ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၉)

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဇန်န၀ါရီ ၁၀၊ ၂၀၁၄
တန်းပိတ် သံချောင်းသည် နေ့တစ်နေ့၏ အနားသတ်မျဉ်းကို ဆွဲလိုက်သည်။ ညနိဒါန်း မဖွင့်သေးသော်လည်း နေ့နိဂုံးကတော့ ပြီးဆုံးသွားပြီ။ ထောင်တစ်ခုလုံး သော့ခလောက်များ၏ ထိမ်းချုပ်မှုအောက်သို့ ကျရောက်လျှက်၊ လှောင်ချိုင့်ထဲရှိ လူသားများက ကမ္ဘာသစ် တစ်ခု ဖန်တီးမှုအတွက် ပြင်နေကြသည်။ သူတို့ဖန်တီးသော ကမ္ဘာသည် ကျဆုံးနှိုင်သော စိတ်ဓာတ်ကို မောင်းတင်းရန် ဝီရရသ စိုက်ထည့် ထားသလို အသစ် ရောက်ရှိလာသူတို့အတွက် နွေးထွေးမှုကိုပါ စိုက်ပျိုးထားကြသည်။ အိမ်လွမ်းစိတ်ဖြင့် အမြင့်ပျံနေသော ဝိညာဉ်ငှက်တို့ကို သံတိုင်ထဲရှိ မူလနေရာသို့ ပြန်လည်ခေါ် ထားကြသည်။ စိတ်နှင့်ကိုယ် တထပ်တည်း ရှိအောင် ဘိုးဘိုးကြီး၏ နှိုးဆော်သံက ရုတ်တရက် ထွက်လာခဲ့သည်။ 

 

“စားထားကြဟေ့ ခနနေ  စမယ်”

 

သံတိုင် အတွင်းထဲမှ ညအလှဆင်ပွဲ ဆိုတာဘာတွေလဲဟု ရင်ခုန်နေမိသည်။ ပျော်စရာ တစ်ခုခုတော့ဖြစ်လိမ့်မည်ဟု တွက်ဆလို့ရသည်။ ကိုယ့် အခန်းထဲမှာလည်း သီချင်းဆိုတတ်သူကိုရွေး ထားလိုက်သည်။ ဇော်ဟန်နှင့်ထွန်းထွန်းဦး တို့သီဆိုကြမည်။ ကိုယ်ကတော့အခြေနေ ကြည့်ပြီး ကဗျာရွတ်မည် ။

 

လူသားတို့ကိုသံတိုင်နှင့် သော့ခလောက်တိုဖြင့်ထိမ်းချုပ်ထားသော်လည်း ထိမ်းချုပ်၍ မရသော အရာတစ်ခုကိုတော့ လူတိုင်းကိုယ်စီ ပိုင်ဆိုင်ထားကြသည် ။  ထိုအရာကား မှန်ကန်သော အလုပ်တစ်ခုကိုငါတို့ လုပ်ခဲ့ကြသည် ထိုအလုပ်အတွက် နောင်တ တရားဘယ်တော့မှမရ ဟူသောစိတ်။  ထိုစိတ်နှင့်အတူ ယုကြည်ရာ ခရီးကို ဆက်လျှောက်မည်ဆိုသောစိတ်ကို ဘယ်သူကမှ ချုပ်နှောင်၍ မရ။

 

“ကျနော်တို့၂ဆောင်မှာရှိနေတဲ့ ရဲဘော်များခင်ဗျာ ကျနော်တို့ဆီကို မကြာမှီ ကမှ ရောက်ရှိလာတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေကို ကျနော်တို့ က လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အနေနဲ့  ကျနော်တို့အနုပညာကိုဖွင့်ထုတ်ကြပါစို့ ကဲ တစ်ခန်းက စမယ်”

 

ဘိုးဘိုးကြီး၏စကားသံ အဆုံးမှာ စောစောက စကားပြောသံတို့ဖြင့် လွှမ်းအုပ်ထားသော ၂ ဆောင်အောက်ထပ်တစ်ခုလုံး တိတ်ဆိတ်သွား သည်။ အတန်ငယ်ကြာသည်အထိ ဘာမှထွက်မလာသေး။

 

“ဟေ့ ဝက်ခလေး ဝက်ခလေး စတော့လေကွာ ”

“ဝက်ခလေးတို့ စာကလေးတို့ စပါတော့ဗျို့”

 

အခြားအခန်းတွေက အော်သံတွေပါထွက်လာသည်။ သူတို့တွေ နာမည်ပြောင်ဖြင့် အချင်းချင်း ခေါ်ဆိုနေတာကို ကြားလိုက်ရတော့ တစ်ယောက် နှင့် တစ်ယောက် ၏ ရင်နှီးချစ်ကြည်မှုကိုပါ မြင်လိုက်ရသည်။ သူတို့က ဘော်ဒါဆောင်ရောက်နေတဲ့ ကျောင်းသားတွေလိုပါပဲလား ။အခြား သိမြင်လိုက်ရတာ တစ်ခုကတော့ အာဏာရှင်ရဲ့ ရက်စက် ယုတ်မားမှုကြောင့် သူတို့တွေ၏ စိတ်ဓာတ်များ ပြိုကျ မသွားခြင်းအလျှင်းမရှိတာကိုပါတွေ့လိုက်ရသည်။

 

“ကဲစမယ် ကျနော်စာကလေးက စ ဆိုပါမယ် စားလို့သောက်လို့ခုမှပြီးတာဗျို့”

 

သူတို့ ချက်ခြင်း သီချင်းစမဆို ဖြစ်ခြင်း အကြောင်းကိုရှင်းပြပြီ တဆက်တည်း သီးချင်းသံ ထွက်လာသည်။ သူဆိုသည့်သီချင်းက ခိုင်ထူး၏ အားလုံးကို ကျော်ဖြတ်ရမယ် ဖြစ်သည်။ သူသီဆိုနေစဉ် တေးသီချင်းထဲက စာသားများကိုပါ လိုက်ပါခံစားနေမိသည်။ အဆိုးတွေ ဆိုတာ လဲ ဘဝမှာတွေ့ရတတ်တာပါပဲ။ သောကတွေထဲက နေ ခေါ်ထုတ် နှိုင်စွမ်း ရှိနေသည်က သေချာလွန်းသည်။ သီချင်းသံအဆုံးမှာ ကောင်းဗျို့ ကောင်းဗျို ဟူသောအသံ နှင့် ဒီးဒီး ဟူသောအော်သံများအခန်းတိုင်းကထွက်လာသည်။

 

“၂ခန်း ကတယောက်ချီးမြှင့်ပေးပါဗျို့”

 

၂ ခန်းတွင် ကရင်လူမျိုးခရစ်ယန်ဘုန်းကြီး တစ်ပါးရှိသည်။ သူက ဆုတောင်းစကားပြောပေးသည်။ တစ်ခန်းပြီးတစ်ခန်း ဆက်ဆိုလာကြ သည်မှာ အခုတော့ (၇) ခန်းအလှည့်ကိုရောက်လာသည်။ ထွန်းထွန်းဦး သံတိုင်နား တွင်နေရာယူလိုက်သည် ။သံတိုင်ကိုင်ပြီး သီချင်း ကိုစဆိုသည်။ သူသီဆိုသည့် သီချင်းက

“ပျံသာပျံပါ ခွပ်ဒေါင်းနီ…….. ”

 

သီချင်း စာသားထဲက စကားလုံးများက စိတ်ကို အမြင့်ဆုံး ဒီဂရီအထိ ဆွဲခေါ်သွားခဲ့သည်။ အခန်းတိုင်းအခန်းတိုင်း၏ ကောင်ချီးပေးသံကား ဝေဝေဆာဆာ ထွက်ပေါ်လာသည်။ ထောင်ထဲ ရောက်စတစ်ယောက်တွင် တွေ့မြင်လိုက်ရသော စိတ်ဓာတ်ကိုပါ ရဲဘော်တွေကိုပြသလိုက်သလိုရှိသည်။ တစ်ခန်းပြီးတစ်ခန်း ဆက်ဆိုလာကြည်မှာ ယခုဆိုလျှင် ၁၂ ခန်းအလှည့်သို့ရောက်လာသည် ။ ဘိုးဘိုးကြီး က ယခုအလှည့်ကျတာကတော့ (၁၂) ခန်းဖြစ်ပါတယ် ဆိုတဲ့စကားအဆုံးမှာ -သံပြိုင်ထွက်လာသည်က

 

“ကုလား နှင့်ညားတဲ့ ငါ့ရည်းစား ဆိုပါဟေ့ ”

“ဟုတ်တယ် ဟုတ်တယ် ထောက်ခံပါတယ် ”

 

တစ်ယောက်ယောက်ကို နောက်နေမှန်းသိသာသည်။  ဘယ်လိုပဲဖြစ်ဖြစ် ပျော်စရာတော့ကောင်းနေသည်။ ထောင်ဆိုတာ ကြောက်စရာ လန့်စရာ အဖြစ် ပြောသံကြားဘူးခဲ့တာတွေကို ခုထက်ထိတော့မတွေ့ရသေး။ (၅-ည) အားလုံး စုစည်းနေမှုကို ရန်သူသာသိရင် တော်တော်ကျေကွဲမည်။ သူတို့ဖြစ်စေချင်သည်က သောကတွေနဲ့ စိတ်ဓာတ်ချုံးချုံးကျ ဖြစ်စေချင်သည်။ ခုတော့ လူတွေအားလုံး အပြုံးမပျက် ။

 

ညသည် တေးသီးချင်းများနှင့် လန်းဆန်းနေသည်။ တစ်ယောက်နှင့် တစ်ယောက် နောက်ပြောင် ပြောဆိုနေကြသည်ကလည်း ကြည်နူးမှုတစ်ခုကို ဖန်တီးနေသလိုရှိသည်။ အနုပညာ၏ အစွမ်းကြောင့်လား ယုံကြည်ချက်ကြောင့် စိတ်ဓာတ်တွေ ခိုင်မာနေသလား ဆိုတာက ခွဲခြားရခက်နေသည်။ နှစ်မျိုးလုံး ရောယှက်ထား တာလည်းဖြစ်နှိုင်သည်။ ခု(၁၂) ခန်းကပင် ပြန်စဆိုမည် ။ အသံကို ကြားလိုက်သည်နှင့် သားလေး အသံမှန်း ချက်ခြင်းသိလိုက်သည်။ သူ့သီချင်းကြားမှပင် ကိုယ်တွေမရှုံးမှန်းသဘောပေါက်လိုက်သည်။  ဘာတဲ့ သူ့သီချင်းစာကသားက

 

“မေမေရဲ့ သားနိုင်တယ်  အန္တရာယ်တွေရင်ဆိုင်နွှဲ တိုင်း ”

 

ယုံကြည်ချက်ဖြင့် စိုက်ထူထားသောနေ့ရက်များသည် မယိုင်လဲသော နေ့ရက်တို့ပင် ။ ထောင်ထဲက ညတွေကိုဘယ်လိုဖြတ်ကျော်ကြသည် ဆိုတာ ကိုလက်တွေ့သင်ယူနေရသလိုရှိသည်။  စာရွက်စာတန်းကိုလက်ဖဝါး တစ်ခုစာတောင် ထားလို့မရသော နေရာတွင် အခက်အခဲ ပေါင်းများစွာကြားက ဖတ်ဖို့ စာအုပ် ရဖို့ ဆိုတာ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင် ပင်။ ညတွေကို စာတွေဖတ်ပြီးကျော်ဖို့ဆိုတာ လုံးဝ မဖြစ်နှိုင်သောကိစ္စ ။ဒီတော့ သီချင်းတွေဆိုကြမည်။ သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံ ဖလှယ် ပြီး အချိန်တွေကို ဖြိုချ ပစ်ရမည်။

 

“(၇) ခန်းက ကဗျာရွတ်ပါ ဗျို့  ဦးဇင်း အလှည့်ရောက်ပြီ ”

 

ကိုယ့်က ကဗျာရွတ်မည်ဟု ဂတိပေးထားပြီးသားမို့ သူတို့ကလည်းတောင်းဆိုကြသည်။ ထိုင်ပြီးသူတို့သီဆိုနေကြသည်ကို နားထောင်ရင်း ကိုယ့်အလှည့် အတွက် သံတိုင်နားကိုတိုးကပ်လာခဲ့သည်။

 

“ဦးဇင်းအခုရွတ်မည့် ကဗျာက သဘင် မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့ပြီးပါပြီ သီချင်းဆိုတဲ့ လူတွေလိုတော့ အသံမကောင်း နားထောင်မကောင်းဖြစ်ခဲ့ ရင် သည်းခံပြီး နားထောင်ကြမယ်ထင်ပါတယ်”

 

“နားထောင်ပါမယ်ဗျို့ ရွတ်ပါ ”

 

အခန်းတစ်ခန်းမှာ အသံထွက်လာသည်။ လည်ချောင်းကိုတစ်ချက်ရှင်းပြီး

“ကဗျာ ခေါင်းစဉ်က -ပေတရား- လို့ပေးထားပါတယ် ”

 

တူသည်

ရင်မှီ ခိုကိန်း၊ ဒေါသ ပိန်းပိတ်

ဗဟိဒ္ဓ ဆီ..

ပေ

ဝေဒနာတွေ၊ မဖြန့်ဝေပဲ

ရင်ထဲစုကျက် ၊ဒဏ်ချက်ရင့်နု

အမှုမထား ၊ သူ့တရားနှင့်

မရွေ့ရှားတည်။

ပေတရား

ပွားများ လေ့ကျက် ၊ ထုနှက်ခြင်းဒဏ်

ရင်းစည်းခံရင်း

အဆင်းသစ်လောင်း ထိုသံချောင်း

ဓားကောင်းတစ်လက်ဖြစ်လာသည် ။  ။

 

“ကောင်းဗျို့ ကောင်းဗျို့ ”

 

အခန်းတွေထဲက ထွက်လာသောအသံတို့ ညံသွားသည်။သူတို့တွေသီချင်းတွေ ဆက်ဆိုနေကြသည်။ ညတစ်ခုလုံး တေးသံလွှမ်းနေတော့ သည်။ သီးချင်းဆိုပွဲအပြီးမှာ မှတ်မှတ်သားသားရှိလိုက်သော နာမည်တချို့ကိုအချင်းချင်းအခန်းထဲပြန်လည် အတည်ပြု ကြသည်။ အရှည်လေးနဲ့သားလေးအပြင် တစ်ခန်းက -ကိုကိုကြီး -သန်ထိုက်ဝင်း -ဝက်ကလေး- စာကလေး တို့ ၂ခန်းက ဖထီး -၃ ခန်းမှာ ဦးမောင်မောင် -နိုင်နိုင် – နောက်အခန်းတွေ ထဲက ဆရာ ဦးကျော်တင့် -မာမီ (အားလုံးကချစ်စနိုးနဲ့ပေးထားသောနာမည်) ဦးကျော်စိန် – ကိုသန်ဌေး- ကိုဇေယျ – ဦးသက်တင်စိုး – နောက်ကိုအောင်လင်း  နောက်ရက်နောက်ရက်တွေမှာ ကျန်နေသေးသူများ၏နာမည်ကို ထပ်မှတ်ရဦးမည်ဆိုတာ ကတော့သေချာသည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts