မာမာအေး ရသဆောင်းပါးစုံ

“ပြောပြစရာတွေလဲတပုံကြီးရှိသေးတယ်” အမှတ် [၄၉၀] – စာပေဆုပွဲ

မာမာအေး
ဒီဇင်ဘာ ၂၉၊ ၂၀၁၃

သောတရှင်များ ကျန်းမာတော်မူကြပါရှင်၊
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကေါင်းတေါင်းလိုက်ပါတယ်၊

သောတရှင်တို့ရေ၊ ဒီကနေ့ မာအေးမကြုံဖူးသေးတဲ့ စာသဘင်အခန်းအနားတခုအကြောင်း ပြောပြချင်ပါတယ်ရှင်၊ အဲဒါကြောင့် “ရေးတော့အမှန် ဖတ်တော့အသံ” ဆိုစကားအရ-“ ရေးတော့ ရွှေအမြုတေ- ဖတ်တော့-ရွှေအမတေ” လို့ခေါ်ရမယ့် ရွှေအမြုတေ- စာပေဆုပေးပွဲအကြောင်း ဖြစ်ပါတယ်ရှင်၊

ဒီရွှေအမြုတေမဂ္ဂဇင်းရဲ့ ရှေ့ဆောင်ရှေ့ရွက်ပြုသူကတော့- စာပေလောကအခေါ် ဆရာဦးဝင်းငြိမ်းဖြစ်တဲ့အကြောင်း- လူအပေါင်းက သိကြပါတယ်၊ အနုပညာသမားတို့ရဲ့သဘာဝ၊ ချစ်သူလဲရှိ မုန်းသူလဲရှိနေမယ့်သူဖြစ်မှာပါဘဲ၊

မာအေးကတော့ ကိုဝင်းငြိမ်းတို့အဖေ၊ လက်ဝှေ့ကျော် ကျားဘငြိမ်းသံယောဇဉ်နဲ့ အကြောင်းခံပြီး ခင်မင်နေတာပါ၊ မာအေးငယ်က ယောက်ျားမလို့ပြောခဲ့တာဘဲ၊ အားကစားဟာ ကိုယ့်ဝါသနာထဲမှာ ပါပြီးသား၊ မိန်းခလေးမို့ လက်ဝှေ့လိုင်းတော့ ကိုယ်တိုင်မလုပ်နိုင်ဘူးပေါ့၊ လက်ဝှေ့ပွဲဆို ဗမာလိုထိုးထိုး၊ နိုင်ငံတကါလိုထိုးထိုး- ပဲခူးရောက်ရောက်ဆိုတာမျိုးနဲ့ နယ်အထိ လိုက်ကြည့်တတ်ခဲ့ပါတယ်၊ အဖေနှဲဆရာက အားကစားဝါသနာရှိတော့ ကြည့်ဖေါ်ကြည့်ဖက်ကိုဖြစ်လို့ဘဲ၊

တခါတော့တွံတေးမှာ ဗမာလက်ဝှေ့ပွဲကြီးတပွဲ လုပ်တာနဲ့ သွားကြည့်ခဲ့တယ်၊ ပွဲကကြမ်းသလားမမေးနဲ့၊ သွေးအဖြာဖြာပက်သလို အခင်းတွေမှာ အကွက်ကွက်တွေရဲလို့၊ သဲသဲမဲမဲ ကျွဲပွဲအတိုင်းတွေ့ရတာမှာ စိတ်မချမ်းမသာ ခံစားလာရပါတယ်၊
သွေးမြင်လို့ကြောက်တာမဟုတ်ပါဘူး၊ ကစားတာနဲ့မတူဘဲ၊ အမဲဖျက်သလို ထိုးသတ်တာမျိုးကို မကြိုက်နိုင်တာပါ၊ ပညာပြတာထက် လူအနာရအောင် လုပ်တာမျိုးကို မနှစ်မြို့တော့တာကြောင့်၊ ၀ါသနာကလဲ မကုန်သေးတော့ ကမ္ဘာ့လက်ဝှေ့လိုင်းဆီ ချီတက်ကြည့်ပြန်တာပေါ့ရှင်၊
ဒါကြောင့် ဆရာကျားဘငြိမ်းကို ကြိုးဝိုင်းထဲက တွေ့သိခင်မင်လာတော့တာ၊ ပြင်ပလေါကမှာ “အရှောင်အတိန်း ဂျက်စီဂျိန်း” လို့ပြောကြတဲ့ ဗန်းစကား ကြားဘူးတယ်မို့လား၊
မာအေးက ဂျက်စီဂျိန်း ဘာကိုအရှောင်အတိန်းလုပ်လို့ပြောကြပါလိမ့် ဆိုတာထက် – ကျားဘငြိမ်းရဲ့တဖက်လူဆီကလာတဲ့ လက်သီးချက်ကို မျက်နှာနဲ့လည်တိုင် ယိုင်ရုံကလေးရှောင်တဲ့တိန်းတဲ့ ကစားကွက်ကို ပိုနှိတ်တယ်လို့ပြောချင်မိတာဘဲ၊

လက်ဝှေ့ထိုးတဲ့သူတို့ရဲ့ မျက်နှာပေးတွေဟာ အများအားဖြင့် ရန်လိုတဲ့မျက်နှာ၊ အမုန်းတလွှာ ကပ်ထားကြတတ်တာမို့လား၊ ဆရာကျားက အဲလိုမှမဟုတ်တာ၊ ယဉ်ကျေးသိမ်မွေ့တဲ့အပြုံးကလေးဆင်လို့ ခေါင်းလေးတငြိမ့်ငြိမ့်နဲ့      သူ့မျက်နှာတူရူကလူကို နှစ်သိမ့်နေတာမျိုးပါ၊
ဒီကနေ့ ကိုဝင်းငြိမ်းမှာ သူ့အဖေလို အပြုံးတ၀က်သာသာ ဖြစ်လာနေသလို၊ မာအေးရဲ့အပြန်ခရီးမှာ တွေ့နေရတယ်၊ အရွယ်နဲ့အချိန်နဲ့ အတွေ့အကြုံတွေက သမုဒယကို သူရနေပြီဘဲလို့ သူ့အဖေကိုပါ- အဲဒီညက သတိပိုရပါတယ်၊ ကိုဝင်းငြိမ်းရဲ့မွေးနေ့လို့လဲ သိရပါတယ်၊ ဒီပွဲကို- မာအေးက ရွှေအမြုတေမဂ္ဂဇင်းမှာ ရေးတဲ့ ကလောက်ရှင်တွေကို ဆုပေးတာလို့ မှတ်နေတာပေါ့နော်၊
ဆုရွေးခြယ်တဲ့အဖွဲ့ရဲ့ ဘာကြောင့် ဆုပေးဘို့ရွေးခြယ်ရတယ်ဆိုတဲ့ အကြောင်း ရှင်းလင်းတင်ပြတော့မှ မဂ္ဂဇင်းအစုံကနေရွေးကေါက်နှုတ် ဆုပေးတာလို့ သိရပါတယ်ရှင်၊ ခုအကြိမ်ပါဆို(၈)ကြိမ်ရှိပြီ တဲ့၊ မာအေး အတော်ဝေးခဲ့တာဘဲလို့သတိရတယ်၊
ဒီပွဲကိုတတ်ရောက်ခဲ့လို့ တချို့ခင်မင်ပြီး မိတ်ဆွေတွေကို ပြန်တွေ့ခဲ့ပါတယ်၊
မာအေးထိုင်တဲ့ပွဲမှာ စာရေးဆရာကြီးမောင်ဝံသတို့သားအဖနဲ့ ဆရာမ စန်းစန်းနွဲ့(သာယာဝတီ) မာအေးတို့သားအမိ၊ တခြားဧည့်သည် (၃)ဦးနဲ့မွေးနေ့ရှင်ကိုဝင်းငြိမ်းတို့အတူနေရာယူပါတယ်၊ မမဘေဘီနဲ့ဆွိလေး(မေ
ဆွိ)တို့ဇနီးမောင်နှံတို့တွေ့ရတယ်၊ ညီမလေးဝါ၀ါ(၀ါဝါ၀င်းရွှေ)နဲ့လဲတွေ့ရတယ်၊ သူ့ကိုသိတ်အ၀ကြီးပုံမျိုး မတွေ့ရလို့ ၀မ်းသာရသေးတော့တယ်၊

အမျိုးသမီးစာရေးဆရာမလေးတွေလဲ အများကြီးဘဲကို၊ ဟိုအဝေးကနေ မဂ္ဂဇင်းတွေစာစေါင်တွေ လက်လှမ်းမမီတော့မသိနိုင်ခဲ့ဘူးပေါ့၊ ခုတော့ပိုတောင်ဝေးမလား မသိပါဘူးရှင်၊
စာအုပ်ပို့ခတွေနိုင်ငံတော်က ကြေးထပ်တင်တယ်ဆိုလား-ကြားနေရလို့ပါ၊ မာအေးကိုယ်တိုင်တော့ မမှာဖူးပါဘူး၊ မြန်မာစာအုပ်ဆိုင်တွေ့မှ သိမ်းကြုံးဝယ်ဖတ်ဖြစ်ရတာပါရှင်၊
ပို့ခတွေဈေးကြီးလို့ မမှာပေးရင် စာငတ်တဲ့ရောဂါရဦးတော့မှာပါဘဲ၊ အနောက်ဖက်ကိုမှ မဟုတ်ပါဘူး၊ ကမ္ဘာအနှံ့ပျံ့နှံ့နေတဲ့ ဗမာစာဖတ်ပရိသဒ်တွေရှိနေတယ်၊
နိုင်ငံခြားမှာသွားပေါက်ခဲ့ရတဲ့မြန်မာ့သားပေါက်သမီးပေါက်တွေ၊ ကိုယ့်စာကိုယ်မသိတဲ့အခြေအနေမရောက်ဖို့လဲလိုတယ်မို့လားရှင်၊
တခါတခါတော့လဲ နိုင်ငံတော်ကို ဗမာစာကြည့်တိုက်ရှိလာပါစေလို့တမ်းတမိတယ်၊ စာကြည့်တိုက်တွေ ရပ်ကွက်တခုမှာအနည်းဆုံးတခုတော့ ဒီမှာတွေ့ရလို့ပေါ့၊ ရောက်စတုန်းကတော့ ကိုယ့်မှာရှိတဲ့စာအုပ်လေးတွေအဲဒီမှာ သွားထားဖူးသေးတယ်၊ စာအုပ်ကရှားတယ်မို့လား၊
ငှားသွားပြီးပျောက်လို့ဆိုတဲ့ အနေနဲ့ ပိုက်ဆံသာ လာပြန်လျော်ပေးပြီး ယူလိုက်ကြတာတွေ့ရပါတယ်ရှင်၊ စာငတ်လို့ ခိုးယူရတဲ့အဖြစ်ကို ရောက်နေတော့တာဘဲ၊

နိုင်ငံတကါရောက် ကိုယ့်လူမျိုးတွေမှာတော့ ကိုယ်ဖတ်ချင်တာလေးတွေကို ဟိုလူကြုံမှာ ဒီလူကြုံမှာနဲ့ ဖြစ်နေရတာဘဲရှင်၊ ဒီပြန်လာနေတဲ့အချိန်မှာ စာအုပ်တန်းတောင် မလျှောက်ရသေးဘဲ၊
စာအုပ်အထွက်ကျဆင်းနေသတဲ့၊ ကြားရတာ စိတ်မကေါင်းစရာဘဲ၊ အင်တာနက်ကျွမ်းတဲ့တချို့ရဲ့ မသိနားမလည်မှုကြောင့်လဲပါတယ် ဆိုဘဲရှင်၊
ကိုယ့်ရှေ့မှာ လာညည်းပြတဲ့ စာပေလောကသားတယောက်ကို- အင်တာနက်နဲ့ဘာဆိုင်လို့လဲ ဆိုတာကိုမေးကြည့်တော့ “စာအုပ်တအုပ်လုံးကို အင်တာနက်ပေါ် စာရိုက်တင်ထားပြီး အခမဲ့ ယူစေသတည်းတွေဖြစ်နေသတဲ့၊ စာရေးဆရာရော၊ ထုတ်ဝေပေးတဲ့သူအတွက်ရော ထိခိုက်မှာပေါ့ရှင်၊
အားလုံးဟာ ပညာစိုက်၊ ဥစ္စာစိုက်၊ အချိန်တွေလဲ စိုက်ထားရပါလားလို့ ကိုယ်ချင်းလေးများ စာတတ်ကြပါစေလို့ ဆုတောင်းမိပါတယ်၊ ကိုယ်လဲဘဲ အဲဒီ အရင်းမစိုက် အချောင်နှိုက်ချင်သူတချို့ကြောင့်- ပြောစရာတွေစာအုပ်-ဆက်ထုတ်ဖိုတောင် ခက်တက်တက်ဖြစ်နေတယ်ရှင့်၊
ကိုယ်က စာမတတ်တဲ့သူတွေပါသိနိုင်ပါစေလို့  အသံCDလေးပါ တွဲပြီး ထုတ်ပေးခဲ့တာကို၊ CDကခိုးချယူကြတာတွေကြုံနေရတော့ ကိုယ့်ရည်ရွယ်တဲ့ စာမတတ်သူတွေအတွက် CDကိစ္စ-ထိန်းထားရမလိုဖြစ်နေလို့ပါ၊
ရွှေအမြုတေ စာပေသဘင်မှာရောက်နေတော့ စာလောကဖက် အတွေးတွေက ရောက်တာပေါ့နော်၊ဟိုကြည့် ဒီကြည့်ပွဲပြီးသည်အထိ နေကြည့်ခဲ့ပါတယ်၊ ဆုတွေကျေညာတဲ့အခါ စာဖတ်ဝါသနာရှင်တွေ၊ ထုတ်ဝေသူတွေကလဲ ပေါင်းပြီး ဆုတွေပေးပို့ချီးမြှင့်ကြတယ်။
ဆုတဆုကလွဲရင် ကျပ်ဆယ်သိန်းအထက်ချည်း ရသွားကြတာမို့ ၀မ်းသာရပါတယ်၊ ပိုပြီး အသိကြွယ်ဝနိုင်တဲ့စာတွေ များများရေးခဲ့နိုင်ပါစေလို့လဲ ဆုတောင်းပါတယ်ရှင်၊ အလိမ္မာစာမှာရှိတယ်ဆိုတာကိုယ်တွေ့ပါ၊

(ဖိတ်ခေါ်သံမှ)
(မောင်ဝါသနာထုံတဲ့ ကဗျာစာပေဂီတတွေ အဖိုးတန်အမြုတေ မြန်မာမှုတွေ၊ ထီးစဉ်နန်းဆက် မြန်မာ့ယဉ်ကျေးမှုအမွေ)၂ xxx (ဆွေးနွေးလေ့လာနိုင်သလေ တမျိုးတဘာသာ မတူတာတွေ)၂ xxx
ဆရာအဆူဆူသဘောဖြူ- မိတ်ကေါင်းဆွေရင်းလိုဘဲခင်မင်မလေ xxx


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts