဲ့ ပတ်သက်တဲ့ အမြင်ခံစားမှုတွေက ကျွန်တော်တို့ အမြင်နဲ့သိပ်ကို ထပ်တူကျလွန်းပါတယ်။ ဖတ်ရလို့ ကျေးဇူး အများကြီး တင်ပါတယ်ဗျာ။

Comments are closed.