ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၃)

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဒီဇင်ဘာ ၂၈၊ ၂၀၁၃
အထူးသဖြင့် ရွှေပြည်သာသား တစ်ယောက်အတွက် သိလိုသော အဖြေက ပိုလွယ်နေတာ ဖြစ်နိုင်သည်။ဒညင်းကုန်း လမ်းဆုံ၊ ခရေပင် လမ်းခွဲ၊ နောက် ထောက်ကြံ့ဘက် ဦးတည်မှု။ အခု ဘုရားဆီမှ လွင့်ပျံလာသည်မှာ သိလိုသော အဖြေကို ပေးလိုက်ပြီ ဖြစ်သည်။ ခေါင်းစွပ်ကြီးနှင့် ခေါ်လာစဉ်က အခန်းကျဉ်းလေးထဲ မထည့်မှီတိုင်ကို ငါးပတ်လောက် ပတ်ခိုင်းသည်။ ပြီး ခေါင်းငုံ့ ခေါင်းငုံ့ဟု ခိုင်းပြန်သည်။ တိုက်မိစရာ တခုခု ရှိနေ၍ ငုံ့ခိုင်းသည်ဟု ထင်သည်။ ထိုအထင်က ခေါင်းကို ငုံ့ပြီးသား ဖြစ်စေသည်။ ကျော် ကျော် ဟု ခိုင်းပြန်သည်။ ခြေထောက်က မ ပြီးသား။ အခန်းထဲ တနာရီလောက် ထားပြီး ခေါ်ထုတ်သည်။ ခုနလို ကျော်ခိုင်းတာ၊ ငုံ့ခိုင်းတာ မရှိတော့။ ဘာမှ ကျော်စရာ၊ ငုံ့စရာ မရှိဘဲ တမင်ခိုင်းခြင်း ဖြစ်သည်ဆိုတာ သဘောပေါက်လိုက်ရသည်။ မျက်စိလည်အောင် လုပ်ထားမှုတွေ ကြားထဲက ကိုယ်ရောက်နေရာကို ရှာဖွေ တွေ့ရှိခြင်း ဖြစ်သည်။ စိတ္တသုခ ဘုရားဟု အလှူခံ အသံချဲ့စက်မှ ထွက်လာသည်။ ဟနေသော ခေါင်းစွပ်ကြားကနေ ဖတ်မိသော စာတန်းက ဗထလ။ ဒါဆို အခုနေရာဟာ  ရေကြည်အိုင်။ နာမည်လေးကတော့ လှမှလှ။ ငရဲခန်းများဟု ရောက်ဖူးသူတိုင်းကတော့ ကင်ပွန်းတပ်ကြစမြဲ။

 

အခန်းထဲမှာ တယောက်တည်း ထားပြီး တလှည့်စီ မေးခွန်းတွေ လာလာ မေးသည်။ သူတို့ ကြံတောသင်္ချိုင်းက ဖိုမင်ကို သိချင်နေသည်။ ကုလသမဂ္ဂ အရာရှိနှင့် တွေ့ပြီးကတည်းက သူ့ကို တခါမှ မတွေ့မိဖူး။ သူ့အကြောင်း ဘာမှမသိတော့ ဟုသာ တွင်တွင် ဖြေနေရသည်။ နေ့လည်စာကို စစ်ကြောရေးခန်း ထဲတွင်ပင် လာကျွေးသည်။ အချိန်က ဆယ့်တစ်နာရီလောက် ရှိပြီ။ အခုအချိန်ဆို ရွှေပြည်သာ တမြို့လုံး သတင်းတွေ နှံ့နေလောက်ပြီ။ ဒီသတင်းကို ကြားစေချင်သူ တယောက် ကြားလောက်ပြီ။ ကြံတောသုဿန်က ဖိုမင်အကြောင်းလဲ ထောက်လှမ်းရေးတွေ သိနေလောက်ပြီ။ တကယ်က သုဿန်မှ ဖိုမင် လွန်ခဲ့သော တလလောက်ကပင် ကျန်းမာရေး ရုတ်တရက် ဆိုးဝါးပြီး အရေးပေါ်ဆေးရုံတက်ပြီး ဆုံးပါးခဲ့ပြီ ဖြစ်သည်။ (ဤကိစ္စကို အစကတော့ ရိုးရိုးရောဂါနှင့် သေသည်ဟုသာ ထင်ထားခဲ့သည်။ ထောင်တွင်း ရဲဘော် နိုင်ငံရေးသမားများ၏ ထင်မြင်ချက်အရ ရိုးရိုးသေဆုံးခြင်း မဖြစ်နိုင်ဟု သတ်မှတ်ချက်ကို စာရေးသူလည်း လက်ခံထားပြီး ဖြစ်သည်။)ဘာမေးခွန်းမှ ထပ်မလာတော့ဘဲ ညနေစောင်းသွားသည်။

 

ဖိုမင်ကိစ္စကို တမင် အသေးစိတ် တိတိကျကျ ပြောနေခြင်းမှာ ကိုယ့်ရည်ရွယ်ချက်နှင့် ကိုယ်။ သူတို့၏ လျှို့ဝှက်ချက် ကိစ္စတခု ကမ္ဘာ့အကြီးဆုံး အဖွဲ့ကြီးဆီ ရောက်သွားပြီဟု သက်ဆိုင်သူတွေ၏ ရင်ထဲကို သောကတခု စူးနစ်သွားစေချင်သည်။ ကာယကံရှင်ကို ဘယ်လိုပဲ အမိအရ လိုချင်နေနေ သူတို့ လိုချင်နေသူက လောကကြီးမှာ မရှိတော့ပြီ။ နောက်နာရီဝက်သာ ကြိုသိ သူ့ကို မမိစေရဟု ပြောခဲ့သူကိုလည်း လွတ်သွားစေချင်သည်။ နေ့လည်ပိုင်းလောက်မှ လူတယောက် ဝင်လာသည်။ ချွတ်ထားသော ခေါင်းစွပ်ကို ပြန်စွပ်ခိုင်းသည်။ လက်ထိပ်ခတ်သည်။ နောက်လက်မောင်းမှ ကိုင်ပြီး ခေါ်သွားသည်။ ကွင်းကျယ်ကျယ် တခုကို ဖြတ်နေစဉ် မလှမ်းမကမ်းမှ ခလေးတွေ ဆော့ကစားနေသော အသံကို ကြားနေရသည်။ အဆောက်အအုံ တခုထဲရှိ အခန်းတခန်းထဲ ထည့်လိုက်ပြီး အပြင်မှ တံခါးပိတ် သော့ခတ်သည်။

စဖမ်းခေါ်လာစဉ်က ခေါင်းငုံ့ ခေါင်းငုံ့ဟု ခိုင်းတာတွေ ကျော်လိုက်ဟု ကျော်ခိုင်းတာတွေ ဘာမျှ မရှိတော့။ ဒီလိုဆိုလျှင် မရှိတာတွေကို လုပ်ခိုင်းပြီး တမင်ကြောက်အောင် လန့်အောင် ပြုနေခြင်းသာ။ ညီညီညာညာ တမံတလင်းပြင်ပေါ်မှာ ကျော်ခိုင်း ငုံ့ခိုင်းပြီး စိတ်ထဲ ကြောက်လန့်မှုကို ရောက်ရောက်ချင်း ထည့်ပေးနေခြင်းသာ။ သည်အသိက မိမိကို ပြုံးစေသည်။ ငါတို့ကို အရူးလုပ်ပြီး စစစ်တာကိုး။ ထောက်လှမ်းရေး စစ်ကြောရေးကို ရောက်ရမည့်သူတိုင်းကို ဒီလို လန့်အောင်၊ ကြောက်အောင် စလုပ်ပြီး စစ်လိမ့်မယ်နော်ဟု စကားလက်ဆောင်ကို ပေးထားရမည်။

 

အခန်းထဲတွင် မီးလုံး တလုံးကို ထွန်းထားသည်။ မီးသာ ထွန်းမထားလျှင် အတော် မှောင်မည့်နေရာ ဖြစ်မှာ သေချာသည်။ဖျာကြမ်း တချပ်ကို တွေ့ရသည်။ နံဘေးပတ်လည်တွင် လေးနှစ် သစ်သားကို ထောင်လိုက် အနေအထားဖြင့် တချောင်းနှင့် တချောင်း လက်သုံးလုံးခန့်သာ ခြားပြီး ကာရန်ထားသည်။ လေးနှစ် သစ်သားတန်းများနှင့် ကပ်လျှက် ခြောက်ငါးမူး ပျဉ်ချပ်များဖြင့် ကာထားပြန်ပါသည်။ ဝဲယာ တဖက်စီတွင် အလားတူ အခန်းတွေ ရှိနေမှန်း သိသာသည့် အချက်တွေ တွေ့နေသည်။ နံဘေးအခန်းမှ လမ်းလျှောက်သံ၊ ချောင်းဟန့်သံများကို ကြားနေရသည်။ တခါတခါ ညည်းညူသံများကိုပါ ကြားရသည်။ နာကျင်မှု၏ နောက်ဆက်အဖြစ် ကျွတ်ကျွတ်မြည်သံ၊ စုတ်သတ်သံများပါ တခါတခါ ထွက်လာသေးသည်။ အခန်းထဲ ရောက်ပြီး ပထမဦးဆုံး သတိရသည်က သံဗုဒ္ဓေကို များများ ရအောင် ရွတ်ဖို့ပင်။ နံဘေးအခန်းများကို အာရုံစိုက်နေရင်း အကြိမ် ဘယ်နှခေါက်မှန်း မသိသော သံဗုဒ္ဓေကို ရွတ်နေပြန်သည်။ သင်္ကန်းကို လုံးပြီး ခေါင်းအုံးလို လုပ်လိုက်သည်။ဖျာကြမ်းပေါ်တွင် ပစ်လှဲချသည်။ ဘယ်လောက်ကြာကြာ အိပ်မောကျသွားသည် မသိ။ ကင်းရုံက သတင်းပို့သံကို ကြားလိုက်ရမှ လန့်နိုးသွားသည်။

 

ပထမဆုံး လုပ်နေမိသည်က သံဗုဒ္ဓေကို နှုတ်က အလိုလို ရွတ်နေမိခြင်းပင်။ စိတ်က တခြား ရောက်နေသော်လည်း ဂါထာကိုတော့ တန်းနေအောင် ရွတ်လျှက်။ ဂါထာ အရေအတွက်ကို ဘယ်လောက် ရနေပြီ ဆိုတာ သိဖို့ ဘယ်လိုလုပ်ရမည်ကို စဉ်းစားနေမိသည်။ပုတီးစိပ် ဆိုတာက အရေအတွက် သိရအောင် တီထွင်ထားမှု တခုပဲ ဖြစ်သည်။ အရေအတွက်ကို မှတ်နိုင်လျှင် ပုတီးမရှိလည်း ဖြစ်နိုင်ရမည်။ ပုတီး မရှိဘဲ ရေတွက်နိုင်အောင် တစုံတခုတော့ လိုသည်။ ပထမဆုံး ပြေးမြင်မိသည်က လေးနှစ် သစ်သားတန်းများ။ထိုတန်းများကို ရေတွက်လိုက်သည်။ အားလုံး စုစုပေါင်း လေးဆယ့်နှစ်တန်း။ တစ်တန်းကို ဆယ်ခေါက်ရွတ်လျှင် တစ်ပတ်လည်ဆိုလျှင် လေးထောင့်နှစ်ရာကျော်။ ဘာပဲပြောပြော စိတ်အလုပ်တခုတော့ ရသွားမည်။ယောက်ယက်ခတ်အောင် ရွတ်နေရသဖြင့် သောက အချို့တော့ ဝင်စရာ တံခါးပိတ်သွားသည်။ဘုရားကလည်း ဒီလို လုပ်ခိုင်းသည် မဟုတ်။ စိတ်ထဲ အလုပ်တခု ရှိနေမှုက သောကတွေကိုတော့ ဟန့်ထုတ်ပြီး ဖြစ်နေသည်။မျက်စေ့ကို မှိတ်လိုက်၊ ဂါထာရွတ်လိုက်ဖြင့် နှစ်ပတ်လောက် ပတ်မိပြီးချိန်။ ပိတ်ထားသော မျက်စေ့ကို ဖွင့်ပြီး ရွတ်နေပြန်သည်။

 

ရေနံချေးဝနေသော လေးနှစ် သစ်သားချောင်းပေါ်တွင် နှီးစ၊ ဖျာစ တခုခုဖြင့် ရေးထားဟန် တူသော စာတန်းလေးများကို တွေ့နေရသည်။ ကိုယ့်လို အရင်ရောက်နှင့်နေသူများ၊ တချို့က နာမည်လေးများ ရေးထိုးသလို၊ ကဗျာလေးတွေလည်း ရေးကြသည်။”

 

“ကိုမြင့်ဦး ကြခတ်ငူရွာ တောင်စွန်း”

 

ဘယ်နေ့ ဘယ်အချိန်က ရေးထားခဲ့သည် မသိ၊ လူလည်း မတွေ့ဘူး။

 

ဤအခန်းလေးထဲရှိ လျှို့ဝှက်မှတ်တမ်းများကိုသာ တူးဖော်ခွင့် ရ၍ တူးဖော်ရလျှင် မျက်ရည်များ၊ တက်ခေါက်သံများ၊ အံကြိတ်သံများကို တွေ့ရမည် ထင်သည်။ ဤအခန်းထဲ ဝင်ရောက်ခဲ့ဖူးသူများ၏ နာကျင်သော နေ့ရက်များကို တတ်စွမ်းသမျှတော့ ဖော်ထုတ်ချင်သည်။ လူမသိ သူမသိ ခံစားရင်း တိတ်ဆိတ်စွာ ပျောက်ကွယ်သွားရတာတွေက နည်းမည် မထင်။ ဤအခန်းများက အာဏာရှင် သက်ဆိုးရှည်ရေးမှာ အဓိကကျသော နေရာတွင် တည်ရှိနေသည်။ ရက်စက် နည်းပေါင်းစုံတို့ ဤနေရာတွင် ဖြစ်တည်ခဲ့သည်။ ညည်းညူသံတို့ တနေ့မပြတ် ပေါ်ထွက်နေသည်။ အခြားအခန်းတခန်းမှ တံခါးဖွင့်သံကို ကြားရသည်။ နောက်တခန်းမှ ညည်းညူသံက တိတ်ဆိတ်မှုကို ဖြိုခွင်းနေပြန်သည်။ ဤအရပ်ကို ရည်ရွယ်သော ပြောစရာ ဇာတ်လမ်းတိုင်းက အမှောင်ခေတ်၏ သရုပ်ကို ဖော်ထုတ်နေမည် ထင်သည်။

 

“ထွက်မယ်”

 

သော့ခလောက်သံနှင့် တဆက်တည်း ခေါ်သံပါ ထွက်လာသည်။ သင်္ကန်းကို အသေအချာ ပြင်ဝတ်ပြီး တံခါးနား ကပ်လိုက်သည်။တံခါးအဖွင့်မှာပင် ခေါင်းကို စွပ်သည်။ လက်ကို ဖမ်းကိုင်ပြီး လက်ထိပ်ခတ်သည်။ အပြင်ဘက်တွင် ကားသံ၊ လူသံများ မကြားရ။ ခေါင်းစွပ်ကြားမှ မြင်တွေ့ရသော အပြင်ဘက်၏ မြင်ကွင်းတွင် လျှပ်စစ်မီးရောင်က လင်းနေသည်။အတန်ငယ် လှမ်းသော နေရာသို့ ခေါ်လာသည်။ အဆောက်အအုံကြီး တခု အတွင်းရှိ အခန်းထဲမှာ ထိုင်ခိုင်းထားခဲ့သည်။မကြာခင်မှာပင် ငရဲမင်း၏ တမန်တော်က ခြေသံပြင်းပြင်းဖြင့် အခန်းတွင်းသို့ ဝင်လာသည်။

 

“ခင်ဗျားတို့ သုံးယောက်ဗျာ၊ ခင်ဗျားရယ်၊ ထွန်းထွန်းဦးရယ်၊ နောက်တယောက်ရယ် အပေးအယူတွေ လုပ်ကြတယ်၊ နိုင်ငံရေး စာရွက်တွေလဲ ပါတယ်၊ ကဲ နောက်တယောက် ဘယ်သူလဲ ပြော”

 

တော်တော် တိကျသော မေးခွန်း။ သုံးယောက်ထဲမှာ တယောက်ကို သူတို့ ဘယ်သူမှန်း မသိသေး။ နှစ်ယောက်ကတော့ သူတို့ လက်ထဲမှာ၊ သည်အလုပ်ကို သိသူက သုံးဦးထဲမို့ လာရာကို သိနေရပါပြီ။ ကြံတောသုဿန် ဖိုမင်ကိစ္စကို ဘာမှ မေးမြန်းခြင်းမရှိ။ နောက်ထပ် ပြဿနာတခု။ မေးခွန်းအသစ် တက်လာခြင်း ဖြစ်သည်။ ဖိုမင်ကိစ္စတွင် သူ့ကို ကျော်လွှား ချန်လှပ်ထားခဲ့၍ ရသည်။ အခုကိစ္စကို ဘယ်လိုရှင်းရမည်ဟု အနုလုံ ပဋိလုံ စဉ်းစားသည်။ အဓိကလူမှာ ဦးဝင်းကြည်။ သူ့ကို နာရီဝက်မကသော အချိန်ရအောင် လုပ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း သူနှင့် ပတ်သက်သော မေးခွန်းများ ထပ်မလာအောင်တော့ မစွမ်းဆောင်နိုင်ခဲ့။ တရက်လောက် နောက်ထပ် အချိန်များ ရခဲ့လျှင် သူပို၍ အချိန်ရပေမည်။ မေးခွန်းမေးပြီး ချက်ချင်း ပြန်မဖြေခြင်းကို သူစိတ်ရှည်ဟန် မရှိ။ ဖောင်းကနဲ မြည်သံနှင့် အတူ နံဘေးတခုလုံးကို နာကျင်စွာ ခံစားလိုက်ရသည်။

 

“ဒီမှာ ခင်ဗျား ဘာကြီးပဲ ဖြစ်နေပစေ ကျုပ်တို့ဆီမှာ တရားခံပဲ နားလည်လား”

 

နာကျင်မှုကို ခံစားရင်း ဘယ်လို ရင်ဆိုင် ပြောဆိုရမလဲ ဆိုတာကို စဉ်းစားရပြန်သည်။ ဘာတွေ ပြောမယ်ဆိုတာ စဉ်းစားထားခဲ့၊ ကြိုတင်စီစဉ်ခဲ့တာ မရှိ။ အခုတော့ အကန်ခံထားရသော ဝေဒနာတဖက်၊ အတွေးပေါင်းစုံ တဖက်နှင့် အလုပ်ရှုပ်ရပြန်ပြီ။

 

“ဒီတခါ လာရင် အဖြေ အဆင်သင့် ရှိနေရမယ် နားလည်လား”

 

စကားနည်းနည်း ပြောပြီး ထိုသူ ထွက်သွားပြန်သည်။ တယောက်တည်း အခန်းထဲ ကျန်နေခဲ့သည်။ နောက်ကို မှီစရာ မရှိသော ထိုင်ခုံတလုံးပေါ်တွင် ထိုင်ခိုင်းထားခဲ့သည်။ အိပ်ငိုက်လျှင် ဘေးကို လိမ့်ကျမည်။ အိပ်ရေးမဝသော်လည်း နည်းနည်း အိပ်ခဲ့ရတာကိုပင် ကျေနပ်နေရသည်။ လုံးဝသာ မအိပ်လိုက်ရလျှင် အခုလောက်ဆို ဘယ်သူမှ မရိုက်နှက်ဘဲ ခုံပေါ်က အိပ်ငိုက်ပြီး ပြုတ်ကျတာနှင့်ပင် တော်တော် အီနေလောက်ပြီ၊ မျက်စိမှိတ်ပြီး သံဗုဒ္ဓေ ကိုသာ ရွတ်နေလိုက်သည်။ ဘယ်လောက်ပဲ ရွတ်နေနေ သံဗုဒ္ဓေထက် လိမ္မာပါးနပ်စွာ ဖြေတတ်မှုက ကယ်တင်လိမ့်မည် ဆိုတာကို သိသည်။ ဘယ်လောက်ပင် သဘောပေါက်ပေါက် နှုတ်ကတော့ သံဗုဒ္ဓေသာ။ ဤလို အခက်အခဲတွေ၊ နှိပ်စက်မှုတွေကြား တင်းခံရင်း သူပြောသည့် နာရီဝက် မကသော အချိန်ကို ကြိုးစားယူခဲ့သည်။

 

ဒီလိုနှင့် သုံးရက်မြောက်နေ့တွင် အကျွန်ုပ်တို့ ထိုင်ပြီး ပြောခဲ့သော လူသုံးယောက်ထဲက တယောက်သည် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ဖော်ထုတ် ပြောပြခဲ့ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က လွတ်မြောက်သွားမည် ထင်ခဲ့သူ။ အရိုက်နှက် အကန်ခံ အချိန်ဆွဲပေးခဲ့သူ တယောက်က ထင်ထားသလို မလွတ်မြောက်ခဲ့။ ကိုယ့်ပယောဂက ငါးဆယ် ရာနှုန်းတော့ ပါနေသည်။ ကိုယ်ပြောပြမှ သူ့ကို ဖမ်းမိခြင်း။ ဒါကပင် စိတ်မချမ်းသာမှုကို မွေးဖွားပေးနေသည်။ သူ့ကို မြင်တိုင်း ငါ့ကို ပြောထားတုန်းက သူပဲ နာရီဝက် ကြိုသိတဲ့။

 

အိပ်မပျော်ခြင်းကို အတွေးများဖြင့် ချည်နှောင်တော့ သောကတို့သာ ဆင့်ပွား ထွက်ပေါ်လာသည်။ နေရာသစ်သို့ ရောက်စ အချိန်များသည် ပူပန်ရမှုတွေကိုသာ ဆက်တိုက် ပေါ်ထွက်လာနေစေသည်။ သောကတွေ ကြားမှပင် ကြိုးစား၍ အနားရရန် အားထုတ်နေရသည်။ မနက်ဖြန် မိုးလင်းလျှင် ဘာတွေ ဆက်ဖြစ်မည်နည်း၊ ဘာတွေကို ရင်ဆိုင်ရမလဲ၊ အသစ်သစ်သော ပြဿနာများကတော့ စောင့်ကြိုနေပေလိမ့်မည်။

(ဆက်ပါဦးမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts