ရသဆောင်းပါးစုံ ဆောင်းလူ

စားကောင်းရုံ လုပ်ကြတဲ့ လောကကြီး (Saung Luu)

စားကောင်းရုံ လုပ်ကြတဲ့ လောကကြီး

ဆောင်းလူ

ဇန်န၀ါရီ ၂၉၊ ၂၀၁၄

xxxx

ကြာပြီဗျ။ ဒီလောကထဲရောက်နေတာ …။ အော် ..လုပ်ကြ ကိုင်ကြတာကတော့ ..စားကောင်းရုံပေါ့ဗျာ။ တန်ဆေး လွန်ဘေးတဲ့ …။ လွန်လွန်ကျူးကျူးလည်း လုပ်ရဲဘူးလေဗျာ … လူသောက်မြင်ကပ်မှဖြင့် …။ လူသောက်မြင်ကပ်တာတော့ ကြောက်တယ်လို့ဆိုချင်တာလား …။ စားကောင်းရုံ လုပ်ကြတဲ့ လောကကြီးလေဗျာ … မေ့နေပြန်ပြီလား …။

မဆိုးပါဘူးဗျာ …။ စားကောင်း သောက်ကောင်းလောက်ဆိုတော့လည်း ဒီလောက ဒီလိုပဲပေါ့ ..။

ကျနော်လား … ပြုံးတတ်တာပေါ့ဗျာ … မိုနာလီဆာအပြုံး ပဟေဋ္ဌိထက် ရှာရက်ခက်သွားမယ် …။ အဲ ..မလှရင်သာနေမယ် … ပြုံးတာ တော့ဗျာ …အောက်သွား ခပ်တုံးတုံးမှာတောင် … ဟက်ဟက် ..ဟက်ဟက်နဲ့ ..အသံတောင်ထွက်တယ် …။ ဟ …မပြုံးလို့ရမလားဗျ …။ စာကောင်းရုံလုပ်ကြတဲ့ လောကကြီးမှာလေ …။ သွပ်သွပ် … တော်ကြာ ကျုပ် စားမကောင်း ကြားမကောင်းဖြစ်နေဦးမယ် …။ စားမကောင်း လို့တော့ မဖြစ်ဘူးဗျို့ … ။ ကျုပ်သွားတွေက ခုတလော ခပ်နဲ့နဲ့ရယ် …။

 

မဲ့တာလည်း ပြိုင်စံရှားပါပဲဗျာ …။ လူကွယ်တိုင်း အမြဲလိုလို မဲ့တယ် …။ ရှေ့တော့ ပြုံးပြုံး ပြုံးပြုံးပေါ့ဗျာ …။ စားကောင်းရုံလုပ်ကြတဲ့ လောကကြီးကိုဗျာ …။ သွားအရွဲ့တိုက်လို့ မဖြစ်ဘူးလေဗျာ …။ ကျုပ်သွားတွေက ခုတလော ခပ်နဲ့နဲ့ပါဆို ..။

….. သူတွေနဲ့လား …။ တည့်ပါတယ်ဗျာ …။ ကျုပ်အဲ့လောက် မိုက်သေးဘူ..။ မတည့် ဘယ်ဖြစ်မလဲ …။

အပြောလား …။ ဟဲဟဲ လုပ်ရတာပေါ့ဗျာ …။ မလုပ်ဘယ်ဖြစ်မလည်း ..။ မြှောက်သင့်တန်လည်း မြှောက်ပေါ့ …။ တခါတလေ ခြောက် သင့်တန်လည်း ခြောက်ပေါ့ …။ ခြောက်တာတော့ သိပ်မရဲဘူးဗျာ …။ သွားတွေက နာနေတာဆိုတော့ ..။

ခုတလောမှ သွားက နာနေတာက ပိုပိုဆိုးလာသလိုပဲဗျ …

မဖြစ်သေးပါဘူးဗျာ … ကျုပ်သွားတွေက နဂိုတည်းကမှ ခပ်နဲ့နဲ့ရယ် …။ နောက် ကျဲကလည်း ကျဲသေး ..။

စားကောင်းရုံလောကကြီးမှာဗျာ … အမြစ်တဲတဲပဲ ကျန်တော့တဲ့ သွားတောင် ..နှုတ်မပစ်ရဲဘူး …။ ၀ါးစရာ မရှိတော့ရင် ပိုမခက်ပေဘူးလား …။ ၀ါးစရာမရှိတာထက် … ခပ်ဟက်ဟက်ရီလိုက်ရင် …သွားမရှိတော့ …လေတိုးသံ ခပ်ဆိုးဆိုးတွေ ပါလာရင် မကောင်းဘူးလေဗျာ …။ စားကောင်းရုံလုပ်ကြတဲ့ ခေတ်ကြီးပါဆို …။

အော် .. ခု ကျုပ်လား ..

သိပ်မအားဘူးဗျာ … …. ဆောင်းခေါင်ခေါင်မှာ … ဖားထွက်ရိုက်ဖို့ ကြံနေတယ် …

အဟက်ဟက် ..

စားကောင်းရုံ လုပ်ကြတဲ့ လောကကြီးလေဗျာ …။ ခင်ဗျားကလဲ …တွေ့မှ ဆန်ပြုတ်တိုက်ရဦးမယ် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts