ကာတွန်းဆရာကြီးဦးဖေသိန်း အမှတ်တရ အစီအစဉ်
ရန်နောင် (ဗိုလ်တထောင်)၊ ဟန်သစ်နိုင်
ဖေဖော်ဝါရီ ၁၊ ၂၀၀၄
လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ကိစ္စများတွင် ထိထိမိမိ ကွက်ကွက်ကွင်းကွင်း ပုံပေါ်အောင် ရေးဆွဲရာတွင် ထင်ရှားသော ကာတွန်းဆရာကြီးဦးဖေသိန်း ကွယ်လွန်ခြင်း ငါးနှစ်ပြည့် အမှတ်တရ အဖြစ် ဆရာကြီး၏လက်ရာများ စုစည်းတင်ပြခြင်းကို ရန်ကုန်မြို့တွင် ယနေ့ ပြုလုပ်ကြသည်။
ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ပြုလုပ်သည့် အမှတ်တရအစီအစဉ်တွင် အမှတ်တရ စကား ပြောကြားသူများအနက် တဦးမှာ ဆရာကြီး၏ဇနီးဖြစ်သူ ဒေါ်ခင်လေးနွယ်ဖြစ်သည်။
”ဆရာကြီးရဲ့လက်ရေးမူတွေ sketch တွေကို အန်တီသေချာသိမ်းဆည်းထားခဲ့တာပါ၊
အန်တီရဲ့မြေးလေး ၉တန်းရောက်နေပါပြီ ဒီဟာတွေကို မမြင်ခဲ့ဖူးပါဘူး၊ အန်တီ ဒီဟာလေးတွေကို ကာတွန်းဆရာတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်ဆောင်ခဲ့တာပါ၊
ပြသဖို့အတွက် ကားတွေက အိမ်မှာ တစ်ရာကျော်လောက် ကျန်နေသေးတယ်၊ ပြခန်းနဲ့မဆံ့လို့ ဒီလောက်လေးပဲ ရွေးချယ်ပြီး ပြသလိုက်တာပါ”
NLD နာယကကြီး ဦးတင်ဦးကလည်း ”သူဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ကာတွန်းဆရာတစ်ယောက်ပါ၊ သူကွယ်လွန်တဲ့အချိန်တုန်းက ဘဘမှာလည်း နိုင်ငံရေးကိစ္စနဲ့ အထဲကိုဝင်လိုက် ထွက်လိုက်နဲ့မို့ မရောက်ဖြစ်ခဲ့ဘူး၊ အဲဒါကြောင့် ဒီနေ့ပွဲလေးကို တက်လာရတာ ဂုဏ်ယူပါတယ်” ဟု ပြောကြားခဲ့သည်။
ကာတွန်းဆရာ တင်အောင်နီကလည်း “ဆရာဦးဖေသိန်းဟာ ကာတွန်းဆရာဆိုတာထက် သမိုင်းကို ပြောပြနေတဲ့ သမိုင်းသတင်းကာတွန်းဆရာတစ်ယောက်ဖြစ်တယ်၊ ယနေ့ခေတ်လူငယ်တွေ ဆရာကြီးလက်ရာတွေကို မြည်းစမ်းခွင့်ကြုံရတာပေါ့” ဟုပြောကြားခဲ့ပါသည်။
ဆရာကြီးဦးဖေသိန်းကို ၁၉၂၄ခုနှစ်၊ ဇန်နဝါရီ၃၁ရက်နေ့တွင် ရွှေပြည်တော် ဦးဘတင်၊ ဒေါ်ကျော့စိန်တို့မှ ပန်းတနော်မြို့တွင်မွေးဖွားခဲ့သည်။
၁၉၄၆ခုနှစ်တွင် ပုသိမ်အမျိုးသားကျောင်းမှ ဆယ်တန်းအောင်မြင်သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ဝေသည့် အိုးဝေမဂ္ဂဇင်းတွင် အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၄၅ခုနှစ်မှစတင်ပြီး အိုးဝေ၊ ဟံသာဝတီ၊ ဗမာ့ခေတ်၊ မြန်မာ့အလင်း၊ ကြေးမုံ၊ ဘားမားနေးရှင်းသတင်းစာများတွင် ကာတွန်းများရေးဆွဲခဲ့သည်။
လောကပီတိ၊ ကြေးမုံနီတိ၊ ဥဒေတယံကာတွန်းများမှာ အထူးထင်ရှားသည်။ သရုပ်ဖော်ပုံများ၊ ကြေးမုံအပါဝင် ခေါင်းစီးစာလုံးများနှင့် ကြော်ငြာကာတွန်းများစွာကိုလည်း ရေးဆွဲခဲ့သည်။
ဘဂျမ်းဂျာနယ်ပြောင်၊ ငါးပါးသီလ၊ သုံးဆယ့်ရှစ်ဖြာမင်္ဂလာ၊ ပုံပမာ စသည့် စာအုပ်များစွာ ရေးဆွဲထုတ်ဝေခဲ့သည်။
၁၉၅၇ခုနှစ်တွင် မြန်မာနိုင်ငံကာတွန်းဆရာများအသင်းဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
၁၉၆၂ခုနှစ်တွင် ဒေါ်ခင်လေးနွယ်နှင့် အိမ်ထောင်ကျပြီး သားသမီး ၇ ဦး ထွန်းကားခဲ့သည်။ ၂၀၀၉ခုနှစ် သြဂုတ်လ ၁၉ရက်နေ့တွင် ကွယ်လွန်သည်။
ကာတွန်းဆရာကြီး ဦးဖေသိန်း နှစ် ၉၀ ပြည့် ကာတွန်းပြပွဲအား ဖေဖော်ဝါရီလ ၁ ရက်မှ ၃ ရက် အထိ မနက် ၁၀နာရီမှ ညနေ ၅နာရီအတွင်း စိတ်ပါဝင်စားသူ မည်သူမဆို သွားရောက် ကြည့်ရှုနိုင်သည်။