Poems

မိခင်မြေလွှာ အသဲနှလုံးထဲက ဂဠုန်တွေ

မောင်စိုးချိန်
ဖေဖော်ဝါရီ ၅၊ ၂၀၁၄

 

 

မြေသားကိုနင်း
ရှေ့တိုးလှမ်းလိုက်တိုင်းမှာ
မြေလွှာက ငါ့ကိုပြော
မမောမပမ်း
ဂဠုန် ဆရာစံနဲ့
သူ့ရဲ့ လယ်သမားတပ်ဖွဲ့ဝင်
ရာဇဝင် ကမ္ဗည်းထိုးခဲ့တဲ့ အကြောင်းလေ။

 

ဂဠုန်လယ်သမား တပ်ဖွဲ့ဝင်တွေရဲ့
သွေးနဲ့ရေးခဲ့တဲ့ စကားလုံးတွေ
ဖိနှိပ်မှုက တိုက်ပွဲကို ရွေးတယ်
တိုက်ပွဲက လွတ်မြောက်ရေး
မွေးတယ်။

 

နယ်ချဲ့ကျား ဗြိတိသျှ အင်္ဂလိပ်က
တော်လှန်တပ်ဖွဲ့ဝင်
လယ်သမားခေါင်းတွေကို ဖြတ်ပစ်ခဲ့
ကြိုးစင်ပေါ်တင် သတ်ပစ်ခဲ့
တသက်တကျွန်းပို့
နှစ်ရှည် ထောင်ချခဲ့။
ဖိနှပ်မှု ကျွန်စော်နံ
မဟုတ်မခံ တွန်းလှန်
လယ်သမား သူရဲကောင်းတို့ သတ္တိသွေး
သူရဲကောင်းတို့ ဟစ်ကြွေးသံ
အမိမြေလွှာ အသည်းနှလုံးထဲ
သံမှိုနှက်ထားဆဲပဲဟေ့။
ယ္ခု စက္ကန့်ထိ
ပူနွေးဆဲ တိုက်ပွဲ စစ်အော်သံ
ဓါးသံ လှံသံ အံကြိတ်သံများ
မိခင်မြေလွှာထဲက
ရုန်းကြွနေတုံး။

 

မိခင်မြေဟာ
သူရဲကောင်းတို့ ကမ္ဗည်းတင်လွှာ
ရာဇဝင် စာအုပ်ပဲ
ပိဋကတ်တိုက်ပဲ။
ယနေ့ခေတ် လယ်သမား လယ်ကူလီ
စစ်ဖိနပ်အောက်က စစ်မြေကျွန်တို့
ဂဠုန်တပ်ဖွဲ့ဝင်တို့ရဲ့
အတိတ်ခြေရာ လွတ်မြောက်လမ်း
မလှမ်းနိုင်သမျှ
သင်တို့ ပခုံးထက်က
အမာရွတ်တက်နေတဲ့ စစ်ကျွန်တံပိုး
သက်ဆိုးရှည်နေအုံးမှာ
အသင်တို့ရဲ့ ကြောပြင်ထက်က
စစ်ဖိနပ်သံခွာ
မြဲမြံနေအုံးမှာ။  ရှက်စရာ။
မောင်စိုးချိန်
ဇန်နဝါရီ ၃၁၊ ၂၀၁၁

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts