ကဗျာ

အဓမ္မ အဝယ်ခံရတဲ့ နှစ်ဆယ့်ငါး

မောင်စိုးချိန်
ဇန်န၀ါရီ ၂၅၊ ၂၀၁၄

 

 

ဝယ်တယ်ဟေ့ သိတ်ဝယ်တယ်
အရမ်းကို ဝယ်ယူနေတယ်
ပစ်စလက်ခတ် ဝယ်ယူနေတယ်ဟေ့
ဘဝသိက္ခာ ဖျက်ဆီးပစ်ဖို့
အညွန့်ချိုး ဘဝဖျက်ဖို့
ခွေးကတက် (ခွေးခုန်တက်) မှာ အစေအပါးဖြစ်ဖို့
ကလိန်ကကျစ်တွေက ဝယ်နေတယ်ဟေ့။

 

အဲ အဝယ်ခံရတဲ့လူဟာ
ဟို ယခင်တုန်းက တောက်ပ စိန်ကြယ်ပွင့်
ယခုအခါ နံဟောင်နေတဲ့ လက်ခုတ်ပွင့်
ဟိုစဉ်က ပြည်ရွာတဆုံး နေတလုံး
ယခုအခါ စွမ်းအင်မဲ့ဆုံး မီးသွေးတုံး
ဟိုယခင်က လှပခန့်ငြား ပတ္တမြား
ယခုအခါ မိစ္ဆာနဲ့တွဲ ပုလင်းကွဲ
ဟိုစဉ်တုန်းက လူထုရှေ့က သူရဲကောင်း
ယ္ခုအခါ ရန်သူ့နောက်လိုက် အူဟောင်းလောင်း။

 

ဝယ်ယူသူ မိစ္ဆာ
သူ့လက်ထဲမှာ အာဏာ သေနတ်
ယုတ်ကန်းကန်း ပဉ္စလက် နည်းပညာ အထပ်ထပ်
ပေါင်းစပ် ညှို့ငင် ဝယ်ယူတယ်
အိတ်စိုက်စရာ ဘယ်မှာလိုလို့လဲ
တိုင်းပြည် သယံဇာတ ဘဏ္ဍာနဲ့ဝယ်ယူတယ်
မြေကွက် ငါးစာနဲ့ မျှားဝယ်တယ်
ရာထူးကုလားထိုင် အကျိုးအပဲ့ ငါးစာနဲ့ မျှားဝယ်တယ်။

 

နယ်ချဲ့ ဗြိတိသျှခေတ်က
ငါးထောင်စားအမတ် လက်ပါးစေ
အရိုင်းအရင်း ကြွေး ဝယ်ယူသလိုပေါ့
စိုက်ခင်းထဲက ကုလားထိုင် ငါးစာနဲ့ မျှားဝယ်တယ်
စီးပွားရေးလုပ်ပိုင်ခွင့် ငါးစာ နဲ့မျှားဝယ်တယ်
ချော့တခါ ခြောက်တလှဲ့
ကြောသပ်ရင်သပ် ဆယ့်ငါးကျပ်နဲ့ မျှားဝယ်တယ်။

 

အနဲဆုံး ကားဝယ်ယူဖို့ ခွင့်ပြုချက်ပါမစ်
အနဲဆုံး သစ်ထုတ်လုပ်ခွင့် ပါမစ်
အနဲဆုံး အိမ်ဆောက်ခွင့် ပါမစ်
အနဲဆုံး အိမ်ခန်းရဖို့ ပါမစ်
အနဲဆုံး တယ်လီဖုန်းဝယ်ယူခွင့် ပါမစ်
အနဲဆုံး အရက်ဆိုင်ဖွင့် ပါမစ်
အနဲဆုံး အရိုးအရင်းကိုက်ခွင့်ရ ပါမစ်
အနဲဆုံး ကပ်တီးမူးလဲလုပ်ခွင့် ပါမစ်
အနဲဆုံး ကိုယ်ကျိုးစီးပွား
သို့မဟုတ် သိန်းသန်းကုဋေ အတွက်
ခွင့်ပြုချက် ပါမစ်
ပါမစ် ငါးစာနဲ့ မျှားဝယ်တယ်။

 

မိစ္ဆာတို့ နန်းပလ္လင် ဖင်ပြဲဖို့
မိစ္ဆာတို့ အကျိုးစီးပွားအတွက်သာ
တိုင်းပြည် လူထုအတွက်
ဘာအတွက်မှ မဟုတ်ဖူး
မက်လုံး……..မက်လုံး……..မက်လုံး
မက်လုံး ငါးစာနဲ့ ချိတ်တယ် ဝယ်တယ်။

 

နိုင်ငံရေးသမား အဖို့
မက်လုံးငါးစာ ငါးမျှားချိတ်ဟာ
နိုင်ငံရေး သင်္ချိုင်း ဂိတ်ဆုံးပါ
ငါးမျှားချိတ် ကို မြိုပြီးတဲ့နောက်မှာ
နိုင်ငံရေး သတ်ကုန်းထက်မှာ
အသက်ဇီဝိန် ချုပ်ရရှာ။

 

ဝယ်တယ်ဟေ့ သိတ်ဝယ်
အရမ်းကိုဝယ်ယူနေတယ်
ပစ်စလက်ခတ် ဝယ်ယူနေတယ်ဟေ့။
အဝယ်ခံမယ့်သူများ
ဒီရပ်ကွက်ထဲမှာရှိပါသလား
သေမယ့်ကျား တောပြောင်းမလား။

 

မိစ္ဆာတို့
ကိုယ့်မြင်းကိုယ်စိုင်းဖို့
နှစ်ဆယ့်ငါးနှစ် ကို အဓမ္မ ဝယ်ယူခဲ့
လူ့အသက်သွေးနဲ့ ပေးဝယ်ခဲ့
လူတို့ ငတ်မွတ်ခြင်းနဲ့ ဝယ်ယူခဲ့
လူတို့ကျဆုံးခြင်းနဲ့ ဝယ်ယူခဲ့
နောက်ထပ်……နောက်ထပ်ဝယ်ယူဖို့
နှစ်ကာလတချို့
မိစ္ဆာတို့ လက်ထဲရောက်လာဆဲ
ဘယ်လောက်ဖြစ်မလဲ ငါမသိ။    ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts