ရသဆောင်းပါးစုံ ငြိမ်းချမ်းအေး

ခင်ဗျားသာ လိုချင် ဆန္ဒ ရှိခဲ့ရင်…

ငြိမ်းချမ်းအေး
ဒီဇင်ဘာ ၂၅၊ ၂၀၁၃
လူအုပ်စု အလိုက် ပုံသေ ကားချပ်ချ ကောက်ချက်ဆွဲမှုမျိုးဟာ မလိုလားအပ်ပေမယ့် ယေဘုယျ သဘော ဆိုရရင် ဗမာ့လူမှုအသိုင်းအဝန်းက ခရစ်ယာန်ဘာသာဝင်များဟာ တည်ငြိမ်အေးဆေး ငြိမ်းချမ်းကြတယ်။  မြို့တမြို့ မှာ ခရစ်ယာန်ထဲက ခပ်စွာစွာ၊ ခပ်ထောင်ထောင် ဆိုတာမျိုးက ရှားတယ်လို့ ထင်တယ်။  စီးပွားအရာမှာလည်း ခြွင်းချက် ဥပမာ ပြုစရာတွေ အများကြီး ရှိသော်ငြားလည်း ဗမာခရစ်ယာန်များဟာ ထဲထဲဝင်ဝင် မြင်သာထင်သာ လွှမ်းမိုးနေမှုမျိုး မရှိသလောက်ပဲ။  ဗမာခရစ်ယာန်အများစု ဟာ ရပ်ထဲရွာထဲမှာ အရာရာမှာ သာမန် သူလို ကိုယ်လို အနေအထားနဲ့ ခပ်ဆိတ်ဆိတ်ပဲ နေထိုင်ကြတာ များတယ်။
ကလေးဘဝ က အမေ နဲ့ လည်လည်သွားမယ်၊ ကြွယ်ကြွယ် တို့ အိမ်ကို၊ သန်းသန်းလေးလည်း ခေါ်ခဲ့ကွယ် လုပ်စဉ် အမြဲ အသွားချင်ဆုံး အိမ်က အမေ့ သူငယ်ချင်း ခရစ်ယာန် မိသားစု တခု ဆီကိုပဲ။  မြို့ရဲ့ အခြား လည်စရာ လူချမ်းသာ မိတ်ဆွေများရဲ့ အိမ်ကြီးအိမ်ကောင်းများထဲက သာမန် ပျဉ်ထောင်အိမ်ကလေး နဲ့ သူတို့ မိသားစု ရှိရာ ခြံကလေးကို အမြဲ အမေနဲ့ အတူ လိုက်ချင်ခဲ့တာဟာ သူတို့ဆီက မေတ္တာဓာတ်ကို ခံစားရလို့ လို့ ထင်တယ်။  မချမ်းသာပေမယ့် အင်မတန် ရိုးသားအေးဆေးတဲ့ နေထိုင်မှု ပုံစံ နဲ့ သစ်ပင်ပန်းမန်စုံလင်ရာ သူတို့ခြံလေးဟာ ငယ်ဘဝမှာ အမှတ်ထင်ထင် ရှိတဲ့ သုခချမ်းသာ ရိပ်မြုံကလေး ဖြစ်ခဲ့တယ်။
အဲ့ဒီ မိသားစု ရဲ့ အတွဲအစပ်ကလည်း လှတယ်၊ အဖေကြီးက မွတ်ဆလင်၊ အမေကြီးက ခရစ်ယာန်၊ သမီးက အမေနဲ့ အတူ ခရစ်ယာန်ဘာသာ ကိုးကွယ်တယ်။  တယောက် က သောကြာနေ့ ဗလီ သွားတယ်၊ နှစ်ယောက် က တနင်္ဂနွေဆိုရင် ဘုရားကျောင်းတက်တယ်၊ အိဒ်နေ့မှာ မုန့်လုပ်သလို၊ ခရစ္စမတ်စ် မှာ ပျော်ပွဲ၊ စားပွဲ ကျင်းပတယ်၊ အိမ်တမိုးအောက်မှာ ဘာသာမတူသူတွေ ချစ်ခြင်းမေတ္တာတည်ဆောက်ကာ ငြိမ်းငြိမ်းချမ်းချမ်း နေကြတယ်။
ကမ္ဘာဆိုတဲ့ အိမ်ရဲ့ ကောင်းကင် တမိုးတည်းအောက်မှာ လူသားအားလုံး အတူတကွ နေထိုင်နေကြသေးတာပဲ။  ဒါ ဘာထူးဆန်းလဲ..။  ဒါပေမယ့် ဆရာလိတ် က “ဘာသာမတူ၊ လူမျိုးမခွဲဘဲ ချစ်တာ ကိုယ့်တို့ နှစ်ယောက်ရဲ့ အပြစ်လား” ဆိုကာ မေးခွန်းထုတ်ပြီးနောက် ကောက်ချက်ဆွဲခဲ့တဲ့ “လွယ်နေတာကို ခက်အောင် လုပ်တတ်ကြတယ်၊ လောကကြီးရဲ့ သဘာဝပဲ” ဆိုတဲ့အတိုင်း ပဲ ဒီဘာသာတွေ၊ လူမျိုးတွေက လူအများစု အတွက် ချစ်ခြင်းမေတ္တာ အိမ်ရာထူထောင်မှု အပါအဝင် အရာရာမှာ အရေးပါဆဲ၊ လွှမ်းမိုးဆဲ၊ ပြဿနာတွေ တက်နေဆဲပါပဲ။
တခု ကြုံလို့ ဆက်စပ်ဆိုရရင် ချစ်သူ၊ ခင်သူ၊ မုန်းသူများ စာလှမ်းရေးကြတဲ့အခါ တချို့ အမြဲ ဆိုလေ့ရှိတာက “ဟိုဟိုဒီဒီ မှာ စာတွေသင်ခဲ့ပြီး တောင်ရေး၊ မြောက်ရေး တွေ မလုပ်ပါနဲ့” ဆိုတာ တခုပါ။  အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး၊ လိင်မှုကိစ္စ၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ လိင်တူအချစ် အကြောင်းအရာများ နဲ့ ပတ်သက်တဲ့ ကျနော့် အမြင်တွေကို ကြားလို၊ နှစ်လိုဟန် မတူဘူး။
စာသင်ခန်းထဲမှာ လေ့လာဖူးတဲ့ ခေတ်သစ် ဘောဂဗေဒ ပညာရပ် က ကျနော့် ကို အရင်းရှင်ကောင်း တယောက် ဖြစ်အောင် လေ့ကျင့်ပေးတယ်၊ နာမည်မပျက်စေဘဲ လူတွေကို ဘယ်လို ပါးပါးလှီးရမယ် ဆိုတာကို စနစ်တကျ သင်ကြားပြတယ်။  ခေတ်နည်းပညာ သင်တန်းတွေက ကျနော့် ကို စိတ်ကြီးဝင်လျက် ဘယ်လို ကျွန်ကောင်း တယောက် ဖြစ်နိုင်တယ်ဆိုတာကို ပြတယ်။  ဒါ့အပြင် ပိုတယ်လို့ မဆိုနိုင်။  (ဆလိုင်းဇာလျန်း က အနုပညာ ပစ္စည်း ဂီတ ရသ အသံ သဘော ကို သူ့ ရဲ့ အင်ဂျင်နီယာကျောင်းက သိပ္ပံ နဲ့ ရှင်းပြခဲ့ဖူးတယ်၊ ပညာရပ် ဆိုင်ရာ အားလုံးကို ဆက်စပ် ကျိုးကြောင်း ဆင်ခြင်ဉာဏ်ထုတ်ခြင်း၊ အကျိုးရှိခြင်း သဘောက သီးခြားဆွေးနွေးရမယ့် အကြောင်းပါ။)
ခုဆိုလိုချင်တာက ကျနော့် ရဲ့ တောင်ရေး၊ မြောက်ရေး တွေ အတွက် ဟိုဟိုဒီဒီ လေ့လာသင်ယူခဲ့မှုက လူမှုဘဝထဲက ဆိုတာကိုပါ။
အလယ်တန်း ကျောင်းရှေ့ ကွမ်းယာဆိုင်က ဘိုထီး + ဘိုမ မိန်းမ မောင်နှံ နှစ်ဖော် က ကျနော့် ကို လိင်တူ၊ လိင်ကွဲ သဘာဝတရားမှာ ချစ်ခြင်းတရားသာ ပဓာန ဆိုတာ သင်ကြားပေးခဲ့တယ်။  အထက်မှာ ဆိုခဲ့တဲ့ အမေ့ ခရစ်ယာန် သူငယ်ချင်း ရဲ့ အဖေ နဲ့ အမေ က ကျနော့် ကို လူသားရဲ့ ချစ်ခြင်း မေတ္တာ သဘော ကို ပြသ လမ်းညွှန်ခဲ့တယ်။  ငယ်စဉ်က အမြဲတွေးမိတယ်၊ သူတို့လိုသာ လူသားအားလုံး ဖြစ်ခဲ့ရင် ကမ္ဘာကြီး ငြိမ်းချမ်းနေပြီပေါ့..။
ဗမာ့ လူမှုအသိုင်းအဝန်း က ခရစ်ယာန်တွေ အကြောင်း ပြန်ဆက်ရရင် သတိထားမိတာတခုက လူမှု-စီးပွား နောက်ခံတူချင်းမှာ ဗမာခရစ်ယာန်တွေ ရဲ့ အိုးအိမ် အပြင်အဆင်၊ နေမှု၊ထိုင်မှုပုံစံ က တခြား နောက်ခံတူ ဗမာတွေနဲ့ယှဉ်ရင် ပို သပ်သပ်ရပ်ရပ်ရှိ၊ အဆင့်ရှိတယ်လို ထင်တယ်။  ငွေကြေးမပြည့်စုံတာချင်း အတူတူမှာကို သူတို့က ပို သပ်သပ်ရပ်ရပ်ရှိတဲ့ အနေအထိုင် ရှိတယ်လို့ ဆိုနိုင်တယ်။  အနောက်တိုင်း ရဲ့ ကိုလိုနီ ဖြစ်မှု ကနေ စတင်လာခဲ့တဲ့ ဘာသာတရား နောက်ခံကြောင့် အနောက်ထုံးစံ သေသပ်အဆင့်ရှိတဲ့ လူမှုနေထိုင်မှုပုံစံ ဗမာခရစ်ယာန်တွေမှာ အသားကျသွားခဲ့တာ ဖြစ်မယ်။  မရှိ ရှိတာလေး နဲ့ အိမ်ကို သပ်သပ်ရပ်ရပ် အလှဆင်တတ်မှု ကို တခြား ဗမာများ အတုယူသင့်တယ်။
ပုဂ္ဂလိက ဆန်တဲ့ ကောက်ချက်တွေ ဖြစ်နိုင်ပေမယ့် အများစုအမြင်မှာလည်း အငြင်းပွားဖွယ် နည်းမယ်လို့ ယူဆတယ်။  ဆိုခဲ့သလိုပဲ ဗမာခရစ်ယာန် တွေဟာ ဗမာ့လူ့အဖွဲ့အစည်းမှာ အသားတကျ အေးအေးချမ်းချမ်း နေနေကြတယ်။  သူတို့ ဆူတာ တနေရာပဲ ရှိတယ်။  ဗမာ့ စတီရီယို ဂီတ ရပ်ဝန်း..။  လူမျိုးစုစုံ ဗမာခရစ်ယာန် တွေဟာ မင်္ဂလာရှိတဲ့ ဆူညံသံတွေကို ခေတ်အဆက်ဆက် အင်တိုက်အားတိုက်ပြုရင်းနဲ့ ဗမာ့လူ့အဖွဲ့အစည်း အတွက် ဂီတရသ ကို ဖြည့်စွက် ပေးခဲ့၊ ပေးနေကြတယ်။
ဒါက ဘာသာတရား၊ ချစ်ခြင်းမေတ္တာ၊ အေးချမ်းမှု၊ သာယာ ဂီတ တွေနဲ့ ပုံပေါ်နေတဲ့ ဗမာခရစ်ယာန်တွေရဲ့ လူမှုနောက်ခံ ကားချပ်ကလေးပေါ့..။
ဒီလို နောက်ခံမှာ ဗမာပြည်ရဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော် ပြည်တွင်းစစ် အနိဋ္ဌာရုံ ဟာ ဗမာခရစ်ယာန် (ဗမာပြည် က ခရစ်ယာန် ဘာသာဝင်တွေ) တွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ် ပတ်သက်နေရတယ်ဆိုတာ ယုံနိုင်စရာတောင် မရှိဘူး။
ဟိုတလောက သမိုင်းသမား မိတ်ဆွေတယောက် က ကရင့်တော်လှန်ရေး ဆက်စပ် စာအုပ်တွေ ထပ်ဖတ်ဖို့ အကြံပေးခဲ့တယ်။  စာတကယ် မဖတ်တာ (၁၀) နှစ်ကျော်ပြီဆိုတော့ ဖတ်ဖို့လိုတာတွေ အများကြီး၊ အထူးသဖြင့် ပြည်တွင်းမှာ၊ အရင်ခေတ်တွေမှာ လက်လှမ်းမမီနိုင်ခဲ့တဲ့ စာအုပ်၊ စာတမ်းတွေ အများကြီး ဖတ်ဖို့ လိုတယ်ဆိုတာ ဝန်ခံပါတယ်။  ဒါပေမယ့် ရှိတဲ့ ဝမ်းစာလေးနဲ့ပဲ မျက်ကန်း တစ္ဆေ မကြောက် ဆိုလိုက်ပါဦးမယ်။
ဗမာ့ ပြည်တွင်းစစ် အရင်းခံ မှာ ဘာသာရေး ဟာ အခရာ ကျတဲ့ အကြောင်းကြီး ဖြစ်ကို ဖြစ်တယ်။
ရှမ်း၊ မွန်၊ ရခိုင်၊ ပအို့(ဝ်)၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း အစရှိတဲ့ လက်နက်ကိုင် တော်လှန်ရေး နဲ့ နိုင်ငံရေး အင်အားစု အသီးသီးဟာ လူမျိုးစု အခွင့်အရေး အတွက် တိုက်ပွဲဝင်နေကြတယ်ဆိုတာ မှန်တယ်။  လူမျိုးရေး အခြေခံ အမျိုးသားရေးလွတ်မြောက်မှု အဖြစ် ကိုယ့်ကြမ္မာကိုယ် စီမံ ဖန်တီးခွင့်ရရေး အတွက် တောင်းဆို နေကြတယ် ဆိုတာ မှန်တယ်။  လူနည်းစု လူမျိုး တွေရဲ့ ကိုးကွယ်ယုံကြည်မှု ဘာသာတရား အပါအဝင် ရိုးရာ၊ ဓလေ့၊ ထုံးတမ်းစဉ်လာ၊ ဘာသာစကား အားလုံးကို ပဒေသရာဇ်ခေတ် စံနှုန်းအကျင့်အကြံ အတိုင်း ဗမာဇာတ်သွင်းချင်၊ ဖိနှပ်ချင်မှုက အကြောင်းရင်းခံများ ဖြစ်တယ် ဆိုတာ မှန်တယ်။  ဒါပေမယ့် ဒီထဲမှာ ဘာသာအယူဝါဒ မတူခြင်း က အဓိက အချက်ကြီး ဖြစ်တယ်။
ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ် ကချင် နဲ့ တိုက်နေရခြင်း အစပြုခဲ့ရာဟာ နိုင်ငံတော်ဘာသာ သတ်မှတ်လိုမှုကနေ စခဲ့ပြီး  ဘာသာရေး ကို အခြေခံ ဖြစ်ခဲ့တယ်။
ကရင် ပြည်တွင်းစစ်ဟာလည်း လူမျိုးစု အခွင့်အရေး သက်သက် အခြေခံ စခဲ့တာမှန်ပေသိ၊ အပြီးသတ် ချေမှုန်း အမြစ်ဖြတ်ဖို့ ကြံစည်ရာမှာ ဘာသာရေး ကို အသုံးချခဲ့တယ်။
ကရင် နဲ့ တိုက်ပြီး မသေလို့ ကျန်ချိန်မှာ သူ့ရဲ့ တပ်ရင်းမှူးဟောင်းကြီး က အရပ်ဖက် ဌာနတခု မှာ လက်အောက်ခေါ်ထား၊ စားဖို့ နေရာကောင်း ပေးခြင်းခံခဲ့ရတဲ့ အလယ်အလတ် စစ်ဗိုလ်ဟောင်းကြီး တယောက် (သူ့ သမီးက နိုင်ငံခြား ကို ကျွန်ကုန်ကူးတယ်) နောက်ပိုင်း စာအုပ်တွေ ရေးထုတ်တော့ တအုပ်မှာ ကရင် နဲ့ တိုက်သမျှ တပြေးထဲ ပြေးခဲ့ရတာတွေ၊ ကရင့်စစ်ဌာနချုပ်တွေကို ဘယ်လိုမှ သိမ်းလို့ မရတာတွေကို ပွင့်ပွင့်လင်းလင်း ဝန်ခံ ရေးဖူးခဲ့တယ်။  နောက်ဆုံး ဘာသာရေး နဲ့ သပ်လျှို ပြီး ဘာသာရေးနာမည်တပ် လက်နက်ကိုင် တပ်ဖွဲ့ ခွဲထုတ်မှု လုပ်နိုင်တော့မှ သူတို့ အကူအညီနဲ့ ကရင့် စစ်ဌာနချုပ်တွေကို သိမ်းနိုင်ခဲ့ကြောင်း သုံးသပ်ရင်း ဝန်ခံခဲ့တယ်။
ဆိုချင်တာက ပြည်တွင်းစစ်မီးမှာ ဘာသာရေး ဟာ မီလောင်ရာလေပင့်စေတဲ့ ရင်းခံ အကြောင်းကြီး တချက် ဖြစ်တယ် ဆိုတာပါ။  ဘာသာရေးဟာ ပြည်တွင်းစစ် သက်ဆိုးရှည်စေရာ အကြောင်း ဖြစ်သလို အသုံးချခံလည်း ဖြစ်တယ်။
လူမျိုးစု အားလုံး တော်လှန်ရေး ရဲ့ အန္တိမ ပန်းတိုင်ဟာ လူမျိုး၊ ဘာသာ နောက်ခံ နဲ့ လူဦးရေ အရေအတွက် ကို မူမတည်၊ မတွက်၊ မကြည့်ဘဲ အားလုံး သာတူညီမျှ ကရင်လည်း တကျပ်၊ မြန်မာလည်း တကျပ်၊ ရှမ်းလည်း တကျပ် ကျင့်သုံးတဲ့ ပြည်ထောင်စု စစ်စစ် ဗမာပြည်ရယ်ပါ။  ကရင်တကျပ်မှာလည်း မြန်မာက ဝင် တကျပ် လိုက်၊ ရှမ်း တကျပ် ကျလည်း မြန်မာက ဝင် တကျပ်ယူ လိုက် ကျင့်သုံးတဲ့ လူမျိုးကြီးဝါဒ အခြေခံ အင်အားကြီးသူ၊ အားသာသူ အသာ ယူစတမ်း တပြည်ထောင် ဗမာပြည် (လူမျိုးကြီး တမျိုး ရဲ့ ဗမာပြည်)  ရဲ့ လက်ရှိ နဲ့ အတိတ် သမိုင်း စနစ်အဖွဲ့အစည်းမှာ လူမျိုး မတူခြင်း (မြန်မာ မဖြစ်ခြင်း) က ဖိနှိပ်ခံရာ ပြဿနာ အကြောင်း ဖြစ်ခဲ့တယ်၊ ဘာသာမတူခြင်း က ပိုမိုကြီးကျယ်တဲ့ ပြဿနာ အကြောင်း ဖြစ်ခဲ့တယ်။
ဒီ စနစ် မှာ ဘောလုံး ဂိုးသွင်း အပြီး ဘာသာရေးထုံးစံ လက်ဝါးကပ်တိုင်ပုံစံပြု အောင်ပွဲခံခွင့် မရခြင်း၊ ခရစ်ယာန် ဘာသာ နဲ့ လူမျိုးစု အစဦး အမည် ကို အားကစား သမား နာမည် အဖြစ် သုံးခွင့်မရခြင်း က အစ ရာထူး၊ ရာခံ၊ ဘဝတက်လမ်း အဆုံး လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာ ကဏ္ဍ အသီးသီးမှာ ဗမာခရစ်ယာန်များဟာ ကိုးကွယ်ရာ ဘာသာ၊ လူမျိုးနောက်ခံ အရ ခွဲခြားဆက်ဆံမှုတွေ ခံနေရတယ်။
ဒီ စနစ်  စစ်တပ် ရဲ့ ဗိုလ်ချုပ်အဆင့် ရှိသူ ပါးစပ် က “ကရင်မတွေ အကုန် _ိုး သတ် ဟေ့..၊ ကရင်တွေကို အစိပ်သားလည်း မချန်နဲ့၊ ငါးဆယ်သားလည်း မချန်နဲ့”  ဆိုတဲ့ စကားယုတ်၊ စကားကြမ်းတွေကို ပြည်တွင်းစစ် တိုက်ပွဲတွင်း ဆက်သွယ်ရေး လေလှိုင်းတွေပေါ်မှာ အတွင်တွင် ပြောခဲ့ကြတယ်။
ဒီ စနစ် ရာစုဝက်ကျော် ကြီးစိုးခဲ့တဲ့ ဗမာ့လူ့အဖွဲ့အစည်းမှာလည်း လူတယောက် ကို ရှုတ်ချချင်၊ အားပေးချင်ရင်တောင် ဘာ ဘာသာ လဲ၊ ဘာ လူမျိုး လဲ အရင်ကြည့်တတ်တဲ့ ရင်ဘတ် တထွာ၊ နှလုံးသား တမိုက် နဲ့ လူများလည်း ဝမ်းနည်းဖွယ် တိုးပွားလာခဲ့တယ်။
ဒီ စနစ်မှာ သွေးချင်းညီအကိုများ ဆိုကာ စည်းလုံးခြင်းအတွက် သီချင်းတပုဒ် ရှိနေမယ် ဆိုပြီး ရော့ခ်ကာကြီး က တီဗွီကနေ မေတ္တာရိ အော်ပေးတတ်တယ်။  တဖက်ကလည်း လူမျိုးကြီးဝါဒ၊ ဘာသာကြီး ထုံးများ စမ်းပေါက်ရာ “ကြီးမြတ်လေသော သမိုင်းကြောင်းများ – မြန်မာ မဟာ” ရယ်လို့ လုပ်တတ်တယ်။
ဒီ စနစ်မှာ ဘာသာတူ၊ လူမျိုးတူတွေလည်း ခံခဲ့၊ ခံနေရတာပါပဲ ကွာ လို့ ထုံးစံအတိုင်း လူတချို့ အကြောင်းပြချင်ပါဦးမယ်၊ ဆင်ခြေပေးပါဦးမယ်၊ တရားမှု ရှာ Justify လုပ်ပြချင်ပါဦးမယ်။
လူနည်းစုတွေရဲ့ ကိုယ်ပိုင် အခွင့်အရေး ပိုမို ဆုံးရှုံးနေရတယ်ဆိုတာ လက်ရှိ စစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဖွဲ့စည်းပုံ အဆက်ဆက်က စလို့ တိုင်းပြည် ရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ ကဏ္ဍ အသီးသီးက မညီမျှမှုတွေက သက်သေရှိတယ်။  သမိုင်းရှိတယ်။  ဒီအချက်ကို လူများစု မြန်မာတွေ လက်ကို လက်ခံရပါမယ်။  ဒီလို ပြဿနာ တရပ်ကို လက်ခံရဲတဲ့ သတ္တိ နှလုံးရည် နဲ့ ကျယ်ပြန့်တဲ့ ရင်ဘတ် ရှိမှသာ အောင်မြင်ပြီးမြောက် မှန်ကန်တဲ့  အဖြေတခု ကို ရှာတွေ့နိုင်မှာပါ။
ဒီလို လက်ခံရမယ်ဆိုတာမှာ စနစ် ကို စံစား နေရတဲ့ လူတစု ကို မဆိုလိုပါ။  သူတို့ က ဒီလို စနစ်တွေကို ရေရှည် တည်တံ့ အမြစ်တွယ်အောင် ကြံဆောင်ရင်း ဒီ စနစ်အပေါ်ကနေ ကိုယ်ကျိုးရှာနေတာ ဖြစ်တာကြောင့် သူတို့ဟာ ဒီသဘောကို အမှန်မြင်မှာ မဟုတ်ပါ၊ မြင်ရင်လည်း လိုသလို ပုံဖော်ထားတဲ့ အမှန်တဝက် အမြင်ပဲ ဖြစ်ပြီး သူတို့ အာဏာ၊ စီးပွား အကျိုးအတွက် သက်သက် တိုင်းရင်းသားပြဿနာ၊ ပြည်တွင်းစစ် ပြဿနာ အဖြေရှာမှု လုပ်တတ်တာပါ။  ဥပမာ – အခု စစ်တပိုင်း အစိုးရ က စစ်အုပ်စု ခရိုနီ တစု အနောက်အုပ်စု နဲ့ စီးပွားကိစ္စ အဆင်ပြေချင်တော့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်သလို တည်ဆောက်တဲ့ အခါမှာ ပါမစ် ငြိမ်ချမ်းရေး နည်း သုံးခြင်းမျိုးပါ။  မဟုတ်တယုတ် အခွင့်အရေး ကားပါမစ် ကို သာ သူတို့ ပေးမယ်၊ မှန်ကန်နည်းလမ်းတကျ အခွင့်အရေး ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ တကယ် ဖြစ်စေမယ့် အခြေခံဥပဒေပါ အာဏာခွဲဝေမှုဆိုင်ရာ အချက်များကိုတော့ ဘယ်တော့မှ ပြင်ပေးမှာ မဟုတ်ပါ။
ဒီလို လူနည်းစု လူမျိုးစုတွေဟာ စနစ်ရဲ့ မတရားမှု ဒဏ်ကို ပိုခံနေရပါတယ် ဆိုတဲ့ အမှန် ကို လက်ခံရမယ် လို့ ဆိုခဲ့ခြင်းက စနစ်ဒဏ် အတူခံနေရတဲ့ မြန်မာတိုင်းရင်းသား လူသာမန် လူများစု နားလည် ကို ဆိုလိုတာပါ။  ဒါမှသာ စနစ်ပြဿနာ ကို အားလုံးအတွက် အလုံးစုံ ဖြေရှင်းနိုင်မှာ ဖြစ်တယ်။
ဒီနေ့လို ကြီးမြတ်လှတဲ့ ယေရှု ခရစ်တော် ဖွားမြင်ခြင်းကို ဂုဏ်ပြု အောက်မေ့ ကမ္ဘာ အနှံ့ ချီးမွမ်းတော် မင်္ဂလာယူနေကြ တဲ့ နေ့မှာ ဆောင်းပါးမှာ ဆိုခဲ့တဲ့ အေးချမ်းလှတဲ့ နေထိုင်မှု လူမှုရှုခင်းနဲ့ ဗမာခရစ်ယာန် တချို့ဟာ ဆိုခဲ့တဲ့ စနစ်ဆိုး ရဲ့ ဖန်တီးချက် စနက် ပူလောင်လှတဲ့ ပြည်တွင်းစစ်မီးဒဏ် ကို ခံနေရပါတယ်။
တရား၊ ဓမ္မ၊ ချစ်ခြင်းမေတ္တာ နဲ့ ငြိမ်းချမ်းခြင်း ထုံမွှမ်းထားတဲ့ သခင်ယေရှု ရဲ့ သားတော်၊ သမီးတော် အများအပြား ဟာ မတရားမှု၊ အဓမ္မ၊ အမုန်းတရား နဲ့ စစ်ပွဲ ခြယ်သထားတဲ့ စနစ်ဆိုး ရဲ့ ဒဏ်ကို ခါးစည်း ခံနေရဆဲဖြစ်တယ်။
တိုင်းပြည် ရပ်ဝန်းဒေသတခု၊ ထောင့်တထောင့် ရဲ့ ဝမ်းနည်းပူးဆွေးမှု သောက မျက်နှာစာမှာ လူများ၊ မိခင်များ၊ ကလေးသူငယ်များ ဟာ အကူအညီမဲ့၊ အသံမဲ့၊ မျှော်လင့်ချက်မဲ့နေရင်၊ ဆာလောင်နေရင်၊ ငိုကြွေးနေရရင်၊ အဖိနှိပ်ခံနေရရင် အကြောင်းလှသူများရဲ့ ခရစ္စမတ်စ်ပွဲတော်ရက်မြတ်အခါ ဆုတောင်း စကားတွေ၊ လက်ဆောင်တွေ၊ တေးသံသာတွေဟာ အချည်းနှီးဖြစ်၊ အဓိပ္ပာယ်မဲ့နေမှာဖြစ်တယ်။
ဆွံ့အ ခေါင်းလောင်းလေးများ..၊ အသံတိတ် Jingle Bells ပေါ့..။
ဂျွန်လင်နွန် နဲ့ ယိုကိုအိုနို အင်္ဂလိပ်၊ ဂျပန် စုံတွဲက ဒီအချိန်ဟာ ခရစ္စမတ်စ် ရက်မြတ်အခါဖြစ်တယ်၊ လူဖြူ၊ လူမည်း၊ လူဝါ၊ လူနီ လူသားအားလုံး ပဋိပက္ခ တွေ ရပ်ကြရအောင် လို့ ခရစ္စမတ်ဒ် သီချင်းလေး နဲ့ နှိုးဆော်ရာမှာ အဆုံးသတ် အနေနဲ့ “စစ်ပွဲဟာ ပြီးခဲ့ပြီ.. ခင်ဗျားသာ လိုချင် ဆန္ဒ ရှိခဲ့ရင်ပေါ့..” လို့ ဆိုခဲ့တယ်။
အခုလည်း ထပ်တူ ဆိုချင်တယ်..။
လူမျိုး၊ ဘာသာနဲ့ ဆက်စပ်တဲ့ အမုန်းတွေ၊ ပဋိပက္ခ တွေ၊ စစ်ပွဲတွေ ဖန်တီးတတ်တဲ့ စနစ်ဆိုး ဟာ ပြီးခဲ့ပါပြီ.. ခင်ဗျားသာ လိုချင် ဆန္ဒ ရှိခဲ့ရင်ပေါ့..။
စနစ်စံ လူတစု ကတော့ အာဏာ၊ အကျိုးစီးပွား အလို့ငှာ ဒီ စနစ်ဆိုး ကို မရအရ ကုတ်ကတ် ဖက်တွယ်၊ လမ်းကြောင်း နေဦးမှာပါ။
စနစ်ခံ လူအများစု က စနစ်ဆိုး ဖန်တီးမှု လမ်းကြောင်းနောက် မလိုက်ဘဲ လူမျိုး၊ ဘာသာ ခွဲခြားမှု အမြင်တွေ၊ အပြောတွေ၊ အတွေးအခေါ်တွေ၊ အလုပ်တွေကို ရှောင်ကြဉ် ဖယ်ခွာရင်း စနစ်ဆိုး ကို တိုက်ဖျက်ရမှာပါ။
တဦးချင်း သဘော၊ ခံယူချက်၊ အမြင် က စရမှာပါ..။
ဆွံအနေတဲ့ ခေါင်းလောင်းလေး အားလုံးအတွက် ပြန်လည် သံသာ၊ သံချို ပေးနိုင်ဖို့ရာ ခင်ဗျားနဲ့လည်း ဆိုင်တယ်..။
စနစ်ဆိုး ဟာ ပြီးခဲ့ပါပြီ.. ခင်ဗျားသာ လိုချင် ဆန္ဒ ရှိခဲ့ရင်ပေါ့..။
ငြိမ်းချမ်းအေး
၂၅၊ ဒီဇင်ဘာ၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

3 thoughts on “ခင်ဗျားသာ လိုချင် ဆန္ဒ ရှိခဲ့ရင်…
  1. (ဦး)ငြိမ်းချမ်းအေး အမြင်ဟာ လေးစားစရာကောင်းပါတယ်။ အင်း…ဘာသာရေး၊ လူမျိုးရေးတွေ ရေးခြင်း၊ တွေးခြင်းဟာ အတွေးခေါ်ပညာပါပဲ..

  2. Buddha always preached metta or loving kindness. He did not force us to worship him or ask for blind faith. It is you who must work purify the mind and you can’t do it by praying alone

  3. You may be right. Dr. U Ba Than, Daw Khin May Than, Daw Khin San Dar Win, Daw Kyae Mon Win who are the top people of Burma in the past were Christian

Comments are closed.