Yan Naung (Bo Ta Htaung) သတင်းပဒေသာ

အဆိုတော်ကြီး တူးတူး အသက် ၅၀ ပြည့်ပြီ၊ အမှတ်တရ ရှိုးပွဲပြုလုပ်မည်

ရန်နောင် (ဗိုလ်တထောင်)
ဇန်န၀ါရီ ၂၁၊ ၂၀၁၄

စတူဒီယို ဂီတလောကတွင်   နှုတ်ခမ်းနီပျိုမေတို့၏အသည်းစွဲ ဖြစ်ခဲ့သူ အဆိုတော် တူးတူးက  အသက် ၅၀ ပြည့် ရွှေရတူမွေးနေ့ အမှတ်တရ စင်မြင့်ဖျော်ဖြေပွဲကို ယခု လကုန်ပိုင်း ရန်ကုန်မြို့တွင် ပြုလုပ်မည်ဟု တနင်္လာနေ့တွင် ပြောလိုက်သည်။

“သီချင်းတွေကတော့ အပုဒ်လေးဆယ်လောက်ဆိုဖြစ်မှာပါ။ အဆိုတော်စုံတွဲအနေနဲ့ ဟေမာနေဝင်းနဲ့ ကော်နီတို့ ပါမှာပါ။
တခြားလူငယ်ယောက်ျားလေးတွေလည်း ပါပါသေးတယ်။ The Aces Band နဲ့ လည်း မဆုံတာကြာပြီမို့ အဲဒါကြောင့် Aces Band နဲ့ဆိုမှာပါ” ဟု  တူးတူးက သတင်းထောက်များကို ပြောသည်။

ဇန်နဝါရီလ ၃၀ရက် ကြာသပတေးနေ့ ည ၇ နာရီ  ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားပြဇာတ်ရုံတွင်   ပြုလုပ်မည့် စတိတ်ရှိုးအတွက် လက်မှတ်များကို သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းခွဲ၊ ခုနှစ်ထောင် များဖြင့် ရောင်းချမည်ဖြစ်ကြောင်းလည်း သိရသည်။

တစ်ခေတ်တစ်ခါက ချစ်ကောင်း၏ မျက်မှန်နက်တပ်၍သီဆိုဟန်၊ တူးတူး၏ ဂျင်းဘောင်းဘီ ဂျင်းဂျက်ကတ်ဝတ်၍သီဆိုဟန်၊ ကော်နီ၏ ရော့ခ် သီချင်းအပြင်းစားများသီဆိုဟန်၊  ဟေမာနေဝင်း၏ အေးအေးဆေးဆေး သီဆိုဟန်များသည် ပရိတ်သတ်အများအပြား၏ အသည်း စွဲဖြစ်ခဲ့ပါသည်။

 

သူတို့သည် စင်မြင့်ဖျော်ဖြေပွဲများတွင် မတွေ့ရသလောက် နည်းပါးသွားခဲ့ကြောင်း၊ သူတို့အားကြည့်ချင်သူ ပရိတ်သတ်များ၏လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်  တခြားသော စင်မြင့်ဖျော်ဖြေပွဲများနှင့် မတူစွာ စီစဉ်တင်ဆက်သွားမည်ဟု လေးဇီးကလပ်မန်နေဂျာ စိုးနိုင် ထွန်း (အီကြာကွေး) က ပြောသည်။

 

ကြိုတင်လက်မှတ်များကို ၂၀၁၄ ဇန်နဝါရီ ၂၁ ရက်နေ့မှစ၍ ကိုကိုဗျူးတီးစလွန်း၊ ဒဂုံစင်တာ၊ တော်ဝင်စင်တာတို့တွင် ရောင်းချပေးသွား မည်ဖြစ်သည်။

 

တူးတူးနှင့်အတူ ချစ်ကောင်း၊ ဟေမာနေဝင်း၊ ကော်နီနှင့် လူငယ်အဆိုတော်များလည်း အားဖြည့်သီဆိုကြမည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts