သရော်စာ

လွတ်လပ်ရေး၏ အရသာ (Maung Oo)

လွတ်လပ်ရေး၏ အရသာ
မောင်ဦး၊ ဇန်န၀ါရီ ၄၊ ၂၀၁၄

( ) ကြိမ်မြောက်
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်
အလေးမနှင့် ကာယဗလမောင် ပြိုင်ပွဲ

စင်မြင့်နောက်ခံစာလုံးတွေက အထင်းသား။

အရပ်ထဲမယ် ကော်မတီဖွဲ့တော့ ‘ဦးဘသိန်း’က ဥက္ကဌ။ ကော်မတီနာမည်က ‘လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ကျင်းပရေး ကော်မတီ’။ ဦးဘသိန်းကို ဥက္ကဌ ခန့်ရတဲ့အကြောင်းက ရပ်ကွက်ထဲမယ် သူက အချမ်းသာဆုံး။ လုပ်ငန်းရှင်။ သိပ်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သစ်စက်လေး ဘာလေး ပိုင်တာ။ သို့ပေတဲ့ ရပ်ကွက်ထဲမယ် အများစုက ရရစားစားတွေဆိုတော့ သူက ငွေရှင်ကြေးရှင်ဆိုလည်းမမှားဘူးလေ။ အသက်က ငါးဆယ်ကျော်၊ ခြောက်ဆယ်နီးပါး။ လူပုံက အသားညိုညို၊ ခပ်ပါးပါး၊ အရပ်ကတော့ ခပ်ပျပ်ပျပ်ရယ်။

ပြီးတော့ သိကြတဲ့အတိုင်းပဲ။ ပိုက်ဆံရှိတဲ့သူကို ဥက္ကဌခန့်လိုက်တဲ့အခါကျတော့ ရန်ပုံငွေအတွက် ပူစရာမလိုတော့ဘူးပေါ့။ ‘ဥက္ကဌကြီး လုပ်ပါဦး။ ကူညီပါဦး’ ဆိုတာနဲ့ ပွဲကပြီးပြီ။ အဲဒါနဲ့ပဲ ဦးဘသိန်းတစ်ယောက် ဥက္ကဌဖြစ်ကရောဆိုပါတော့။ တွေ့တဲ့သူတိုင်းက ‘ဥက္ကဌကြီး’၊ ‘ဥက္ကဌကြီး’ နဲ့ခေါ်ကြတာ။ အဲဒါကို သူ့မိန်းမ ‘ဒေါ်ဇီးကွက်’ က ခေါ်နေကြအတိုင်း ‘ကိုဘသိန်း’ လို့ မခေါ်တော့ဘဲ ‘ဥက္ကဌကြီး ထမင်းစားမယ်။ ဥက္ကဌကြီး ဆေးလိပ်ခွက်လေး လှမ်းလိုက်စမ်းပါဦး’ လုပ်ကရော။ အဲဒါကို ဦးဘသိန်းက ငေါ့ပြောမှန်းမသိဘူး။ မျက်နှာကြီးက ပြုံးဖြဲဖြဲနဲ့ အဟုတ်မှတ်နေတာ။

ဒီနေ့ပြိုင်ပွဲ မစခင်မှာ ထုံးစံအတိုင်း ဥက္ကဌက အဖွင့်အမှာစကားပြောမယ့် အစီအစဉ်ပါတယ်။ တစ်ချို့ကလည်း စိတ်ပူတာပေါ့။ ဖြစ်မှ ဖြစ်ပါ့မလား။ အခုမှ ဥက္ကဌ လုပ်ဖူးတဲ့သူက လူရှေ့သူရှေ့ စကားထွက်ပြောရင် အဆင်မှ ပြေပါ့မလား လို့ပေါ့လေ။ တစ်ချို့ကတော့ ပြောရှာပါတယ်။ ‘ဘာမှ မပူပါနဲ့။ သူလည်း ဘုန်းကြီးလူထွက်ပဲဟာ။ ဟောတတ် ပြောတတ်မှာပေါ့’ တဲ့။

သူပြောလို့ပြီးရင် အလေးမပြိုင်ပွဲက အရင်စမှာ။ ပြီးတော့မှ ‘မောင်’ ပြိုင်ပွဲ။ ဒိုင်လူကြီးတွေ ဘာတွေနဲ့ စနစ်တကျလုပ်တာဆိုတော့ အရပ်ကလည်း စိတ်ဝင်စားတယ်။ ပြီးတော့ ပြိုင်ပွဲဝင်မယ့်သူတွေကလည်း ဒီရပ်ကွက်သားတွေချည်းပဲ မဟုတ်ဘူး။ ရပ်ကွက်ထဲက အလေးမရုံမယ် လာကစားကြတဲ့ နေရာစုံက တခြားသူတွေလည်းပါမှာ။ တစ်ချို့ဆို ‘တိုင်းလက်ရွေးစင်’ တွေဆိုတော့ ပိုပြီးစိတ်ဝင်စားကြတာပေါ့။

တခြား ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲတွေက ညနေပိုင်းမှာ အကုန်လုံးပြီးပြီဲ။ နောက်နေ့ လွတ်လပ်ရေးနေ့မှာက ဆုပေးပွဲ လုပ်မှာ။ ဒီပွဲက နောက်ဆုံးပွဲလည်းဖြစ်၊ ညပွဲလည်းဖြစ်တာကြောင့် အရပ်ထဲကလူတွေ ကုန်ပြီလားလို့ အောက်မေ့ရတယ်။ အုတ်အုတ်ကျက်ကျက်နဲ့။ ပွဲဈေးတန်းတွေ၊ ဘာတွေတောင် ဖြစ်လို့။

ဒီလိုနဲ့ ည ခုနှစ်နာရီထိုးတော့ ပြိုင်ပွဲ ‘စ’ တယ်။ အဲ … ပြိုင်ပွဲက ‘မစ’ ရသေးဘူး။ ဥက္ကဌက အဖွင့်အမှာစကား ပြောဦးမှာ။ ပြီးတော့မှ အလေးမပြိုင်ပွဲက ‘စ’ ရမှာ။ စင်က ရပ်ကွက်ရဲ့အဓိကလမ်းမကြီးကို ကန့်လန့်ဖြတ်ထိုးထားတယ်။ ရပ်ကွက်ရဲ့ သုံးပုံ နှစ်ပုံလောက်မှာ ဆိုပါတော့။ အဲဒီတော့ စင် နောက်က ကပ်ရက်နေရာမှာ အားကစားသမားတွေ သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ သုံးပုံ တစ်ပုံလောက် နေရာကျန်တာပေါ့။ အားကစားသမားတွေလည်း အကုန်စုံပြီ။ အဆင်သင့်ပဲ။

အလေးမနည်းပြက ‘ဦးဝင်းကြည်’ တဲ့။ အသားညိုညို၊ ထောင်ထောင်မောင်းမောင်းနဲ့။ သဘောကောင်း၊ မနောကောင်း။ တပည့်တွေ ဘာတွေကို ဆူတာ ပူတာ မရှိဘူး။ ရယ်ရယ်မောမောနဲ့ ပြောတတ်၊ ဆိုတတ်တယ်။ သူက သူ့တပည့်တွေကို သွေးပူ လုပ်ခိုင်းတယ်။ အဲဒီတော့ ‘ကိုလှမြင့်’ ဆိုတဲ့သူက မေးတယ်။ သူကလည်း ဝင်ပြိုင်မှာ။ အသက်က လူလတ်ပိုင်းဆိုတော့ နည်းပြကို ပြောရဲဆိုရဲရှိတယ်။ အရပ်ပုပု၊ အသားဖြူဖြူ၊ မျက်လုံးပြူးပြူးနဲ့။ သူရောက်လာရင် ဟောင်ဖွာ၊ ဟောင်ဖွာနဲ့ ဟိုလူ့နောက်၊ ဒီလူ့ စ လုပ်တော့ ရုံမှာ လာကစားတဲ့သူအားလုံးက ကိုလှမြင့်ကို ချစ်ကြတယ်။ ဦးဝင်းကြည်ကလည်း သူ့ကို အစစ၊ အရာရာ အားကိုးတယ်။

“ဆရာ။ ဥက္ကဌက စကားပြောတာ ကြာမှာလား”

ဦးဝင်းကြည်က

“မကြာပါဘူးကွာ။ အလွန်ဆုံး ၅ မိနစ်လောက်ပါပဲ”

အဲဒါနဲ့ သွေးပူလုပ်နေကြရော။

ဥက္ကဌလည်း စင်ပေါ်ရောက်ပြီး နှုတ်ဆက်စကားပြောပြီးတာနဲ့ သီချင်းတစ်ပုဒ် ကောက်ဟဲလိုက်တယ်။

“ရတနာပုံ နေပြည်၊ မင်းဆယ့်တစ်ဆက် အုပ်စိုးခဲ့သည် … အုပ်စိုးခဲ့သည် …၊
ရှေးရှေးတုန်းကတော့ အလွန် သာယာစည်၊ သီပေါရာဇာ နန်းစံ ခုနှစ်နှစ်မှာ ဖြစ်ရတဲ့ အရေးကို တွေးမိပါတော့သည် …”

‘ပါတော်မူ’ သီချင်း။

ကိုလှမြင့်က သိတယ်။ သူ့ဆရာ ဦးဝင်းကြည်ကို လှမ်းမေးလိုက်တယ်။

“ဆရာရေ … ဥက္ကဌကတော့ သီပေါမင်း ပါတော်မူတာကနေ ‘စ’ ပြောနေပြီ။ လွတ်လပ်ရေးရဖို့ကတော့ တော်တော်ကြာလိမ့်မယ် ထင်တယ်နော်။ သွေးပူလုပ်တာ ခဏနားထားရင် ကောင်းလိမ့်မယ်”

“မင်းကလဲ … ချုံ့ပြောမှာပါကွာ။ အလွန်ဆုံး ကြာလှ၊ ၁၀ မိနစ်ပေါ့။ ဆက်လုပ်ထား”

ဦးဝင်းကြည်က ကိုလှမြင့်ကို ဖျောင်းဖျလိုက်တယ်။

ဒီလိုနဲ့ ၁၀ မိနစ်သာ ကျော်သွားတယ်၊ ‘ဝိုင်အမ်ဘီအေ’ အသင်း တည်ထောင်တဲ့အထိပဲ ရောက်သေးတော့ နည်းပြလည်း မနေသာတော့ဘူး။ သူ့တပည့်တွေကို လေပြေလေးနဲ့ …

“ကဲ … ဟေ့… ။ ခဏနားကြဦးဟ။ အခုမှ ‘ဝိုင်အမ်ဘီအေ’ ဆိုတော့ လွတ်လပ်ရေးရဖို့ ကြာဦးမယ်။ ဟဲဟဲ။ ဥက္ကဌ မိန့်ခွန်းပြီးခါနီးမှပဲ ပြန်လုပ်ကြတာပေါ့။”

ကိုလှမြင့်က ‘သူမပြောဘူးလား’ ဆိုတဲ့ မျက်နှာပေးနဲ့ သူ့ဆရာကို လှမ်းကြည့်နေတယ်။

ရာသီဥတုကလည်း ဆောင်းတွင်းပီပီ အေးချက်က ရက်စက်တယ်။ ညပိုင်းရောက်လေ အေးလေလေ။

“ဆရာရေ … ချမ်းနေပြီဗျို့”

ငုတ်တုတ်ထိုင်နေတဲ့တစ်ယောက်က ‘ထ’ အော်လိုက်တယ်။ ဟုတ်တော့ဟုတ်တယ်။ အလေးမမယ့်သူတွေဆိုတာက သိတဲ့အတိုင်းပဲ။ စွပ်ကျယ်လက်ပြတ် နဲ့ ဘောင်းဘီအတိုလေးနဲ့ ဆိုတော့ ပိုဆိုးတာပေါ့။ အပေါ်က ထပ်ဝတ်ထားတဲ့ အားကစားဝတ်စုံဆိုတာကလည်းပါးပါးလေးကိုး။

ဦးဝင်းကြည်က လှည့်ကြည့်လိုက်တော့ သူ့တပည့်တွေ အတော့်ကို ချမ်းနေကြပြီ။

“မင်းတို့ သွေးပူ ပြန်လုပ်ထားရင် ကောင်းမယ်ကွ”

“ဟာ … ဆရာကလဲ။ ဘယ်အချိန်ပြီးမယ်မှန်းမှ မသိတာ။ တကယ် ‘မ’ မယ့်အချိန်ရောက်တော့မှ အားကုန်နေဦးမယ်”

တစ်ယောက် တစ်ပေါက် ဝိုင်းပြောကြတယ်။

အဲဒီ့တော့ ဦးဝင်းကြည်က

“အဲဒါဆိုလည်း ပုဆိုးသာ ခြုံထားကြတော့ကွာ”

သူ့စကား နားထောင်လို့တော့ မဟုတ်ဘူး။ ပုဆိုးကလွဲပြီး ခြုံစရာမှ မရှိလေတော့ အားလုံးက ပုဆိုးကိုယ်စီ ခြုံပြီး ငုတ်တုတ်လေးတွေ ထိုင်နေကြရတယ်။

နာရီဝက်သာကျော်လာတယ်။ အခုမှ ပထမကျောင်းသားသပိတ်က ‘စ’ မှောက်နေတုန်း။ သူ့ဟာသူတော့ အဟုတ်သား။ ဦးဘသိန်းကို ပြောပါတယ်။ သီချင်းလေးဆိုလိုက်၊ ပြောလိုက် ဟောလိုက်နဲ့ လမိုင်းကပ်နေတယ်။

စင်ရှေ့မှာ အခန့်သားထိုင်နေကြတဲ့ ဒိုင်လူကြီးတွေလည်း အတော့်ကို စိတ်ညစ်နေကြပြီ။ လူတွေကတော့ ပြောမနေနဲ့တော့။ ဘယ့်နှယ် … အလေး ‘မ’ တာ ကြည့်ချင်လို့လာပါတယ်။ ဥက္ကဌရဲ့ မဟာမိန့်ခွန်းကြီးနဲ့တိုးနေတော့ စိတ်ကမရှည်ချင်တော့ဘူး။ ထထွက်သွားတဲ့လူနဲ့၊ စင်ဘေးနားမှာ ရစ်သီရစ်သီလုပ်ပြီး ‘ကြာနေပြီ’ လို့ မျက်နှာရိပ်၊ မျက်နှာကဲ သွားပြတဲ့လူနဲ့။ ကလေးတွေကတော့ ပြောမနေနဲ့တော့။ စင်ရှေ့မှာ ပတ်ပြေးကြ၊ ဆော့ကြ၊ ဂျွမ်းထိုးတဲ့သူကထိုး။ ပရိတ်သတ်က မငြိမ်တော့ဘူး။ လှုပ်လှုပ်ရွရွတွေ ဖြစ်နေကြပြီ။ ဥက္ကဌက အဲဒါတွေကို သတိတောင်ထားမိပုံမပေါ်ဘူး။ သူ့အရှိန်နဲ့သူ ဟောလို့၊ ပြောလို့ကောင်းနေတုန်း။

စင်ဘေးနား သွားသွားပြီး ‘ရပ်လိုက်ဖို့’ အချက်ပြနေတဲ့သူတွေလည်း စိတ်လျှော့လိုက်ကြပြီ။ လူတွေအားလုံးက ‘လွတ်လပ်ရေး မြန်မြန်ရပါစေ’လို့ စိတ်ထဲက ကျိတ်ပြီး ဆုတောင်းနေကြရတော့တယ်။ ဒါမှ ဥက္ကဌကြီးရဲ့ မိန့်ခွန်းတော်ကြီးက ပြီးမှာကိုး။ နောက်တော့ စိတ်ထဲကတင် မဟုတ်တော့ဘူး။ အသံတွေပါ တိုးတိုး၊ တိုးတိုး ထွက်လာတယ်။

“ဒုတိယကျောင်းသားသပိတ် မှောက်နေပြီ”

“ရဲဘော်သုံးကျိတ် ဖွဲ့လိုက်ပြီတဲ့”

“ဘီအိုင်အေ ဝင်ပြီဟေ့”

“ဖက်ဆစ်ဂျပန်တွေကို တော်လှန်ကုန်ကြပြီ”

“ဒါဆိုရင် လွတ်လပ်ရေး ရခါနီးပြီပေါ့နော်”

မသိတဲ့သူတွေကလည်း ဘေးကလူကိုမေးကြ။

“ဟုတ်တယ်။ သိပ်မကြာတော့ဘူး။ လွတ်လပ်ရေး ရတော့မယ်”

တစ်ယောက်နဲ့တစ်ယောက် အားပေးတဲ့သူက အားပေး။

အဲဒီတော့မှ စင်နောက်ကပ်ရက်က ဦးဝင်းကြည်တို့အဖွဲ့တွေလည်း သွေးပူလေ့ကျင့်ခန်း ‘စ’ လုပ်ဖို့ ပြင်ဆင်ကြရတော့တယ်။ ကိုလှမြင့်ဆိုရင် သီချင်းတောင် ကောက်ဟဲလိုက်သေးတယ်။ စင်ပေါ်က ဥက္ကဌကို ရွဲ့တာလည်း ပါတာပေါ့။

“လွတ်လပ်ရေး ရတော့မယ်ဟေ့ …။ လွတ်လပ်ပြီ၊ လွတ်လပ်ပြီ၊ တို့တတွေ လွတ်လပ်ပြီ။ အောင်သပြေကို ဆွတ်ခါအတည်။ ငါတို့ ကိုင်ဆောင်မည်။ တူနယ်၊ တဲ့နယ် …။ ကောင်လေးတွေ … သွေးပူလေး ပြန်လုပ်ကြရအောင်”

စင်ပေါ်က ဥက္ကဌကြီးကတော့ သူ့အရှိန်နဲ့သူ လှိမ့်လို့ကောင်းနေတုန်း။

“ဒီလိုနဲ့ … ၁၉၄၈ ခု၊ ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက် ၄ နာရီ မိနစ် ၂၀ မှာ ….”

လွတ်လပ်ရေးရပြီလည်းဆိုရော ဥက္ကဌကြီးရဲ့ ၂ နာရီ နီးပါးကြာတဲ့ မာရသွန်မိန့်ခွန်းကြီး နိဂုံးချုပ်တော့မယ်ဆိုပြီး
လူတွေအားလုံး ပျော်နေလိုက်ကြတာ။ မျက်နှာတွေများ ပြုံးလို့၊ ရွှင်လို့။

“နိဂုံးကမ္မတ် အဆုံးသတ်လိုက်ရပါတယ် ခင်ဗျား ….”

ဥက္ကလည်း နိဂုံးအချုပ်၊ လက်ခုပ်သံကြီးက ဟိန်းပြီးထွက်လာလိုက်တာ တစ်ရပ်ကွက်လုံး ဝက်ဝက်ကို ကွဲရော။

တစ်ချို့လူကြီးတွေဆိုရင် လက်ခုပ်လက်ဝါး အားရပါးရတီးရင်းနဲ့ ပြောလိုက်သေးတယ်။

“အောင်မယ်လေးဟဲ့။

ကိုဘသိန်း မိန့်ခွန်းနားထောင်ရမှ လွတ်လပ်ရေးရတာ ဒီလောက်ပျော်စရာကောင်းမှန်း

သိတော့တယ်” တဲ့ ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts