သရော်စာ

ဇာဂနာ သိသားပဲ – ၂ (Zarganar)

 

ဇာဂနာ သိသားပဲ – ၂

ဇာဂနာ၊ ပဲ့တင်သံဂျာနယ်၊ ဒီဇင်ဘာ ၂၆၊ ၂၀၁၃

 

ဇာဂနာ တစ်နှစ်သားမှာ စစ်တပ်က အာဏာသိမ်းပါတယ်။ တစ်နှစ်သားဆိုတာ ဘာသိမှာလဲ။ဖေဖေ ကတော့ ပြောတယ်။ဇာဂနာ့ကို ချီပြီးချော့နေတုန်း သေနတ်သံတွေ ကြားရတာပဲတဲ့။ ဇာဂနာ တို့ အိမ် နဲ့ စ၀်ရွှေသိုက်အိမ်က နီးသကိုး။။ ဇာဂနာ နှစ်ဆယ့်ခုနှစ်နှစ်သားလဲ ရောက်ရော စစ်တပ်က စစ်တပ်ကို အာဏာသိမ်းပြန်ပါရော။

 

တစ်ထောင့်ကိုးရာခြောက်ဆဲ့နှစ် တုန်းကတော့ စစ်တပ်ကအုပ်ချုပ်နေဆဲ အစိုးရ ကိုပစ်ခတ်၊ဖမ်းဆီးပြီး အာဏာသိမ်းတာ။ တစ်ထောင့်ကိုးရာ ရှစ်ဆဲ့ရှစ်ကျတော့ စစ်တပ်က ပြည်သူတွေကို ပစ်ခတ်၊ ဖမ်းဆီးပြီး အာဏာသိမ်းတာ။ သိမ်းတာချင်းဖြင့် မတူဖူးပေါ့လေ။ သိသားဘဲ။ ဘယ်တူ ပါ့မလဲ။

 

ခုတစ်လော နေရာတကာ ကြားနေရတာ ငြိမ်းချမ်းရေးပဲ။ ဂျာနယ်တွေထဲမှာလဲ ငြိမ်းချမ်းရေး၊ အဆိုတော် တွေလဲ ငြိမ်းချမ်းရေး၊ဇာတ်မင်းသားတွေ ရုပ်ရှင်သရုပ်ဆောင်တွေကလဲ ငြိမ်းချမ်းရေးပဲ။ ဟုတ်တာပေါ့။ငြိမ်းချမ်းေ၇း မရှိပဲ ဘာလုပ်လို့ရမှာလဲ။ ဇာဂနာ တို့ က ရန်ကုန် က နေ လှမ်းပြီး ငြိမ်းချမ်းရေး တောင်းနေတာပါ။ ဟော်တယ် ခန်းမ ထဲကနေ ငြိမ်းချမ်းရေး တောင်းနေတာပါ။ ဒင်း(မ်)ဆမ်း လေး စားပြီး ငြိမ်းချမ်းရေးတောင်းနေတာပါ။ ဟိုမှာ မိုးထဲရေထဲ။ နှင်းထဲ မုန်တိုင်းထဲက လူတွေ ဘယ်လောက်ထိ ငြိမ်းချမ်းရေးကို တကယ်လိုနေတယ် ဆိုတာ ကိုယ်ချင်းစာကြည့်လို့ရပါတယ်။ သိသားဘဲ။ ဒီလိုပြောမယ် ဆိုတာ။ သီချင်းလေးဆိုလိုက် ပွဲလေး ကလိုက် နဲ့  သာ ငြိမ်းချမ်းရေး ရကြစတမ်းဆို ပြည်တွင်းစစ်တောင် ဖြစ်မလာဖူးလေ။သိသားဘဲ။

 

ဒါပေမဲ့ ငြိမ်းချမ်းရေး ဆိုတာ တော်တော် ပြောကောင်းတယ်။ တစ်ချို့များ ငြိမ်းချမ်းရေးဖခင်ကြီး မိခင်ကြီးတွေ ဖြစ်လို့။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဆိုတာလဲ ဘယ်လောက်ခေါ်လို့ ကောင်းသလဲ။ အိမ်ခြံမြေ အကျိုးတော်ဆောင် နဲ့ တော့ မရောနဲ့ ပေါ့ဗျာ။ ဇာဂနာ့ တူလေး တစ်ယောက်ကတော့ လာမေးတယ်။ ဘဘ ငြိမ်းချမ်းရေး ဆိုတာ သားတို့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်လား တဲ့။ မခက်ဖူးလား။ ကလေးတွေက စစ်ဆိုတာ မကြုံဖူးဘူးလေ။ ဘာမှန်းမသိဖူးလေ။ဒီတော့ ငြိမ်းချမ်းရေး ဘယ်သိပါ့မလဲ နော့။

တစ်ချို့ကျတော့ အသိခေါက်ခက် အ၀င်နက်တာ။ငြိမ်းချမ်းရေး အရေးကြီးမှန်း သိရက် နဲ့  မသိချင်ယောင်ဆောင်တာ။ ကောင်းကောင်းခေါ်နေတုန်း လာမလား မလာဖူးလားနဲ့ ။ လင်မယား စိတ်ကောက် ပြီး ကုတင်ပေါ်က ဆင်းသွားတာမှ မဟုတ်တာပဲ။ တစ်ချို့  လူပြက်တွေလဲ မကောင်းကြပါဖူးဗျာ။ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်ကနေ အစိုးရကို ကော် ကပ်နေတာ။ ငြိမ်းချမ်းရေး သာပြောနေ၊ဟိုမှာတော့ ပစ် ကုန် ပြီ၊ချကုန်ပြီ နဲ့  သရော်နေတာ။ ဘယ်ကောင်းပါ့မလဲ။ တကယ် လုပ်နေသူတွေကို အားနာစရာ။

 

ဇာဂနာ တို့လဲ ငြိမ်းချမ်းရေး သိပ်လိုချင်တာပေါ့။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆို တက်တာကြီးပဲ။ အိမ်မှာ မီးမလာရင် အစည်းအဝေးခန်းမှာက မီးလာတော့ အိုကေပေါ့။ အဲယားကွန်း နဲ့ဆိုတော့ အေးနေတာပဲ။ ဒီကြားထဲ အင်တာနက်ကလေးတွေကလဲ အဲဒိ စည်းဝေးခန်းတွေထဲမှ တအားကောင်းတော့ သဘောတွေကိုကျလို့ ။

 

ဒီမှာ နားထောင်ရင်း ဇာဂနာ တဖြေးဖြေး စဉ်းစားမိလာတယ်။ ကေအင်ယူတို့  ကေအိုင်အေ တို့ မွန် တို့ ပအိုဝ် တို့ စသဖြင့်ပေါ့လေ။ အပစ်အခတ်ရပ်ဖို့ ။ လက်နက်တွေ အပ်ဖို့ ။တပ်တွေ ဖျက်ဖို့ ။ တပ်တွေ လျော့ဖို့။ ပြောကြဆိုကြ ငြင်းခုန်ကြ။အားရ စရာချည်း။ သဘောကျလိုက်တာ၊ အပြိုင်အဆိုင်ပဲ။ ဒါပေမဲ့ တစ်ခုထဲဗျ။ မြန်မာ့တပ်မတော်က အပစ်ရပ်ဖို့ ၊လက်နက်တွေ အပ်ဖို့ ။ လက်နက်တွေလျော့ဖို့ ၊တစ်ခါမှ ပြောသံမကြားရသေးဖူး။ တကယ်ဆို နှစ်ဖက်ညီသွားအောင် ပြောလိုက်ပါတော့လား။ ဇာဂနာ အားမလို အားမရတွေကိုဖြစ်လို့ ။

 

ဘယ့်နယ် မြန်မာ့တပ်မတော် က လက်နက် လျော့လို့ လက်နက်တွေ သိမ်းထားစရာ နေရာမရှိလဲ ပြောပါ။ ဇာဂနာ သိမ်းပေးထားမှာပေါ့။ စစ်တပ်ကနေ ကမ္ဘောဇတို့ ၊ ရွှေတောင် တို့ကို ရောင်းလိုက်တဲ့ စစ်ရုံးအဟောင်းကြီး ပြန်တောင်းပေးမှာပေါ့။ အဲဒီအထဲမှာ ထည့်သိမ်းပေးပါ့မယ်။ သေနတ်မပစ်ရတော့ လို့ တပ်မတော် သားတွေ အလုပ်မရှိတော့ရင် ပြောပါ။ မြန်မာပြည်က သူဌေးကြီးတွေက စေတနာကောင်းပါတယ်။ အလုပ်ခန့်မှာပါ။ ဇာဂနာ တောင်းပေးပါ့မယ်။ စတိတ်ရှိုးတွေ နိုက်ကလပ်တွေမှာ လုံခြုံရေးတွေလိုမှလို။ အလုပ်တွက်နဲ့ တော့ မပူပါနဲ့။ တပ်မတော်က သာ လျှော့ပါ့မယ် လို တစ်ခွန်းပြော။ အားလုံး ပွဲသိမ်း။ စိုပြေ ညိမ့်ညောင်း။

 

သိသားပဲ။ ခင်ဗျားတို့ ဒိလိုပြောမယ်ဆိုတာ။ တပ်မတော် ကိုသွားသွားမပြောနဲ့ ဟိုက အာဏာ သိမ်း သွားလိမ့်မယ် ဆိုတာ။ ခနခန ကြားနေရတာကိုးဗျာ။ ဇာဂနာ ဒိလိုပြောရုံ နဲ့ တပ်က အာဏာ မသိမ်းပါဖူး။ စိတ်ချ။ အာဏာ သိမ်းတာ နာမယ် ပျက်တယ်။ ဒိတိုင်းနေလိုက်လဲ ပြီးနေတာပဲဟာ။ သိသားဘဲ။

ဇာဂနာ( ၂၄ နိုဝင်ဘာ ၂၀၁၃)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts