ရသဆောင်းပါးစုံ အုန်းနိုင်

ဒီမိုကရေစီအရေးတော်ပုံ – (၂၃)

အုန်းနိုင်
ဇန်န၀ါရီ ၁၇၊ ၂၀၁၄

 

● လေချိုသွေးတဲ့ ဒေါက်တာမောင်မောင်

ရန်ကုန်က သတင်းတွေ   နားထောင်ရတာကလည်း နေ့စဉ်ဆန္ဒပြပွဲတွေအကြောင်းတွေပါ..။ အဲ ..စက်တင်ဘာ (၁) ရက်နေ့ ဆန္ဒပြပွဲကတော့ ရန်ကုန်မှာ မိုးထဲရေထဲမှာကို အကြီးဆုံးဆန္ဒပြပွဲကြီးပါ။ ဒီဆန္ဒပြပွဲကြီးကလည်း ပါတီစုံဒီမိုကရေစီ စနစ်တည်ဆောက်ရေး၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရေး၊ ဒီရွေးကောက်ပွဲကို ကြီးကြပ်ဖို့ ကြားဖြတ် အစိုးရဖွဲ့စည်းရေးကိုဘဲ တောင်းဆိုတာပါ။ စက်တာင်ဘာ (၁) ရက် ဆန္ဒပြပွဲဟာ မိုးထဲလေထဲမှာတောင် ဒီလောက် အင်အားကြီးမားလှတာမို့ သမ္မတဒေါက်တာမောင်မောင်က ညတီဗွီမှာ မိန့်ခွန်းပြောမယ်လို့ ကြေညာရပါတော့တယ်။ သူ ဘာတုန့်ပြန်သလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။

 

ဒေါက်တာမောင်မောင်ဆီက တစုံတရာအဖြေတော့ရမှာပဲလို့ မျှော်လင့်ပြီး လူထုက တီဗွီကို စောင့်နားထောင်ပါတယ်။ ကျနော်တို့ နယ်မြို့ တွေကလည်း ဒေါက်တာမောင်မောင် မိန့်ခွန်းကို စောင့်နားထောင်ကြပါတယ်။ ဒေါက်တာမောင်မောင်ရဲ့ မိန့်ခွန်းလာတော့ အခြေခံဥပဒေနဲ့ မကိုက်ညီလို့ ကြားဖြတ်အစိုးရဖွဲ့ မပေးနိုင်ဘူးဆိုတာဘဲ ထပ်ပြောပြီး (၁၂) ရက်နေ့မှာ အရေးပေါ်ပါတီညီလာခံခေါ်မယ်။ နောက်တစ်နေ့မှာ လွှတ်တော်ခေါ်မယ်။ အဲဒီမှာ တစ်ပါတီစနစ်နဲ့ ပါတီစုံစနစ် ဘယ်ဟာကြိုက်သလဲဆိုတာ တင်ပေးမယ်။ ပါတီစုံကို သဘောမတူဘူးဆိုရင် သူလည်း နုတ်ထွက်ပေးမယ်ဆိုတာလောက်ပဲ ထူးခြားတာပါတယ်။

 

ကျောင်းသားသမဂ္ဂလည်းဖွဲ့ ခွင့်ပေးမယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်လက ဖျက်ဆီးခံခဲ့ရတဲ့ တကသအဆောက်အဦကြီးကို ပြန်ဆောက်ပေးမယ်။ ဒီဆန္ဒပြပွဲမှာပါခဲ့တဲ့သူတွေ ဝန်ထမ်းတွေကို အရေးမယူဘူး။ ရပ်ကွက်လုံခြုံရေးကို ဝိုင်းဝန်းစောင့်ရှောက်ပေးတဲ့ ဘုန်းတော်ကြီးများနဲ့ ရပ်မိ ရပ်ဖများကို ကျေးဇူးတင်ပါတယ်။ ဆိုတာတွေပါတယ်။ သမဂ္ဂအဆောက်အဦကြီးကို ကျောင်းသားတွေနဲ့ လက်တွဲပြီး ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြစို့ဆိုတဲ့ လေချိုသွေးသံပေးပေမဲ့ ပြည်သူလိုလားတဲ့အချက်တွေကို မပေးနိုင်ဘူး။ ပါတီစုံလား တစ်ပါတီလားဆိုတာဘဲ ပြန်ပြီး

လွှတ်တော်တင်ပြဦးမယ်ဆိုတာကို ပြည်သူက မကြိုက်နိုင်ပါ။ ပြည်သူဘက်က ပါတီစုံရွေးကောက်ပွဲ ဆိုတာ ပြတ်နေပါပြီ။

 

ဦးတင်အောင်ဟိန်းရဲ့  “ပြည်သူ့ဆန္ဒခံယူရေးကော်မရှင်” ဆိုတာကြီးတောင် ချက်ခြင်းပိတ်ပစ်လိုက်ရပြီဘဲ။ ဒါကို လွှတ်တော်က သဘောမ တူရင် သူနုတ်ထွက်ပေးမယ်ဆိုတာ လေးလောက်ဘဲ အထူးအဆန်းပါပါတယ်။ ဒါကြောင့် သူ့မိန့်ခွန်းဟာ ပြည်သူလူထုရဲ့ အာရုံကို မဆွဲ ဆောင် နိုင်တော့ပါ။ လူထုက သူ့ရှေ့ ရောက်နေပြီး ..သူက နောက်ကလျှောက်လိုက်နေတာပဲ ဖြစ်နေပါတယ်။ နောက်တစ်နေ့မှာတော့ တက္ကသိုလ်အမှုဆောင်ဟောင်း ကိုလှရွှေက… တကသ အဆောက်အဦဆောက်ဖို့ ဒေါက်တာမောင်မောင်ရဲ့ အကူအညီမလိုပါဘူး။ ပြည်သူ သန်းလေးဆယ်က တစ်ယောက်တစ်ကျပ်စီ ထည့်ရုံနဲ့ကိုယ့်ဖာသာကိုယ် ဆောက်နိုင်ပါတယ်လို့  တုန့်ပြန်လိုက်ပါတယ်။

 

ဒေါက်တာမောင်မောင်ရဲ့ မြို့ နယ်ရပ်ရွာလုံခြုံရေးကို ကြည့်ရှုစောင့်ရှောက်တာတွေကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကြောင့်လား မသိ ဘူး။ နယ်တွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ တော်တော် ဝင်ရောက်လုပ်ကိုင်လာကြပါတယ်။ နတ်တလင်းမြို့မှာဆိုရင် ကောင်စီဥက္ကဌ ကားကို သပိတ်အဖွဲ့ ကယူစီးပြီး နယ်ဆင်းတာတွေလုပ်လာပါတယ်။ ပြည်မှာလည်း အုပ်ချုပ်ရေးလုပ်ငန်းတွေကို သပိတ်ကော်မီတီနဲ့ ဘုန်း ကြီးများကပေါင်းပြီး ကောင်စီရုံးတွေမှာ ရုံးထိုင်ကြပါတယ်။ ဒီတော့ …ဒီမြို့မှာလည်း  ကောင်စီဥက္ကဌကားကို စီးချင်တဲ့သူ …။ ကောင်စီရုံးကို တက်ထိုင်ချင်တဲ့သူတွေ ပေါ်လာပါတယ်။ ကျနော်ရှိနေတော့ ကျနော့်ကိုလည်း မကျော်နိုင်၊ သူတို့ချည်းလည်းမလုပ်ရဲ။ ကျနော်ကလည်း လက်ရှိ မြို့အုပ်ချုပ်ရေး စီမံခန့်ခွဲမှုကို သူတို့လက်ထဲထား။ ကိုယ်က ဒီမိုကရေစီအရ လုပ်ချင်တာ လုပ်ခွင့်ရနေပြီပဲ။ တော်ပြီလို့  သဘော ထားတယ်။ အုပ်ချုပ်ရေးကိုင်လိုက်ရင် ကိုယ့်တပ်ကိုယ် ပြန်နင်းရတာမျိုး ဖြစ်မယ်လို့ ပြောရတယ်။

 

အဲဒီအတွင်းမှာ မြို့ မှာရှိတဲ့ ဆန်ဂိုဒေါင်တွေ အဖောက်ခံရပါတယ်။ ရဲတွေက ထွက်ပြေးပါတယ်။ စစ်တပ်က ဗိုလ်မှူးက ကျောင်းသားတွေကို  အကူအညီ လာတောင်းပါတယ်။ ကျနော်ကတော့  မပေးပါ။ ဒါပေမဲ့ ဒါမျိုးကို  လုပ်ချင်နေတဲ့လူအချို့နဲ့ ကျောင်းသားအချို့ ပါသွားတယ်။ ဒီ တော့ ..ကျောင်းသားတွေကို  ရှေ့ ကတင်ပြီး ဂိုဒေါင်တွေ ပြန်ထိန်းသိမ်းနိုင်ပါတယ်။ ဆန်အိတ်တချို့တော့ ပါသွားတာပေါ့။ ဆန်တွေကို အ ဓိက ဘယ်ကိုသယ်သွားလဲဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမဲ့ မသိလိုက်မသိဖာသာပဲ နေလိုက်ကြတယ်။

 

ဒီကိစ္စကို နမူနာအဖြစ်ပြောရတယ်။ အုပ်ချုပ်ရေးတစ်ခုလုံး ကိုယ်ကယူထားရင် ဒီလိုကိစ္စမျိုးမှာ ကိုယ်နာမည်ပျက်မယ်။ တရားခံ ဘယ် သူတွေလဲ သိရက်နဲ့ မဖမ်းပဲနေရင် အပြောခံရမယ်။ သူတို့အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ကြားခံထားတော့ နာမည်ပျက်စရာရှိရင် ကိုယ်မပျက်ဘူး ပေါ့။ လုပ်ချင်တဲ့သူတွေကတော့ အောင့်သက်သက်ပေါ့။

 

“ဟိုတုန်းက နိုင်ငံရေးသမားဟောင်းကြီးများဖြစ်တဲ့ ပမညတက ဦးသိန်းတို့  ပြည်သူရဲဘော်ဟောင်း ဦးသိန်းမြတို့နဲ့   ရပ်ကျေးကောင်စီဥက္ကဌ

ဟောင်း ဦးထွေးတို့ က ကျနော့်ကို အာဏာယူလိုက်ပါလားလို့  ပြောတယ်။ မဆလပါတီက သန့်စင်ခံထားရတဲ့ ဦးတင်လှိုင်ကလည်း ဒီလိုဘဲ တိုက်တွန်းပါတယ်။

ဦးထွန်းရင်နဲ့ ဦးအောင်လေး (ဦးအောင်ကြီးညီ) တို့ကတော့ “မင်းမလုပ်ချင်ရင်တောင် လုပ်ချင်တဲ့သူတွေနဲ့ ရဲနဲ့တွဲပေးလိုက်ပါလား” လို့  ပြောလာကြပါတယ်။ ကျနော်စဉ်းစားပါတယ်။

 

အခုလည်း ကိုယ့်မြို့ကိုယ် ထိန်းနိုင်နေသားဘဲ။ ဘာလို့  အာဏာလွှဲယူလိုက်ရမှာလဲ။ အခုလည်း လုပ်စေချင်တာတွေ..သူတို့ကိုပြောရင် အမှုထမ်းတွေက အားလုံးနားထောင်တယ်။ ကောင်စီအဖွဲ့ဆိုတာကတော့ မြို့ မှာတောင်မရှိတော့ဘူး။ ကောင်စီအတွင်းရေးမှူးက လူလွှတ်ပြီး မေးပါတယ်။ သူဘာလုပ်ရမလဲတဲ့။ ဘာမှ မလုပ်နဲ့ ..။ ကိုယ့်ရပ်ကွက်နဲ့ ကိုယ်အဆင်ပြေအောင်ဘဲနေ။ သူတို့လှုပ်ရှားမှုတွေနဲ့ လိုက်လျော ညီထွေနေလို့ ဘဲပြောလိုက်ပါတယ်။ ဒီတော့ ကျောင်းသားသပိတ်အဖွဲ့တွေမှာ သူ့သမီးတွေလည်းပါချင်လို့  လာခေါ်ပါလို့ပြောပါတယ်။ ပါတီအတွင်းရေးမှူးရဲ့ သမီးတွေတောင် ကျောင်းသူတွေမို့ သူတို့ဘာသာ သူတို့သပိတ်စခန်းလာကြသေးတာ သူတို့ လည်း ကိုယ့်ဖာသာကိုယ်

ဆန္ဒရှိရင် လာကြပေါ့လို့ ပြောလိုက်တယ်။ မကြာခင်..သူတို့လည်း သပိတ်စခန်းရောက်လာပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts