ကဗျာ

ငါ့ရဲ့ဘုရားသခင်များ

မောင်စိုးချိန်
ဇန်န၀ါရီ ၂၃၊ ၂၀၁၄

 

 

ငါ့ရဲ့ကိုးကွယ်အားထားရာသခင်
ဘဝထဲမှာမြင်နေရပေါ့
အနက်ရှိုင်းဆုံး
နိမ့်ကျနင်းပြား ဘဝအင်္သချေထဲ
ငါရဲရဲမြင်ခဲ့ပေါ့။

 

လူသေပြီးတဲ့နောက်
နောက်ဘဝလွတ်မြောက်ရေး
ငါ့အသွေးအသားထဲ အယုံအကြည်ကင်းမဲ့
လိုလဲမလိုဘူး ဘေးချိတ်ထားခဲ့လေရဲ့။

 

မျက်မှောက်ပစ္စုပ္ပန်ကာလ
အသက်ထင်ရှားရုပ်ဘဝ
နေ့ တဓူဝ သဘာဝတိုက်ပွဲ
မိခင်ဝမ်းကြာတိုက်လူဖြစ်စ
တိုက်ပွဲနဲ့ စ
လူ့ ဘဝနိဂုံး တိုက်ပွဲနဲ့ သာဆုံး
ကုန်ထုတ်လုပ်မှု့ တိုက်ပွဲ
လူမှုရေးတိုက်ပွဲ
လူတန်းစားတိုက်ပွဲ
ဒီမိုကရေစီတိုက်ပွဲ
ငြိမ်းချမ်းရေးတိုက်ပွဲ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်
ကိုယ်ပိုင်ပြဠန်းခွင့် တိုက်ပွဲ
စစ်သံဖနှောင့် အောက်ကလွတ်မြောက်တိုက်ပွဲ
အသက်ရှင်သန် ရုန်းကန်ရတိုက်ပွဲ
သမိုင်းအဆင့်ဆင့်
တိုက်ပွဲနဲ့ သာလွတ်မြောက်စေခဲ့………
တိုက်ပွဲထဲက လွတ်လပ်ရေးရစေခဲ့
လူ့ဂုဏ်သိက္ခာ ဆယ်ယူခဲ့လေရဲ့
တိုက်ပွဲတွေဟာ ကိုးကွယ်ရာ
တိုက်ပွဲတွေသာ စစ်ကျွန်ဘဝလွတ်မြောက်ရာ
ငါကိုးကွယ်ရာ ဘုရားသခင်ဖြစ်ခဲ့ပေါ့။

 

အို…..လှလိုက်တဲ့တိုက်ပွဲဘုရားသခင်တွေ
ဗကသ တိုးတက်ကျောင်းသားတွေ
အမှန်တရားချစ်……. တတ်လွန်းသူ
နင်းပြားလူထုဘဝ ရိုသေလေးစား
လူထုဘဝအတွက် ပေးဆပ်စွန့်စား
တိုးတက်အင်အားစုတွေ
ယခုတဖန် ထောင်ထဲရောက်ခဲ့ကြပြပေ
လက်ပန်တောင်းတောင် ဝန်းကျင်
သွေးစုတ်မြေအဖြစ်မှ ကင်းလွတ်ဖို့ တိုက်ပွဲ
ရွှေတွင်းတူး အလုပ်သမားတိုက်ပွဲ
အလုပ်သမားရပိုင်ခွင့် စက်ရုံထဲကတိုက်ပွဲ
စစ်မြေရှင်ပဒေသရာဇ်ကို ထိုးနှက်
စစ်မြေကျွှန် တို့ ရဲ့တိုက်ပွဲ
 ကိုယ်ပိုင်ပြဠန်းခွင့် အတွက်တိုက်ပွဲ
လှလိုက်တဲ့တိုက်ပွဲတွေ။

 

ဘဝအသက်ပေးဆပ်မှု စွန့်လွှတ်မှု
ကိုယ်ခန္တာချွှေးသွေးပေးဆပ်မှု
ကိုယ်ကျိုးစွန့် အနစ်နာခံမှု
မိသားစုဘဝ ကျိုးကြေပျက်စီးသွားမှု
အဲဒီအရာတွေနဲ့ ယက်လုပ်ထား
မြင့်မြတ်အလှတရားနဲ့ ရင်းနှီးထား
သွေးမြစ်သွေးအိုင်တွေနဲ့ ထုလုပ်ထား
တိုက်ပွဲတွေ……တိုက်ပွဲတွေ
အထွတ်အထိပ်မွန်မြတ်တိုက်ပွဲတွေ
ငါ့ရဲ့ကိုးကွယ်ယုံကြည်ရာသခင်
ငါကိုးကွယ်ခဲ့ပေါ့။

 

စစ်နင်းပြားဘဝ အင်္သချေထဲ
ငါရဲရဲကိုးကွယ်ခဲ့ပေါ့ ။
မောင်စိုးချိန်
၂၀၁၂၊ ၁၂၊ ၃၀

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts