ရသဆောင်းပါးစုံ ဒေါက်တာဓမ္မပီယ

လွပ်လပ်ရေးနေ့အတွက် ငြိမ်းချမ်းရေးသ၀ဏ်လွှာကို မည်သူ့ထံသို့ ပေးပို့ရမည်နည်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဒေါက်တာဓမ္မပိယ (ITBMU)
ဇန်န၀ါရီလ ၄၊ ၂၀၁၄

မြန်မာနိုင်ငံနှင့် လွတ်လပ်ရေး … ။ တွေးတောစရာတွေက အများကြီး။ အများနားလည်ထားတဲ့ လွတ်လပ်ရေးကို ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရလ (၄)ရက်နေ့မှာ ရရှိခြဲ့ခင်းဖြစ်တယ်။ သို့သော် ပြည်သူတွေအတွက် လွတ်လပ်ရေးဆိုတာကြီးကို ယနေ့အထိ သဲသဲကွဲကွဲ မသိကြသေးပါ။ မြန်မာ့စွယ်စုံကျမ်း၌ လွတ်လပ်ရေးနေ့ကို အဓိပ္ပါယ်ဖေါ်ညွှန်းရာတွင် – “တိုင်းတစ်ပါးတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့သော တိုင်းပြည် နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်သည့်နေ့ကို လွတ်လပ်ရေးနေ့ ဟူ၍ အထွတ်အမြတ် သတ်မှတ်ထားတတ်လေသည်↔ဟု ဖေါ်ပြထားတာကို တွေ့ရတယ်။

 

သို့သော် မြန်မာနိုင်ငံ၌ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်သူတွေရဲ့ဘ၀တွေသည် တကယ်ပင် လွတ် လပ်ခဲ့ပြီလော။ လွတ်လပ်ရေးရပြီးနောက် ဖြစ်လိုက်တဲ့ပြည်တွင်းစစ်တွေကလည်း ယနေ့ထက်တိုင်အောင် မပြီး ဆုံးနိုင်သေးပါ။ တိုင်းပြည်တွင်း၌ ဘာတွေလိုနေ၍ ပြည်သူတွေရဲ့ဘ၀တွေဟာ ဆင်းရဲမြဲဆင်းရဲနေရသလဲ။  ဘာကြောင့် လွတ်လပ်ခြင်း၏အဓိပ္ပါယ်ကို ပြည်သူတွေ မသိနိုင်အောင် ဖြစ်နေကြသလဲ။ တိုင်းတစ်ပါးသားတို့၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခြင်းမျှကိုပင် လွတ်လပ်ရေးရခြင်း၊ သို့မဟုတ် လွတ်လပ်သောနိုင်ငံဟု ဆိုရတော့မည်လော။ တွေးတောစရာတွေက တစ်လှေကြီးပါ။

 

ထိုကြောင့် လွတ်လပ်ရေးနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို လေ့လာကြည့်ရာမှာ – “လွတ်လပ် ရေးရခြင်းဆိုတာ ကိုလိုနီအုပ်ချုပ်မှုအောက်မှ ရုပ်ဝတ္ထုမျှလောက်သာ လွတ်မြောက်မှု ရခြင်းမျိုးမဟုတ်ပဲ၊ စိတ်ဓာတ်ရေးရာနှင့် စိတ်ပိုင်းဆိုင်ရာများကိုပါ လွတ်လပ်မှုရခြင်းကို လွတ်လပ်ရေးရခြင်း↔လို့ အဓိပ္ပါယ်ဖွင့်ဆို ထားတာကို တွေ့ရတယ်။ (The independence achieved does not only mean a physical freedom from colonization but also a freedom in spirituality and mentality.) တစ်နေရာမှာတော့-“လွတ်လပ်ရေး ရခြင်းဆိုတာ လူမျိုးတစ်စု၊ သို့မဟုတ် နိုင်ငံတစ်ခု၊ သို့မဟုတ် ပြည်နယ်တစ်ခုရဲ့ အနေအထားဟာ ကိုယ်ပိုင်အစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်မှုအောက်မှာ တည်ရှိပြီး၊ ကိုယ်ပိုင်နယ်မြေအဖြစ် ရရှိထားတဲ့လူမျိုး (သို့မဟုတ်) တိုင်းသူပြည်သားများအတွက် လွတ်လပ်မှုရခြင်းကို လွတ်လပ်ရေးရခြင်း↔ဟု အဓိပ္ပါယ်ဖွင့်ဆိုထားမျိုးကိုလည်း တွေ့ရပြန်တယ်။ (Independence is a condition of a nation, country, or state in which its residents and population, or some portion thereof, exercise self-government, and usually sovereignty, over the territory.)

 

အထက်၌ ရှင်းပြခဲ့သော အဆိုများအရ မြန်မာနိုင်ငံ၏ လွတ်လပ်မှုအနေအထားသည် ယနေ့တိုင်အောင် သဲသဲကွဲကွဲ မရှိလှသေးပါ။ “မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရပြီ↔လို့ ကြွေးကျော်ခဲ့ကြပြီးတဲ့ နောက်ပိုင်းမှာ ရဲဘော်ဖြူ၊ ရဲဘော်နီ၊ ကွန်မြူနစ်၊ လူမျိုးစုတော်လှန်ရေး၊ အာဏာသိမ်းတော်လှန်းရေး၊ ကျောင်းသားတော် လှန်ရေး၊ ရွှေဝါရောင်တော်လှန်ရေး၊ ပါတီနိုင်ငံရေးစသော ပဋိပက္ခများဖြင့် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဆိုတာ ကြီးကို ပြည်သူအများ နားမလည်နိုင်အောင် ရှိနေကြဆဲပါ။

 

တစ်ခါက ချင်းအဖိုးအိုကြီး ပြောခဲ့တဲ့စကားကို တစ်ဆင့်ကြားဖြင့် မှတ်သားထားမိခြင်းပါ။ ချင်းအဖိုး အိုက -“လွတ်လပ်ရေးမရခင်က တို့နယ်မြေတွေမှာ အေးအေးချမ်းချမ်းရှိတယ်။ နွားပျောက်၊ ကျွဲပျောက် ဆိုတာလည်းမရှိဘူး။ ကုန်ဈေးနှုန်းဆိုတာကလည်း အဖေတစ်ယောက်အလုပ်လုပ်ရင် တစ်မိသားစုလုံးစား လောက်တယ်။ ညညမှာဆိုလျှင်လည်း အိမ်တံခါးတွေ ဖွင့်အိပ်လည်း ဘာမှမဖြစ်ဘူး။ လွတ်လပ်ရေးရပြီ ဆိုကတည်းက သောင်းကြမ်းသူ သူပုန်တွေ များလာတယ်။ တိုက်ပွဲတွေ ပိုဖြစ်လာတယ်။ နွားပျောက်၊ ကျွဲပျောက်တွေပိုများလာတယ်။ အစားကောင်းခြင်းမစားရ၊ အအိပ်ကောင်းခြင်းမအိပ်ရနှင့် ပြည်သူတွေရဲ့ဘ၀ တွေဟာ မလုံမခြုံဖြစ်လာခဲ့တယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မင်းတို့ပြောတဲ့ လွတ်လပ်ရေးဆိုတာကြီးကို ပြန်ပေးလို့ မရဘူးလား↔ဟု ကောက်ချက်ချပြတဲ့ ချင်းအဖိုးအိုရဲ့စကားဟာ မှတ်သားဖို့ကောင်းသလို၊ စဉ်းစားဖို့လည်း ကောင်းနေခြင်းပါ။

 

လွတ်လပ်ခြင်းဆိုတာ တိုင်းတစ်ပါး လူမျိုးခြားများရဲ့ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာရုံမျှနှင့် တိုင်းပြည်ကို ကိုယ့်လူမျိုးက အုပ်ချုပ်ခွင့်ရရုံမျှနှင့် လွတ်လပ်ရေးရသောနိုင်ငံဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုခဲ့မည်ဆိုလျှင် ထိုအဓိပ္ပါယ်သည် ပြည့်စုံသောအဓိပ္ပါယ်ဟု သတ်မှတ်ပြောဆိုရန် မ၀ံ့ရဲပါ။ အဘယ်ကြောင့်ဆိုသော် လွတ်လပ် ရေးအတွက် တိုက်ပွဲဝင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းစသော အာဇာနည်ခေါင်းဆောင်များသည် ကိုယ့်တိုင်း ကိုယ့်ပြည်ကို ကိုယ့်လူမျိုးအုပ်ချုပ်နိုင်ရင်ပြီးရော့ဆိုတဲ့ ရည်ရွယ်ချက်မျှလောက်ဖြင့် တိုင်းပြည်အတွက် တိုက်ပွဲ ၀င်ခဲ့ကြသည်မဟုတ်တန်ရာ။ တိုင်းပြည်ကြီးလွတ်လပ်ရေးရပြီး ခွင့်တူညီမျှရှိသော နိုင်ငံတော်ရဲ့အုပ်ချုပ်မှု အောက်မှာ ပြည်သူတွေရဲ့ဘ၀တွေသည် လုံခြုံမှုရှိခြင်း၊ တည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်ရှာဖွေစားသောက် နိုင်ခြင်း၊ တရားဥပဒေစိုးမိုးပြီး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ခွင့်တူညီမျှရှိခြင်း၊ အာမခံချက်ရှိသော ပညာရေး စနစ်များကို ပြဋ္ဌာန်းပေးခြင်း၊ လူနေမှုဘ၀များ တိုးတက်မြင့်မားအောင် အလုပ်အကိုင်များကို ဖန်းတီးပေးခြင်း၊ ပြည်သူများ ရသင့်ရထိုက်သော လူ့အခွင့်ရေးများကို ရရှိစေခြင်း စသော စစ်မှန်သော ရည်ရွယ်ချက်များဖြင့် တိုင်းပြည်အတွက် အသက်ပေးသွားခြင်းဖြစ်တယ်ဆိုတာ ဒီလိုပဲနားလည်ထားခြင်းပါ။ ထိုကြောင့် လွတ်လပ်ပြီး၊ လုံခြုံမှုရှိပြီး၊ တရားမျှတသောဥပဒေဖြင့် စီမံအုပ်ချုပ်မှုရှိသော နိုင်ငံမျိုးကိုသာ လွတ်လပ်ရေးရသောနိုင်ငံဟု ခေါ်ေ ၀ါ်သမုတ်ခြင်းက ပိုမို၍ အဓိပ္ပါယ်ပြည့်စုံလိမ့်မည်ဟု ယုံကြည်ထားမိခြင်းပါ။

 

အထက်ပါအဓိပ္ပါယ်များကို စံထားလျှက် ပြောဆိုကြတဲ့အခါ – တစ်စုံတစ်ယောက်က မြန်မာနိုင်ငံကြီးနှင့် မြန်မာလူမျိုးများ (တိုင်းရင်းသူ၊ တိုင်းရင်းသားလူမျိုးများအပါအ၀င်) လွတ်လပ်ရေး တကယ်ရပြီလားလို့ မေးလာ ခဲ့မည်ဆိုလျှင် ထိုသူအား ပြန်၍မေးရပေတော့မည်။ လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောလူမျိုး ဖြစ်ကြောင်း သက်သေခံနိုင်ဖို့အတွက် ပင်လုံစာချုပ်ကို ဆုတ်ကိုင်၍ လွတ်လပ်ရေးရပြီလို့ ပြောရမှာလား။ သို့မဟုတ် လွတ်လပ်ရေးနေ့မှာ အားကစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေတာကို ထောက်ပြပြီး လွတ်လပ်ရေးရပြီလို့ ပြောရမှာလား။ သို့မဟုတ် ကိုယ့်နိုင်ငံကို ကိုယ့်လူမျိုးက အုပ်ချုပ်နေခြင်းကို ထောက်ပြပြီး လွတ်လပ်ရေးရပြီလို့ ပြောရမှာလား။ ထိုသူအား ပြန်မေးဖို့ပင်ရှိတော့၏။

 

မြန်မာနိုင်ငံတော်ကြီးသည် ယနေ့အချိန်အထိ မတည်ငြိမ်သေးပါ။ လုံခြုံမှုလည်း မရှိလှသေးပါ။ အဘယ် ကြောင့်ဆိုသော် (ဖြစ်နိုင်ခြေရှိသည်မှာ) ပြည်သူ၊ ပြည်သားများနှင့် တိုင်းရင်းသူ၊ တိုင်းရင်းသားများသည် ပြည်ထောင်စုစိတ်ဓာတ် အားနည်းနေသေးသည်ကို တွေ့မြင်နေရဆဲ ဖြစ်ခြင်းကြောင့်ပါ။ တိုင်းပြည်တွင်း၌ ဖြစ်ပျက်နေသော ဖြစ်ရပ်များကို ပြန်လည်လေ့လာသုံးသပ်ကြည့်တဲ့အခါ တချို့လူများသည် တိုင်းပြည်၏ အကျိုးကို လိုလားနေသယောင်ယောင် ဟန်ပြပြီး အဖျက်လုပ်ငန်းများကို လုပ်နေသူတွေကလည်း အများကြီး ရှိနေခြင်း။ အင်းအားဖွဲ့လျှက် ပြည်သူ၊ ပြည်သားများအား အင်အားသုံး၍ ခြိမ်းခြောက်နေသူများ၊ ပြည်သူများထံမှ ဆက်ကြေးများကို ဆက်လက်ကောက်ခံနေသူများ၊ ၀န်ဆောင်ကြေးများကို အတင်းအဓမ္မ ဆက်လက်ကောက်ခံ နေသူများ၊ တစ်စုံတစ်ခု ဖြစ်ပေါ်လာလျှင် အစိုးရနှင့်ပြည်သူ အတူလက်တွဲ၍ ဖြေရှင်းကြရမဲ့အစား၊ တစ်ဦးကိုတစ်ဦး မယုံသင်္ကာစိတ်ဖြင့် ကိုယ့်လက်ညှိုးက သူ့ထိုး၊ သူ့လက်ညှိုးက ကိုယ်ထိုးနှင့် အချင်းချင်း အပြစ်တွေကို ပုံချနေတတ်ကြသူများ၊ ဒီလိုလူမျိုးတွေအများကြီးရှိနေသေးခြင်း စသောအကြောင်းများကြောင့် တိုင်းပြည်ကြီးသည် တည်ငြိမ်အေးချမ်းနိုင်ဦးမည်မဟုတ်ပါ။ ဒီလိုသာ ဆက်လက်လုပ်ဆောင်နေကြမည်ဆိုလျှင် မြန်မာနိုင်ငံကြီးသည် ရှင်သန်သော ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံအဖြစ်သို့ ဘယ်သောခါမှ ရောက်ရှိလာနိုင်မည် မဟုတ်ပါ။

 

အိမ်နီးခြင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို သုံးသပ်ကြည့်ပါ။ ထိုင်းနိုင်ငံ၌ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာခဲ့သည်မှာ နှစ်ပေါင်းရှစ်ဆယ်ရှိလာပြီဖြစ်သော်လည်း ပြည်သူ၊ ပြည်သားများရဲ့ ဒီမိုကရေစီ စိတ်ဓာတ်များသည် ရင့်ကျက်လှသည်ဟု မဆိုနိုင်သေးပါ။ ထိုင်းလူမျိုးများသည် ဆန္ဒကို ထုတ်ဖေါ်လိုကြတဲ့အခါ ဒီမိုကရေစီစနစ်နှင့် မလျှော်ညီတဲ့ အလွန်အကျွန် ဆန္ဒပြမှုတွေကြောင့် ထိုင်နိုင်ငံရေးသည် မရှုပ်ထွေးသင့်သော အရာများ၌ ပြဿနာတွေက ပိုမိုရှုပ်ထွေးနေခြင်းပါ။ ဥပမာ၊ ပြည်သူ့ဆန္ဒကို ထုတ်ဖေါ်ကြရာ၌ ဒီမိုကရေစီစနစ်နှင့် မလျှော်ညီတဲ့ ပြည်ထောင်စုလွှတ်တော်ကြီးကို ၀င်စီးခြင်း၊ ၀န်ကြီးအိမ်ကို ၀ိုင်းရန်ခြင်း၊ လေဆိပ်ကို ၀င်ရောက် သိမ်းပိုက်ခြင်း၊ ကုန်တိုက်များကို မီတင်ရှို့ခြင်းများကို ပြုလုပ်ခဲ့ကြခြင်းပါ။ ထိုထိုသို့သော လုပ်ရပ်များကြောင့် ထိုင်းနိုင်ငံ၏စီးပွားရေးလုပ်ငန်းများကို များစွာ ထိခိုက်နစ်နာစေခြင်းပါ။ ထိုထိုသို့သော အခြေအနေများကြောင့် ထိုင်းနိုင်ငံ၌ နှစ်ပေါင်းရှစ်ဆယ်အတွင်း စစ်တပ်က အာဏာသိမ်းခဲ့သည်မှာလည်း အကြိမ်ပေါင်း (၁၈)ကြိမ်တိတိ ရှိလာခဲ့ခြင်းပါ။ ယခုဖြစ်ပျက်နေသာ လက်ရှိအခြေအနေများကိုတော့ စောင့်ကြည့်နေဆဲဟုဆို၏။ ပြည်သူတွေ ဖက်က ဒါထက်ပို၍ အကန်းတက်လာကြမည်ဆိုလျှင်တော့ … ။

 

မြန်မာပြည်သူ၊ ပြည်သားများသည်လည်း အီမိုးရှင်း (emotion) များသော လူမျိုးများဖြစ်၍ စီဗစ် အက်ဒျူကေးရှင်း (Civic Education) လို့ခေါ်တဲ့ ပြည်သူများ တိုင်းပြည်၌ ကျင့်သုံးနေသော ပေါ်လစီနှင့် ပြည်သူတွေ အချိန်အခါအလိုက် ရပိုင်ခွင့်ရှိသော လူ့အခွင့်ရေးများကို၊ ဒီမိုကရေစီစနစ်၌ အားသာချက်ရှိသော လူနေမှုစနစ်နှင့်ဆိုင်သော ပညာရေးပို့ချချက်များ၊ ဆွေးနွေးပွဲများ၊ ပြည်သူများသိသင့်တဲ့ အခြေခံ တရားဥပဒေ ဆိုင်ရာ ကျင့်ထုံးများကို တီဗီပရိုဂရမ်များနှင့် အစိုးရပိုင်၊ ပြည်သူပိုင် သတင်းဌာနများမှ မကြာမကြာ ထုတ်လွှင့် ပေးသင့်ခြင်းပါ။ အဘယ်ကြောင့်ဆိုသော် မီးကို လောင်မှ ငြိမ်းသတ်ရခြင်းမျိုးထက် မလောင်ခင်က ကြိုတင်၍ တားမြစ်ထားခြင်းမျိုးက ဥပဒေစိုးမိုးရေးအတွက် ပိုမိုထိရောက်နိုင်လို့ပါ။ ဒီအချက်သည် တိုင်းပြည်အတွက် အလွန်အရေးကြီးသလို၊ ပြည်သူတွေအတွက်လည်း အလွန်အရေးကြီးနေခြင်းပါ။

 

ငြိမ်းချမ်းမှုရဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ ဆူပူလုပ်ရှားမှုတွေကို ဖြစ်လာအောင် တိုင်းပြည်တွင်း၌ မည်သူ တွေက ဖန်တီးပေးနေကြသနည်း။ အမျိုးမျိုးထင်နေကြဆဲပါ။ ဆူပူလုပ်ရှားမှုတွေ ဖြစ်ရခြင်းအတွက် အနီးစပ်ဆုံး ဖြစ်နိုင်ခြေရှိသောအကြောင်းများမှာ တိုင်းပြည်သည် ပြည်သူအတွက်လို့ သဘောမထားနိုင်ပဲ၊ တိုင်းပြည်သည် တို့အတွက်သာ ဖြစ်ရမည်ဟု အယူစွဲများရှိလျှက် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်  ကိုယ်ကျိုးအတွက် အမြတ်ထုတ်ချင်သူတွေ၊ တိုင်းပြည်အပေါ်မှာ ကတိသစ္စာမထားနိုင်ပဲ ဆွေးနွေးတိုင်ပင် ညှိနှိုင်းလို့မရနိုင်ပဲ ထင်ရာစိုင်းချင်သူတွေ၊ ကိုယ်ဝန်းကျင်က လူတွေအကြောင်း အဖြူအမဲ မသဲကွဲပဲ ဖားသမျှယုံ၊ ယုံသမျှဖား၊ ယုံနှင့်ဖား မသဲကွဲတဲ့သူတွေ၊ ဒီလိုလူတွေရှိနေလို့ အကြမ်းဖက်မှုဆိုတာတွေဟာလည်း ဆက်လက်ဖြစ်ရှိ နေခြင်းပါ။ ဒီနေရမှာ ဗုဒ္ဓဘာသာရှုထောင့်ကနေကြည့်ပြီး ပြောရမယ်ဆိုရင် ကိုယ်ကျင့်သိက္ခာကိုလည်း အလေးမထား၊ (ဘာသာရေးအရကြောင့်ပဲဖြစ်စေ၊ လူမျိုးရေးအရကြောင့်ပဲဖြစ်စေ) ဒုစရိုက်မှုများကို ပြုရာမှာကိုလည်း မရှက်မကြောက်၊ ဒီလိုလူမျိုးတွေ များနေလို့၊ တစ်နည်းအားဖြင့်ပြောရရင် ဒီလိုလူမျိုးတွေကို ညှာနေလို့၊ တရားဥပဒေအရ စနစ်တကျ အရေးမယူနိုင်ကြလို့ ငြိမ်းငြိမ်းချမ်းချမ်းနေလိုတဲ့ တိုင်းသူပြည်သားတွေ ကိုယ်အိုး၊ ကိုယ်အိမ်မှာ မလုံမခြုံ နေထိုင်နေကြရခြင်းပါ။

 

ဒီနေရာမှာ သိပ္ပံဆရာကြီး အိုင်းစတိုင်းအမြင်က ဆန်းသစ်နေခြင်းပါ။ သိပ္ပံဆရာကြီးအိုင်းစတိုင်းက ကမ္ဘာကြီးဟာ ဒုစရိုက်အမှုတွေများလာပြီး၊ လူတွေအတွက် တစ်နေ့တစ်ခြား အန္တရာယ်တွေ ပိုမိုများလာခြင်းဟာ  ဒုစရိုက်အမှုတွေကို ပြုနေတဲ့ သူတွေကြောင့်ချည်းမဟုတ်ပဲ၊ ထိုမကောင်းမှုပြုနေသူများကို ထိုင်၍ (လက်ပိုက်) ကြည့်နေသူ၊ (တရားဥပဒေဖြင့် မတားဆီးပဲ) လုပ်ခွင့်ပေးထားသူများကြောင့် လောကကြီးထဲမှာ နေဖို့ အန္တရယ်တွေ ပိုများပြားလာခြင်းဖြစ်တယ်လို့ သိပ္ပံဆရာကြီး အိုင်းစတိုင်းကတော့ သုံးသပ်ပြထားခြင်းပါ။ (The world is too dangerous to live in, not because of people who do evil, but because of people who sit and let it happen.) တကယ်ကို လေးလေးနက်နက် ဆင်ခြင်စဉ်းစားသင့်တဲ့အချက်ပါ။

 

ဇန်န၀ါရလ (၄)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့လို့ဆိုရမှာပါ။ လွတ်လပ်ရေးရခြင်း၊ မရခြင်း ဆိုတာကတော့ ပြည်သူများရဲ့ ခံစားမှုအပေါ်မှာ မူတည်ပြီး အဓိပ္ပါယ်အသီးသီး ထွက်ဆိုလာနိုင်ခြင်းပါ။ အကယ် ၍များ ငြိမ်းချမ်းရေးကို လိုလားသူတစ်ယောက်က လွတ်လပ်ရေးနေ့အတွက် ငြိမ်းချမ်းရေးသ၀န်လွှာကို ပေးပို့လို တယ်ဆိုရင် ဘယ်သူထံသို့ ပေးပို့ရမလဲဆိုတာ အကြံပြုပေးကြဖို့ပါ။ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူ၊ ပြည် သားတွေအတွက် ခွင့်တူညီမျှရှိတဲ၊့ စည်လုံးညီညွတ်မှုရှိတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးရဲ့ အလံတော် အောက်မှာ သစ္စာဓိဋ္ဌာန်ကို သံပြိုင်သီဆိုပြီး၊ လုံခြုံမှုရှိတဲ့ ဘ၀မျိုး၊ အကြောက်တရားကင်းရှင်းတဲ့ ဘ၀မျိုးနှင့် နေ ထိုင်လိုကြတဲ့ ပြည်သူ၊ ပြည်သားတွေအတွက် လွတ်လပ်ရေးနေ့သ၀ဏ်လွှာကို  ပေးပို့လိုက်ခြင်းပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts