ရသဆောင်းပါးစုံ အုန်းနိုင်

ဒီမိုကရေစီ အရေးတော်ပုံ (၂၄)

အုန်းနိုင်
ဇန်န၀ါရီ ၂၃၊ ၂၀၁၄

 

● ဦးနု အစိုးရ 

ရက်တွေ တရွေ့ ရွေ့ နဲ့  ကုန်လာပြီး.. ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီးကလည်း ရက်ရင့်လာပြီ…။ ဒေါက်တာမောင်မောင်ခေါ်ထားတဲ့   အရေးပေါ်ညီလာခံနဲ့    လွှတ်တော်တောင် ရက်နီးလာပြီ။ မြို့ မှာ  အုပ်ချုပ်ရေးကို ကောင်စီက မကြီးကြပ်နိုင်.။ဗိုလ်မှူးထိန်ဝင်းကလည်း တာဝန်လွှဲယူဖို့ ဖိအားတွေပေးနေတော့ ..လုပ်ရကိုင်ရနည်းနည်း ကြပ်တည်း ခက်ခဲလာပါတယ်။ ကြားဖြတ်အစိုးရရယ်လို့  ဖြစ်လာရင်လည်း ကြားဖြတ်အစိုးရရဲ့  ညွှန်ကြားချက် အောက်မှာလုပ်ရင် ….နည်းနည်းပိုပြီး စည်းကမ်းတကျ ဖြစ်လာမယ်။  ကြားဖြတ်အစိုးရကိုမျှော်ပါတယ်။ ရေဒီယိုမှာ  တစ်နေ့ပေါ်လာနိုး နဲ့ စောင့်မိပါတယ်။

 

စက်တင်ဘာလ (၉)ရက်နေ့   မှာတော့   ပါလီမံအစိုးရရဲ့ နောက်ဆုံးဝန်ကြီးချုပ်ဟောင်း ဦးနုက   သူရဲ့    အစိုးရ အဖွဲ့ကိုကြေညာလိုက် ပါတယ်။ သူ့  အစိုးရဟာ  ၁၉၆ဝ ပြည့်နှစ်က ပြည်သူလူထုက တရားဝင် ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရဖြစ်တယ်။ ၁၉၆၂ ခုနှစ်က

ဗိုလ်နေဝင်းက အာဏာသိမ်းပြီး လုယူတာ ခံခဲ့ရတယ်။ အခု    ပြည်သူလူထုကဗိုလ်နေဝင်းရဲ့        စစ်တပ်အစိုးရကို မထောက်ခံဘဲ လူထုအုံကြွဆန္ဒပြဖြုတ်ချလိုက်လို့  သူ့  အစိုးရသာလျှင် တရားဝင် အစိုးရဖြစ်လာပြီ။သူ့ရဲ့  တရားဝင်အစိုးရအဖွဲ့ ကို ပြန်လည်ကြေညာလိုက်ပြီ။ စစ်တပ်တွေက သူ့ဆီ သတင်းပို့ ပြီး အမိန့် နာခံကြ..။ နိုင်ငံခြားသံရုံးတွေကသံအမတ်တွေလည်း   သူ့ အစိုးရကို ဆက်သွယ်  ကြဖို့    ကြေညာ ပါတယ်။ သူ့ရဲ့  လုပ်ရပ်က မူအားဖြင့် မှန်ကန်တယ်လို့   ကျနော်ယူဆပါတယ်။ သူ့ ကိုထောက်ခံရမဲ့ အခြေအနေပါ။ ဒါပေမဲ့ လုပ်နည်းလုပ်ဟန် ချွတ်ယွင်းသွားတယ်။ဒါကြောင့်  စက်တင်ဘာ (၉)ရက်နေ့ ညနေ ရေဒီယိုသတင်းမှာပဲ သူ့ အစိုးရဟာကြားဖြတ်အစိုးရ ဖြစ်လာနိုင်မဲ့အခြေအနေ မရှိတော့တာကို သဘောပေါက်မိပါတယ်။ရေဒီယို သတင်းအဆိုအရ   ဦးနုက  (၉)ရက် (၉)လ (၉) နာရီမှာ သူ့အစိုးရအဖွဲ့ ကို ပြန်လည်ဖွဲ့ စည်းသင့်တယ်ထင်လို့ ဖွဲ့ လိုက်တယ်။

 

တစ်လအတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံရွေးကောက်ပွဲကိုကျင်းပပေးမယ်။ အဖွဲ့ ဝင်တွေ အဖြစ် သူနဲ့  တပ်မှူးဟောင်းကြီးများ..မကြာသေးခင် ကမှ   ဖွဲ့ စည်းထားခဲ့တဲ့ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပါတီဝင်တွေကို ထည့်သွင်းထားတယ်။ အဖွဲ့ ဝင်(၂၅)ဦးပါဝင်တဲ့   ဦးနုရဲ့  အစိုးရအဖွဲ့ မှာ ယခင်ပါလီမံခေတ်က အစိုးရအဖွဲ့ဝင်ဟောင်းအဖြစ် သမ္မတဟောင်း မန်းဝင်းမောင်၊ လွှတ်တော်ဥက္ကဌဟောင်း ဗိုလ်မှူးအောင်၊   အတွင်းဝန်ဟောင်း ဦးသန်းစိန်နဲ့   ဗိုလ်ခင်မောင်စတဲ့ ထင်ရှားတဲ့သူတွေပါပါတယ်။ နောက်ပြီး လက်ရှိအရေးတော်ပုံမှာ ထင်ရှားလာတဲ့ ဆရာဝန်တွေ..၊တက္ကသိုလ် ပါမောက္ခတွေပါ ကျယ်ကျယ်ပြန့် ပြန့် ဖွဲ့ စည်းလိုက်ပေမဲ့   အဲဒီအစိုးရ အဖွဲ့တွေကိုဘယ်သူ့ ကိုမှ သူက ကြိုတင် မညှိနှိုင်း ခဲ့ပါဘူး..တဲ့။ မကြာသေးခင်က  ဖွဲ့လိုက်တဲ့    ဒီမိုကရေစီနဲ့  ငြိမ်းချမ်းရေး ပါတီဝင်  တပ်မှူးဟောင်းကြီးတွေ ကိုတောင်ကြိုတင် ညှိနှိုင်းခြင်း မလုပ်ခဲ့ပါဘူး။

 

ဒီတော့   ဒီမိုကရေစီနဲ့  ငြိမ်းချမ်းရေးပါတီဝင်တပ်မှူးဟောင်းကြီးတွေ က အဖွဲ့ ထဲမှာ ဆွေးနွေးတိုင်ပင်ခြင်း မရှိလို့  သူတို့ လက်မခံနိုင်ဘူးလို့

ကြေညာလိုက်ပါတယ်။ တနည်းအားဖြင့် ကန့်ကွက်ခံလိုက်ရတယ်။ သူ့ အစိုးရ အဖွဲ့ ဝင်အဖြစ် ကြေညာခံထားရတဲ့တခြားပုဂ္ဂိုလ်များကလည်း သူတို့ ကို ကြိုတင်ညှိနှိုင်း တိုင်ပင်ခြင်းမရှိလို့  ဝန်ကြီးရာထူးများကို လက်မခံနိုင်ဘူးလို့  ကြေညာကြပါတယ်။ ဒါကြောင့်  (၉)ရက်နေ့မှာ ဖွဲ့ ပြီး နာရီပိုင်း အတွင်းမှာ   နှုတ်ထွက်သူအများဆုံးဖြစ်ပြီး  ခိုင်မာမှု ချိနဲ့ သွားတဲ့ အစိုးရအဖွဲ့ ဖြစ်သွားပါတယ်။ဘီဘီစီက ဦးနု ကို တယ်လီဖုံးနဲ့  ဆက်သွယ်ဆွေးနွေးတော့လည်း   ဦးနုက ကျနော့်စိတ်ထဲမှာ ဒီအချိန်မှာ ဒီလူတွေနဲ့ အစိုးရဖွဲ့ ဖို့စိတ်ကူးရလို့  ဖွဲ့စည်းလိုက်တာ။ ကျုပ်ကဘယ် သူ့ကိုမှ   တိုင်ပင်စရာမလိုဘူး။ဘာကြောင့်တိုင်ပင်ရမှာလဲ ဆိုတဲ့ စကားကို ကြားရတဲ့ တစ်ပြည်လုံးကပြည်သူလူထုမှာ   မျှော်လင့်ချက်ပျက်လို့  ဝမ်းနည်းကြရပါတယ်။

 

မူအားဖြင့် ဦးနုလုပ်ရပ်မှန်တယ်လို့ ကျနော်မြင်ပါတယ်။ဒါပေမဲ့ ဖြစ်သင့်တာက ၁၉၆၂ ခုနှစ် အာဏာအသိမ်းခံရစဉ်ကအစိုးရအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ သမ္မတ မန်းဝင်းမောင်၊ လွှတ်တော်သဘာပတိဗိုလ်မှူးအောင်၊ ဝန်ကြီး အဖွဲ့ ဝင်တွေဖြစ်တဲ့ ဗိုလ်ခင်မောင်တို့.ဦးသန်းစိန်တို့ လောက်ဆိုရင်လုံလောက်သလောက်ရှိနေပြီ။  စစ်အာဏာရှင်စနစ်ကို လူထုက လက်မခံ လို့   အလိုလိုဒီအစိုးရအဖွဲ့ ၀င်ဟောင်းတွေက အစိုးရအဖွဲ့ဝင်တွေ ပြန်ဖြစ်လာပြီ..။ ကျန်တဲ့  သူတွေက  ၀န်ကြီး အဖွဲ့ဝင်ဟောင်းများ..။

 

သမ္မတ..။ လွှတ်တော်ဥက္ကဌ နဲ့ ဝန်ကြီးချုပ်တို့ထံ လာရောက်ဆက်သွယ်သတင်းပို့ပါ။ လက်နက်ကိုင်အဖွဲ့ အစည်းများကလည်း သူ့ အစိုးရဟောင်းထံ သတင်းပို့ ပါ။နိုင်ငံခြားသံတမန်များကလည်း မူလ တရားဝင်  ဦးနု အစိုးရကိုဘဲ ဆက်သွယ်ပါ။သပိတ်အဖွဲ့  ပေါင်းစုံ အတွက်လည်း တစ်လ အတွင်း ရွေးကောက်ပွဲ လုပ်ပေးမှာမိုလို့   ဦးနုအစိုးရကို ထောက်ခံပါ။ အဲဒီလို.. ပုံစံသာဆိုရင် သမိုင်းမှာအခြေအနေ တစ်မျိုး ပြောင်းလာမယ်။ ဦးနုကို ဝမ်းပမ်းတသာ ထောက်ခံကြ မယ်လို့ကျနော်ထင်ပါတယ်။

 

သူကလည်း ထောက်ခံမှု ရချင်လို့  အရေးတော်ပုံအတွင်း ထင်ရှားလာတဲ့ခေါင်းဆောင်အချို့ ကို သူ့ အစိုးရထဲ ထည့်လိုက်တယ်။ အဲဒီ  ခေါင်းဆောင်တွေကလည်းအာဏာလိုချင်လို့  လုပ်တဲ့သူလို့ ကျောင်းသားနဲ့  ပြည်သူ အမြင်မှားသွားမှာကို စိုးရိမ်တယ်။ ကြိုတင်ဆွေးနွေး ချက်ကလည်း     မရှိလို့လက်မခံနိုင်။ ဒီလိုမျိုးနဲ့   ဖြစ်သင့်၊ ပေါ်ပေါက်လာသင့်တဲ့ကြားဖြတ်အစိုးရ တစ်ခုဟာ  ဦးနုရဲ့ ဗေဒင်ယတြာ  ယုံကြည်မှု..။သူထင်ရင် ဘယ်သူ့  မှ မတိုင်ပင်ဘဲဇွတ်တရွတ်လုပ်မှုကြောင့်..။ ကျောင်းသားပြည်သူ ထောက်ခံမှု မရဘဲ သောင်မတင် ရေမကျ ဟောင်းလောင်းကျန်ခဲ့တဲ့အစိုးရဖြစ်သွားခဲ့ရတယ်။ ရှစ်လေးလုံး လှုပ်ရှားမှုရဲ့ အထွတ်အထိပ်မှာ ဦးနုရဲ့ဇွတ်လုပ်မှု အရ သူ့ကို အားလုံးက ကျေးဇူးရှင်အဖြစ် ဝိုင်းဝန်း ထောက်ခံမှုကို ရသင့်ရက်သားနဲ့  မရဘဲ ဖြစ်ခဲ့ရပါတယ်။ သမိုင်းမှာ ဝမ်းနည်းစရာတစ်ခုပေါ့။

 

● ဒေါက်တာမောင်မောင်  လန့်ဖြန့် သွားပုံ

ဦးနုရဲ့  လုပ်ရပ်ကို စိုးရိမ်သွားတာကတော့ သမ္မတဒေါက်တာမောင်မောင်ရဲ့ မဆလပါ။ (၁၂) ရက်နေ့ မှာ ပါတီညီလာခံ..။ (၁၃)ရက်နေ့မှာ ပြည်သူ့ လွှတ်တော်ခေါ်ထားခဲ့ပေမဲ့..။ ဦးနုက သူ့ အစိုးရအဖွဲ့ ကြေညာလိုက်ပြီး   နောက် တစ်နေ့ဖြစ်တဲ့ စက်တင်ဘာ  (၁ဝ) ရက်နေ့မှာပဲပါတီညီလာခံရော ပြည်သူ့ လွှတ်တော်ပါ တပြိုင်နက် တနေ့ တည်း အပြီးခေါ်ပြီးပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပပေးဖို့

ဆုံးဖြတ်လိုက်ကြကြောင်း..။ သမ္မတ ဒေါက်တာ မောင်မောင် ကိုယ်တိုင် ကြေညာသွားပါတယ်။ ဦးဘဌေး ခေါင်းဆောင်ပြီး အဖွဲ့ ဝင် ငါးဦးပါတဲ့ ရွေးကောက်ပွဲကော်မရှင် ကိုလည်း သုံးလ အတွင်း  ရွေးကောက်ပွဲ ကျင်းပပေးနိုင်အောင်လုပ်ဖို့  တာဝန်ပေးလိုက်ပါတယ်။ ဒေါက်တာ မောင်မောင်က တီဗွီမှာဒီအကြောင်းကြေညာရင်း ပြောတဲ့ မိန့်ခွန်းမှာ တော့ “  မြို့နယ်အသီးသီးကမြို့ နယ် ကောင်စီရုံးတွေပေါ်မှာ တက်ပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ အဖွဲ့ အစည်းတွေကိုလဲ.. အမြန်ဆုံးဆင်းပေးကြဖို့ ”ဆိုပြီးလည်း တိုက်တွန်းသွားပါ တယ်။ တီဗွီမှာ သူ့ ပုံနဲ့သူ့ မိန့် ခွန်းကို ကျနော်တို့  အကဲခတ်ပါတယ်။ ယေဘူယျ အားဖြင့်…ရွေးကောက်ပွဲ ကျင်းပ ပေးမယ်ဆိုတဲ့ အချက်ပါလို့  သဘောကျပါတယ်။ ဒါပေမဲ့ ..တစ်တိုင်းပြည်လုံးက တနေ့တခြားမြင့်မားလာတဲ့ ဒီမိုကရေစီ အုံကြွမှု အရှိန်အဟုန်ကြီး အရ ဆိုရင်..အစက

ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပရေး အဆင့်ကနေ..။ အခု ဒီရွေးကောက်ပွဲကို ..မဆလ က ဦးစီး ကျင်းပပေးတာကိုမလိုချင်တော့ဘူး။ကြားဖြတ်အစိုးရ ဖွဲ့ ပေးပြီး   ကျင်းပ ပေးရမယ် ဆိုတဲ့ အဆင့်အထိတဆင့်မြင့်သွားပြီ။ ဒေါက်တာမောင်မောင်ရဲ့  လိုက်လျောချက်ဟာ.. လွန်ခဲ့တဲ့နှစ်ပတ်လောက်က ဆိုရင်.. အိုးစည်ဗုံမောင်းတီးပြီး    ကြို ဆိုရမှာပါ။အခုတော့.. ကျနော်သံသယ ရှိပါတယ်။ ဒီမိုကရေစီ လှုပ်ရှားမှုကြီးရဲ့ ထိပ်ပိုင်းက လက်ခံမှ လက်ခံပါတော့မလား။ လက်ခံရင်လည်း.. ဒါဟာ တပတ်ရိုက် ခံရတာ မဖြစ်နိုင်ဘူးလား။ကျနော်ဇဝေဇဝါဖြစ်နေပါတယ်။ ပြီးတော့လည်း နောက်ဆုံးမှာ မြို့ နယ်ကောင်စီရုံးတွေ ပေါ်တက်ပြီးအုပ်ချုပ်ရေးကိုင်နေတဲ့သူတွေကို ဖယ်ပေးဖို့ ပြောပုံဟာ အရင်တစ်ခါတုံးက မြို့ နယ် အုပ်ချုပ်ရေးကို ဝိုင်းဝန်းထိန်းသိမ်းခဲ့တဲ့ သူတွေကို ကျေးဇူးတင်ပါတယ်.. လို့ ပြောခဲ့တဲ့လေသံနဲ့  မတူတော့ဘူး။ ကျနော့် စိတ်မှတ်အရ“အမြန်ဆုံးဆင်းပြေးကြပေတော့”…ဆိုတဲ့ အသုံးအနှုန်းမျိုးတောင်သုံးသွားတယ်လို့  ထင်မိပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် နေ့လည် (၂)နာရီ လောက်ဒေါက်တာမောင်မောင် မိန့်ခွန်းပြောအပြီး… ညနေ သုံးနာရီ လေးနာရီလောက်မှာ   ဟိုင်းလပ်ကား ကလေးတစ်စီးနဲ့  ကျောင်းသားလေးတွေ မြို့ ထဲကိုလှည့်လာကြပါတယ်။ အသံချဲ့ စက်တပ်ပြီး မြသက်မူ  ရဲ့  ဗိုလ် ရှုသဘင်

သီချင်းကို ဖွင့်လာကြပါတယ်။

 

………..လွတ်လပ်တဲ့  မြန်မာပြည် …ထွတ်မြတ် တဲ့   ..စံ ဌာနီ….

……….မချွတ် အစဉ် ..လွတ်သဘင်…ဆင်နွှဲကြသည်…သဘင်ပွဲ နွှဲသံစီ..

……ဗမာ့ ဟန်ရေး..ရှေးထုံး မပျက်သည်…မရိုးစည်မောင်း…ရိုက်ညောင်း ဝေေ၀ စီ..

 

စည်တော်သံ နောက်ခံ နဲ့   တေးသံ..။ကားပေါ်က ကျောင်းသားလေးတွေရဲ့ရွှင်ပြုံးနေတဲ့ မျက်နှာလေးတွေ…။ ကွေးနေအောင် ကနေတဲ့..ကျောင်းသားလေးတွေ..။မြင်ရကြားရပြန်တော့.. ကျနော် မျက်ရည်မဆည်နိုင်အောင် ဖြစ်သွားပါတယ်။ သူတို့ ကလေးတွေကို..တကယ် ပျော်ကြစေချင်ပါတယ်။ ဒီတဆင့်ရောက်ဖို့  နည်းနည်းတော့ လိုနေသလိုမြင်ရပေမဲ့ စေ့စပ်ရေး သမားကောင်း တွေလည်းရှိမယ်..။ အစိုးရဘက်ကလည်းရိုးသားပြီး….. ပြဿနာကို ပြေလည်စေချင်တယ် ..ဆိုရင်။ နှစ်ဘက်မျက်နှာချင်းဆိုင် နိုင်ကြပြီး လမ်းတွေပွင့်လာကောင်းပါရဲ့။ တိုင်းပြည်ရဲ့ကံကြမ္မာ…။ကျောင်းသားလေးတွေရဲ့ ..အသက်ပေါင်းများစွာစွန့်ခဲ့ရကျိုး..နပ်ပါစေ။

 

ဒေါက်တာမောင်မောင်ကိုတော့.. မယုံကြည်ပါ..။

(ဓါတ်ပုံကို..ပေါင်းတည် ၁၉၈၈အရေးတော်ပုံအတွင်း (၂၂.၈.၁၉၈၈) အထွေထွေသပိတ်နေ့မှ ဓါတ်ပုံမှတ်တမ်းများကို ဖော်ပြထားသော..ပေါင်းတည်မြို့ရှစ်လေးလုံးလူထုအရေးတော်ပုံ ငွေရတု အထိမ်းအမှတ်စာအုပ်မှ ယူပါသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts