Maung Swan Yi

Maung Swan Yi – Me and BSPP

မဆလပါတီနဲ့ ကျနော့်အကြောင်း

မောင်စွမ်းရည်၊ နိုဝင်ဘာ ၄၊ ၂၀၁၃

ရဲဘော်များ မိတ်ဆွေများ ခင်ဗျား

ဒီနေ့ ကျနော်ပြောချင်တာကတော့ မဆလပါတီနဲ့ကျနော့်အကြောင်း ပါပဲ။ မဆလဆိုတာ အတိတ်သမိုင်း ဖြစ်ခဲ့ပြီ ဆိုတော့ ဒီခေတ်လူငယ်တွေ သိအောင် ရှင်းပြရဦးမယ် ထင်ပါတယ်။ ဗိုလ်နေ၀င်းက ပြည်သူလူထုကို လှည့်စားနဲ့ အနေနဲ့ စစ်တပ်ပါတီတရပ်ကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လို့ အမည်ပေးပြီး ထူထောင်ခဲ့ပါတယ်။ အတိုကောက်ခေါ်တော့ မဆလ တဲ့။ အများပြည်သူတွေက “မဆာလာ” ပါတီလို့ ချက်ချင်း အမည်ပြောင်းပေးလိုက်ကြတော့ ဗိုလ်နေ၀င်းတို့ကိုယ်တိုင် သူတို့ပါတီကို မဆလ လို့မခေါ်ဝံ့တော့ဘဲ၊ လမ်းစဉ်ပါတီ လို့ပဲ အတိုကောက် ခေါ်လိုက်ကြပါတော့တယ်။ ဗမာလူမျိုးဆိုတာက သူတို့မကြိုက်တော့ဘူး ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးကို တောင် ဗိုလ်ချုပ်ကွယ်လွန်ပြီးနောက် ဖက်ဆေးပေါ့လိပ် (၉ ဖင်ဆေးပုလင်း) လို့ခေါ်ပြီး ပါးစပ်တိုက်ပွဲ ၀င်ပစ်လိုက်ကြတာ မဟုတ်လား။

မဆလာ ခေါ် မဆလပါတီ ပေါ်ပေါက်စက ကျနော်က မန္တလေးမှာပါ။ အလွတ်ပညာသင်ကျောင်းမှာ စာပြနေရာက ကျောင်းကို ပြည်သူပိုင်သိမ်းလိုက်တော့ အစိုးရကျောင်းဆရာ ဖြစ်လာခဲ့ပါတယ်။ အစိုးရ၀န်ထမ်းတွေ နိုင်ငံရေးမလုပ်ရဘူး၊ လုပ်ချင်ရင် အလုပ်ကထွက်ပြီး လုပ်ကြလို့ ဆိုထားပေမယ့် မဆလနိုင်ငံရေးပါတီကိုတော့ စုပြုံဝင်ကြရပါတယ်။ ကျနော့်သူငယ်ချင်းတော်တော်များများ မဆလပါတီဝင်သွားကြပြီး အကောင်ဗလောင်တွေတောင် ဖြစ်ကုန်ကြပါတယ်။ သူတို့က ကျနော် ပါတီမ၀င်သေးတာ တွေ့တော့ မေးကြပါတယ်။

“တက္ကသိုလ်မှာ ခင်ဗျားတို့နဲ့ ပေါင်းမိလို့ ကျနော်တို့တတွေ နိုင်ငံရေးစိတ်ဝင်စားလာခဲ့ကြရတယ်။ ခုအခါ ခင်ဗျားတို့ပါတီမ၀င်တာ ဘာသဘောလဲ …” တဲ့။

“ဟ … တသက်လုံး (ဖဲရိုက် မြင်းလောင်းနဲ့) မကောင်းမှုချည်း လုပ်လာတဲ့ လူက ပါတီဥက္ကဌ လုပ်မယ် ဆိုတော့ ငါဘယ်လိုလုပ် ၀င်မလဲကွ” လို့ ပြန်ပြောလိုက်တော့ …

“ခင်ဗျား ပြောပုံက ကျနော်တို့တောင် ပြန်ထွက်ရပုံ ပေါ်နေပြီ …” တဲ့။

ဒီလိုနေရင်းက ကျနော် ရန်ကုန်ပြောင်းရတယ်။ ပညာရေးသုတေသနဌာန ကျောင်းသုံးစာအုပ် ကော်မီတီမှာ အလုပ်ဝင်ရပါတယ်။ ရောက်စမှာ လခထုတ်တော့ စမ်းချောင်း အထက (၁) မှာ ထုတ်ရပါတယ်။ တခါတောငါ စာရင်းရှိ ကျောင်းဆရာအားလုံးကို စမ်းချောင်းပါတီယူနစ်က အစည်းအဝေး ခေါ်ပါတယ်။

“အားလုံးပါတီဝင်တွေပေါ့နော် ..” လို့ ပြောပြီး ပါတီဥက္ကဌကြီးက ဆွေးနွေးပွဲ စပါတယ်။ ကျနော်က “မဟုတ်ပါဘူး ခင်ဗျာ။” လို့ ပြောတော့ အံ့အားသင့်သွားပါတယ်။

“ဆရာက ပါတီဘာဖြစ်လို့ ပါတီမ၀င်သလဲ” တဲ့။

“နိုင်ငံတော်အစိုးရက ၀န်ထမ်းတွေအားလုံး ပါတီမ၀င်မနေရ လို့ သတ်မှတ်ထားပါသလား ခင်ဗျာ” လို့ ကျနော်က ပြန်မေးတော့ …

“ဟာ ဒီလိုတော့ မရှိပါဘူး …” တဲ့၊ အကျိုးအကြောင်း သိချင်လို့ မေးတာပါ တဲ့။

“ကျနော့်အမေက ပါတီတွေ ဘာတွေ မ၀င်နဲ့ပြောထားလို့ပါ” ဆိုတော့ ဆရာတွေ ၀ိုင်းရယ်ကြတဲ့အခါ ဥက္ကဌကြီးမျက်စေ့မျက်နှာ ပျက်သွားရှာပါတယ်။

“ဆရာက နောက်နေပြန်ပြီ” တဲ့။ ကျနော်က မနောက်ရဲပါဘူးခင်ဗျာ။ ကျနော် ရှင်းရှင်း သိထားချင်လို့ပါ။ ပါတီ မ၀င်ရင် ရာထူးမတိုးဘူး၊ အပြောင်းအရွှေ့ မစဉ်းစားဘူး ဆိုတာတွေရော ဟုတ်သလား၊ မသိုးမသန့် ကြားမိလို့ပါ ခင်ဗျာ” လို့ ထပ်မေးမိပါတယ်။

ဥက္ကဌကြီးက …“ ဟာ ဒီလိုလည်း လုံးဝ မရှိပါဘူးဗျာ” လို့ ဖြေပါတယ်။

“ဒီလိုဆိုရင် ကျနော်မ၀င်ပါရစေနဲ့၊ မ၀င်ရတာကလည်း ဘာအကြောင်းမှ မဟုတ်ပါဘူး။ ကျနော့်အမေက ဘာပါတီမှ မ၀င်နဲ့ လို့ ပြောထားလို့ သက်သက်ပါပဲ။ ကျနော်တို့ အမျိုးက ၀ံသာနု သခင်ခေတ်၊ သခင်တွေခေတ်ကတည်းက နိုင်ငံရေးမျိုးတွေပါ။ ခုလည်း အလံနီထဲမှာရော ဗကပထဲမှာရော အမျိုးတွေ ရှိကြပြီး တိုက်ပွဲတွေ ကျကုန်ကြလို့ ကျနော်တို့ အမျိုးဟာ မုဆိုးမမျိုး ဖြစ်နေပြီ။ “ အမျိုးထဲမှာ ငါ့သားတယောက်ပဲ ယောကျာ်းလေးရယ်လို့ ထီးထီးမားမား ကျန်ခဲ့တာမို့ နိုင်ငံရေးပါတီတွေ မ၀င်ပါနဲ့ကွယ်” လို့ အမေက တားထားတာပါခင်ဗျာ၊ ခွင့်လွှတ်ပါ၊ ပါတီဝင်မဟုတ်တဲ့ အတွက် ကျနော့်ကို သွားခွင့်ပြုပါ၊ ကလေးတွေ ကျောင်းကြိုစရာရှိလို့ပါ …” ဆိုပြီး ထလာခဲ့ပါတော့တယ်။

ဒီလိုနဲ့ အစိုးရ၀န်ထမ်းတွေ အားလုံးနီးပါး ၀င်ကြတဲ့ မဆလပါတီမှာ ကျနော်ဟာ ပါတီမိတ်ဆွေတောင် မဖြစ်ခဲ့ရတော့ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်လာတော့  “ပါတီရန်သူ” ပဲ ဖြစ်ခဲ့ရပါတယ်။ ပါတီဝင်တွေအားလုံးလောက်ကလည်း ဆန္ဒပြရာ ပါဝင်ကြပြီး ပါတီရန်သူတွေ ဖြစ်ကုန်ကြပါတယ် ခင်ဗျား။

ကျနော် မောင်စွမ်းရည်ပါ။

(ဗီအိုအေ သက်ကြီးစကား သက်ငယ်ကြားကဏ္ဍအတွက် ပြောဖို့ရေးထားတဲ့စာကို အနည်းငယ် ဖြစ်စွက်လိုက်ပါတယ်။)

အောက်တိုဘာ ၂၀၊ ၂၀၁၃။ နယူးယောက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts