ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် အပိုင်း (၇)

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဇန်န၀ါရီ ၅၊ ၂၀၁၄

 

ထောင်ထဲတွင် နိုင်ငံရေးသမားများ နှင့်ပတ်သက်၍ ကဗျာ ဆန်ဆန်ဆိုစကားတစ်ခုရှိသည်။ ထိုစကာလုံးက အမှောင်ခေတ်မှာ ထောင်ဆိုတာ သူရဲကောင်းတို့ရဲ့ ပြတိုက်ဟု ဖြစ်သည်။ နောက်တစ်ယောက်က လူရှင်တို့မြှုပ်နှံရာ သင်္ချိုင်းတဲ့ ။တကယ်က ထောင်ဆိုတာ လူဆိုးတွေရဲ့အိမ်ဖြစ်သည်။ အာဏာရှင်စနစ် အောက်မှာတော့ နိုင်ငံရေး သမားတို့၏ နားခိုရာပါ ဖြစ်နေပြန်သည်။ ဘာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အနေကြာသူတွေကတော့ ဒီအရပ်ဒေသ၏ လုပ်ကွက်များကို ကျွမ်းကျင်ကြသည်။ ထောင်ထဲနေနည်းထိုင်နည်း အာဏာပိုင် ထောင်ဝန်ထမ်း တို့၏ အနေထားကိုကြည့်ပြီး မိမိ အတွက် ဖြစ်သင့်ဖြစ်ထိုက်သော ရသင့်ရထိုက်သော အခွင့်အရေးတို့ကိုရယူ ကြသည်။ လူဆိုးတို့က လူဆိုးနည်း သုံးရယူကြပြီး၊ နိုင်ငံရေးသမားတို့က သိက္ခာကိုအရင်းတည်သော တိုက်ပွဲပုစံ တမျိုးမျိုးဖြင့် ရယူတတ်ကြသည်။ နိုင်ငံရေး သမားတွေထဲတွင်လည်း တခါတရံ ဖေါက်တတ်သူတစ်ဦးစ နှစ်ဦးစမှလွဲ၍ များသောအားဖြင့် သိက္ခာရှိရှိ ရင်ဆိုင် သည်ကများပါသည်။ထောင်တွင် နာမည်ကြီးလူဆိုးကြီး ဘယ်လောက်ဖြစ်နေပါစေ သူတို့က သတ်မှတ်ထားသော စံနှုံး ပျက်ယွင်းသော လူဆိုး ကို လူဆိုးတို့က လူဆိုးနည်းနှင့် ဖြေရှင်းတတ်ကြပါသည်။ နှုံးစံပျက်ယွင်းသူ များသည် ထောင်ထဲတွင်ပင် ဖြေရှင်းခံရပြီး ။ တစ်ချို့ကတော့ထောင် ကလွတ်ပြီးအပြင်ရောက်မှ လိုက်ဖြေရှင်းတာကိုခံရ တတ်ပါသည်။ အင်းစိန်ထောင်မှ နာမည်ကြီးလူဆိုး စိုးမြတ်ဆိုလျှင် အပြင်လောကရောက် မှ ထောင်ထဲကမပြီးသေးသော စာရင်းရှင်းတာကိုခံလိုက်ရသည် ။ သူတို့ အထင်ကြီးလေးစားသော လူဆိုးတစ်ယောက်အတွက်ဆိုလျှင် ထောင်ထဲ တွင်ကျန်ရစ်ခဲ့သော လေးစားသူလူဆိုး မှာကြားလိုက်သည်များကို တသွေ မတိမ်းအကောင်းအထည်ဖေါ်ပေးတတ်ကြသည်။ အပြင်ရောက်တာတောင် တလေးတစား ဆောင်ရွက်ပေးတတ်ကြသည်ဆိုလျှင် ထောင်ထဲရှိနေစဉ် ဆိုလျှင်တော့ ပြောစရာကို မလိုတော့။ 

 

“ဟေ့-အဲ့ဒါငါ့လူ ကြည့်ထားလိုက်”

 

ဒီစကားလေး တစ်ခွန်းကပင်  သူတို့လေးစားသူ ကိုပြန်လည်ကျေးဇူးပြုဖို့ အခွင့်အလမ်းကြီးတစ်ရပ်ဟု လူဆိုးတို့က ခံယူပုံရသည်။

 

ထောင်ကျနိုင်ငံရေးသမားများက ကိုယ့်ရှေ့နိုင်ငံရေးသမားများထဲမှ စံယူလောက်သော သူများကို အလေးထားသည်။  လူဆိုးများကလည်း သူတို့လူဆိုးထဲမှာ အလေးထားစရာများကိုသူတို့စံ နှင့် သတ်မှတ်လေးစားမှု ရှိကြသည်။  ကိုတိုက်ယဉ်က လူဆိုးတို့အလေးစားခံရသူ။ တစ်ခေတ်တစ်ခါတုန်းက ကိုတိုက်ယဉ်သည် အင်းစိန်ထောင်မိန်းဂျေးလ် တန်းစီး။ ဒီအတွက်ကြောင့်လည်း ထောင်သက်ရှည်ကြာသူတိုင်းက သူ့ကို သိနေကြသည်။ ထောင်အာဏာပိုင်တို့ကတော့ အထူးပြောဘွယ်မရှိတော့။သူတို့ရဲ့ ဖေါက်သည်ကြီးကိုး။ ကိုတိုက်ယဉ်ဆိုတာ ထောင်အာဏာပိုင် နှင့်လူဆိုးတို့ အလေးထားခံရသူ။ သူ့ကို လေးစားကြမှန်းထောင်ထဲ စရောက်ရောက်ချင်းပင်တွေ့ရတော့သည်။ (နောက်ပိုင်းတွင်လည်း သူ့ကို တလေးတစားရှိတာတွေ တွေ့တွေ့လာရသည်။ )

 

ဦးဇင်းတို့နေရသော (၂)ဆောင်သည် အပေါ်ထပ်အောက် (၂)ထပ်ရှိသည်။ အပေါ်ထပ်တွင် ယိုဒယားအများစု ရှိနေကြပြီး အောက်ထပ်တွင်တော့ အခန်းများဖွဲ့ကာ ရှေ့ခြမ်းနောက်ဘက်ခြမ်း ခွဲခြားထားသည်။ ၁-မှ ၁၂ အထိ ရှေ့ခြမ်းတွင်ရှိနေကြပြီ ၁၃မှ ၂၃အထိနောက်ဖက်ခြမ်းတွင်း ရှိသည်။ အောက်ထပ် နိုင်ငံရေးအကျဉ်းသားတို့ကို ထားသော နေရာတွင် သီးသန့် တန်းစီးမရှိ။ အပေါ်ထပ်တွင်တော့ တန်းစီးတစ်ယောက်ရှိသည်။ ထောင်တွင်တန်းစီးဆိုသူများသည် များသောအားဖြင့်ထောင်နှင့် အလွမ်းသင့်သူ လူဆိုများ ဖြစ်ကြသည် ။ ထောင်သက်ရှည်သူများ သိုမဟုတ် မကြာခဏ ထောင်ကျသူများ ဖြစ်ကြသည်။

 

“အကိုတို့ ဘာလိုလဲ ”

 

အဝတ်စား ခပ်သန့်သန့် ဝတ်ဆင်ထားသော လူရွယ်တစ်ယောက်က မေးလာသည်။ သံတိုင်အပေါက်ဝနှင့် အနီးဆုံးနေရာတွင် ရှိနေသော ဦးဝင်းကြည်က

 

“ကျနော်တို့ မနေ့ညကမှ ထောက်လှမ်းရေးစစ်ကြောရေးကနေ ထောင်ကိုရောက်လာတာဆိုတော့ ဘာမှာကိုမပါကြသေးဘူး”

 

သူက သိသည့်အကြောင်းခေါင်းငြိမ့် ပြသည် ။ တဆက်တည်း

 

“ ထောင်ထဲ ရောက်စကတော့ မနေတတ် မထိုင် ဖြစ်တာပေါ့ အသားကျသွားတော့လဲ ကိုယ်ဘယ်လိုနေရမယ်ဆိုတာသိလာမှာပါ စိတ်ဓာတ်မကျကြနဲ့ လိုတာပြောပါ ကျနော့်ကို မနေ့ ညနေက ကိုတိုက်ယဉ်က မှာလိုက်တယ် ကြည့်ထားဖို့ ကိစ္စရှိလို့ ကျနော့်ကို မတွေ့ရင် တစ်ယောက်ယောက်ကို ခေါ်ခိုင်းလိုက် ခဏနေရင်ကျနော်ပြန်လာခဲ့မယ်  ”

ဘေးမှ နားထောင်နေသူ တစ်ယောက်ကို သူနှုတ်ဆက်ပြီး ထွက်သွားသည်။ သူခပ်လှမ်းလှမ်းရောက်မှ

 

“ သူက ဘယ်သူလဲ”

 

“သူက အပေါ်ထပ်က တန်းစီး ဦးဇင်းတို့က ကိုတက်ယဉ်အပ်ထည်ပဲ”

 

သူပြောတဲ့ ထောင်စကားကို နားမလည်၊ သဘောမပေါက် ။ ဝေါဟာရတွေ များလာပြီ ဒီတော့မေးမှ ဖြစ်တော့သည်။

 

“ မင်းတို့ထောင်ထဲက စကားတွေကို ရှင်းပြဦး နားမလည်ဘူး အပ်ထည်ဆိုတာဘာလဲ ငါက အင်္ကျီစက်ဆိုင်အပ်တာကိုပဲ အပ်တည်ကိုသိတာ”

သူကရယ်သည်။ပြီတော့  အခုပြောလိုက်တဲ့ အပ်ထည်ဆိုတဲ့ ထောင်စကားကိုကော၊နောက် အခြားထောင်ဝေါဟာရ တချို့ပါပြောပြသည် ။

“ဒီလို ထောင်ထဲမှာ အပ်ထည်ဆိုတာရှိတယ် ၊နောက်ဘောက်ချာ၊ ပြီးတော့အပိုင်စား ရယ် ပတ်သက်ဆိုပြီးပြောကြတာရှိတယ်  အပ်ထည် ဆိုတာက ထောင်အာဏာပိုင် နဲ့ရင်နှီးတဲ့ အပြင်ကကျန်နေသူတယောက်ယောက်က ထောင်ထဲနေရေး ထိုင်းရေး အဆင်ပြေဖို့ အပ်ပေးသူကိုပြောတာ ဘောက်ချာဆိုတာက ထောင်အာဏာပိုင်နဲ့တော့ သူကမသိဘူး ပိုက်ဆံပေးပြီး ထောင်အာဏာပိုင်ဆီ ဝင်ထားသူ (နောက်ပိုင်းထိုသူများကို လိုင်းဝင်ထားသူဟုခေါ်ကြသည်။)”

 

သူပြောပြတာထဲတွင် ကျန်နေခဲ့သော စကားနှစ်ခုကို သိချင်လာပြန်သည်။ ဒီတော့ ဆက်ပြောဖို့ နားထောင်နေတဲ့ အနေအထားကို ပြတော့

“အပိုင်စား ဆိုတာက တနယ်ထဲ အတူတူနေခဲ့ဘူးသူကိုပြောမလားမသိဘူး ရွှေပြည်သာသား တစ်ယောက်က အထဲမှာ ရွှေပြည်သာသား တစ်ယောက်ထောင်ထဲမှာတွေ့ရင် အပိုင်စားလို့ခေါ်တယ် ဒီတော့နယ်မြေ ဒေသ တခုတည်းက ထောင်ထဲအတူတူတွေ့ရတော့ တယောက်အခက်အခဲတယောက်က ကူညီကြတာပေါ့ နောက်-ပတ်သက်-တို့ ဘာတို့ဆိုတာကလဲ ဒီသဘောပါပဲ ခု ကိုတိုက်ယဉ် ကျော်သူကို ပြောလိုက်တာ ဒီသဘောအပြင် သူတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ရှိသေးလဲမသိဘူး ထောင်ထဲမှာတန်းစီးဖြစ်ဖို့ဆိုတာက သူတို့ ရင်းနှီးရတာတွေ ရှိတယ်-ထောင်ထဲမှာ လူဆိုးဆိုသူတွေက ဝင်လိုက်ထွက်ဆိုတော့ ထောင်အာဏာပိုင်နဲ့ ပူးပေါင်းရှာဖွေ စားသောက်နေရတယ်။ သူတို့ကို တန်းစီးခန့်ထားတယ်ဆိုတာ ထောင်ကိုဝိုင်းကူဖို့ အကျဉ်းသားအချင်းချင်းပြန်လှန်အုပ်ချုပ်ခိုင်းတဲ့ စနစ်ပဲ နောက်ပြီး တန်းစီးအချင်းချင်း အထာထားရတာတွေ ရှိသေးတယ် ထောင်ထဲစရောက်ခါစ ထောင်အခေါ် ကျသစ်ပေါ့ ဒီကျသစ်တွေဆီက ရသမျှကိုအကုန်ယူကြတယ် ဒါကိုချွတ်ခွါ လုပ်တယ်လို့သုံးတယ် ဒီအလုပ်တွေကို တန်းစီးဆိုသူတွေက လုပ်ကြတယ် ရှာဖွေလို့ ရသမျှကို ထောင်မှူး ထောင်ပိုင် တွေကို ဝေမျှပေးရတယ် ဒီလိုသူတို့ကို ကောင်းကောင်းရှာဖွေပေး နှိုင်သူတွေက တန်းစီးရာထူးမြဲတယ် တန်းစီးချင်း သူ့လူကိုယ့်လူအပ်တာတွေ ဆို ကြည့်ထားပေးရတယ် စောင့်ရှောက်ထားရတာ လိုတာ အကူအညီပေးရတာ ကျနော်တို့ (၅-ည)တွေကိုတော့သူတို့ ဘာမှမလုပ်ရဲဘူး လုပ်ရင်လဲ (၅-ည) တွေကမခံဘူး တစ်ခုခုမတရားလုပ်တာနဲ့ စုပြုံပြီးဝိုင်းပြောကြတော့ (၅-ည)ဆိုသူတို့က လာမထိရဲဘူး တန်းစီးတွေက သူတို့ ကြည့်ရမည်သူ ဆိုသူတို့တယောက်နဲ့အပြန်အလှန်ဆိုတာရှိကြတယ် ဒါမှ မလုပ်ရင် သူတို့ချင်စည်းကမ်းဖေါက်တယ်လို့ သူတို့က သတ်မှတ်ကြတယ် ဦးတို့ကို နောက်ထောင်ထဲကအထာတွေ လုပ်ပုံ လုပ်နည်းတွေကို သိလာပါလိမ့်မယ်  ”

 

ရှည်လျှားစွာရှင်ပြနေသူကို ကြားဖြတ်ပြီး တန်စီးတွေက ဘာတွေလုပ်ရလဲ ဆိုတာကို မေးလိုက်သည်။

 

“သူကတော့ အခန်းထဲရှိတဲ့ အကျဉ်းသားတွေကို အုပ်ချုပ်ရသူပေါ့ ထောင်ဝန်ထမ်းတွေကိုယ်စား လုပ်ပေးရသူလေ တခါတရံ သူတို့ စိတ်ချယုံကြည်ပြီး ခန့်ထားသူက အခြားသူတွေကိုပါစည်းရုံးပြီး ထောင်ထဲ အာဏာပိုင် မကြိုက်တဲ့ အလုပ်တွေ လုပ်တတ်ကြလို့ တန်းစီးဆိုတိုင်းလဲ ထောင်အာဏာပိုင်က စိတ်လက်ချယုံထားသူတော့မဟုတ်ဘူး ထောင်ကိစ္စပဲ အားကြိုးမာန်တက်လုပ်ပေးပြီး အကျဉ်းသားကိစ္စ နဲ့အကျဉ်းသားအပေါ်မတရားလုပ်ပါများလာရင်လဲ အချင်ချင်း သတ်မှုတွေအထိ ဖြစ်ကြတာတွေ ရှိသေးတယ် ”

 

“ခုနကတန်းစီးက  ဘာမှုလဲ”

 

“သူကဘိန်းမှု ”

 

“ဘိန်းစားတွေ ထောင်ထဲရောကိတော့ သူတို့ဘိန်းပြတ်သွားတာပေါ့ဘိန်းစားလဲ ထောင်ထဲမှာဘုရင်ပဲနော် ”

 

ကိုယ်က ကိုယ့်အထင်ကိုပြောပြလိုက်တော့ သူက သဘောကျစွာရယ်လိုက်ပြီး

 

“ထောင်ထဲမှာပိုက်ဆံရှိရင် အားလုံးဖြစ်တယ် ဘိန်းစားထောင်ထဲ ရောက်ရင် ပိုပြီးဘိန်းစားဖြစ်လာတာပဲရှိတယ် ဒီမှာအန်ကယ် ထောင်ထဲရောက်လာတဲ့ ခါးပိုက်နှိုက်က သူခိုးဖြစ်လာတယ် သူခိုးက ဓားပြဖြစ်လာမယ် ထောင်ဆိုတာ လူဆိုးလူမိုက်တွေကို ပြုပြင်တဲ့ နေရာမဟုတ်ဘူး ထောင်ထဲရောက်လာပြီး ပိုဆိုးသွားတာပဲရှိတယ် နောက်ပြီးထောင်ထဲကို တရားမဝင်ပစ္စည်းတွေရောက်အောင် သူတို့ကနည်းပေါင်းစုံသုံး သွင်းကြတာလေ နောက်ပြီး ခါးပိုက်နှိုက်တွေသူခိုးတွေဓားပြတွေ စကားပြောနေတာကိုနားထောင်ဘူးတယ် သူတို့က သူတို့လုပ်ခဲ့တဲ့ အလုပ်တွေကို တကယ်ဂုဏ်ယူပြီးပြောနေတာ နောင်တရတဲ့စကား လုံးဝကိုမပြောဘူး နောင်တလဲ ရမယ်မထင်ပါဘူး အလစ်သုတ်ပြီး ထောင်ထဲရောက်လာတဲ့သူက သူထက်ငွေရတဲ့ သူခိုဓားပြ တို့ကို ပိုအားကျလာတာပေါ့ ဒီတော့ အလစ်သုတ်သမားတစ်ယောက် ရဲ့ ရှေ့တဆင့်တက်မည့်သင်တန်းကျောင်းကြီးက ထောင်ပဲ လူပါင်းစုံတော့ သူခိုးလေးက သူခိုးကြီးဖြစ်ဖို့ တဆင့်ပြီးတဆင့် ပညာတွေရပေါ့ ဒါကတော့ဓာတ်ခံပေါ်မူတည်တယ်ထင်တာပဲ  ကျနော်တို့ (၅-ည) တွေလဲ ထောင်ကိုဘဝ တက္ကသိုလ်ဆိုပြီး တင်စားကြတာပဲလေ ထောင်ထဲကပဲနိုင်ငံရေးအသိတွေ အမြင်တွေ ပိုပိုတိုးလာကြ နောက် ပညာတွေသင်ကြနဲ့ ကိုယ့်ဘဝကိုယ် ပိုတိုးတက်အောင် ကြံဆောင်ကြတာပဲလေ”

 

သူနဲ့စကားကောင်းနေတုန်းမှာ ကျော်သူပြန်ရောက်လာသည်။ လက်ထဲတွင် အထုပ် နှစ်ထုပ်ကို ကိုင်လာသည် ။ သူယူလာသည့် ပစ္စည်းများကို သံတိုင်ကြားကနေ အခန်းထဲ ထည့်ပေးသည်။ အခန်းတွေရှေ့ အပြင်ဘက် အမိုးအောက်မှာတော့ (၅-ည) များအားလုံးလမ်းလျှောက်နေကြသည်။ အခန်းတံခါး မဖွင့်သေးသော ဦင်္းဇင်းတို့ အခန်းရှေ့တွင်သာ လူတွေလာရပ်လိုက် စကားပြောလိုက်နှင့် ရှိနေကြသည်။ ဖွင့်စတုန်းက လူများသော်လည်း အခုတော့ လူကနဲသွားပေပြီ ။ ကျော်သူက ခနရပ်သည်။

 

“လိုတာပြောပါ ကိုတိုက်ယဉ်နဲ့ပတ်သက်လာရင် ကျနော်တို့မှာ တာဝန်ရှိတယ် နောက်ဆိုရုံးထွက် ဘာထွက် နဲ့ဆိုတော့ အိမ်တွေနဲ့ အဆက်အသွယ်ရမှာပါ  ”

 

ဘယ်လိုဖြစ်ဖြစ် သူတာဝန်အရ လာပေးသည်ထက် စေတနာပါသော သူ့စိတ်ကိုစကားသံတွေက တဆင့်သိလိုက်သည် ။ အခန်းထဲရှိသူအားလုံးက ကျေးဇူးတင်စကားပြောလိုက်ကြသည်။ သူအခန်းရှေ့က ထွက်သွားပြီနောက် သံတိုင်အပြင်ဘက်တွင်ရပ် လျှက်ရှိနေသေးသူ ကို  မေးဆတ်ပြပြီး ဘယ်လိုလဲ ဟု မေးလိုက်တော့ သူက ဘာမှမပြောပဲ  ပြုံးပြီးသာကြည့်နေသည်။

 

“သူ ကျသစ်တွေဆီက ချွတ်ခွါထားတဲ့ပစ္စည်းတွေများလား မသိဘူး”

 

အပြင်ဘက်တွင်ရပ်နေသူက ဘာမှ တော့ထင်မြင်ချက်မပေး ။နွားဆေးလိပ် ၂စည်း နောက် ပုဆိုး အကျီင်္နှင့် စားစရာများ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts