ငွေရတုမြောက် အမှတ်တရ ပေးစာ
ကမာပုလဲ
ဒီဇင်ဘာ ၂၄၊ ၂၀၁၃
ဝေဒနာလား .. ကျိန်စာလား
ငါ့ နံနက်ခင်းတိုင်းဟာ
အိမ်လွမ်းစိတ်တွေနဲ့ ရောက်ရောက်လာ …။
ဘ၀ရဲ့ အနာတရ မှတ်တမ်းမှတ်ရာများ
အေးအတူ ပူအမျှ လှုပ်ရှားရုန်းကန် ယုံကြည်ချက်လမ်း
အိပ်ရာ အတည်တကျမရှိ
သံယောဇဉ်တွေကလည်း နာနာကျင်ကျင် ဆက်ထုံး
ငွေ့ငွေ့ရှင်သန်နေဆဲ ငါ့လိပ်ပြာ
ပြောင်းလဲနေပြီတဲ့
ကွက်ကြားမိုး ရာသီပျက်များ …။
အိမ်ပြန်လို့ ရပြီတဲ့
အလံဖြူအုပ်ပြီး မြှုပ်လိုက်ရတဲ့
တခါက ထပ်တူကျ ရင်ခုန်သံ အတုများ …။
ကိုယ့်မှာ မျက်လုံးအစုံ ရှိနေသေးတဲ့အခါ
ကိုယ့်မှာ ခြေလက်အင်္ရါ ပြည့်စုံနေဆဲ အခါ
ကိုယ့်မှာ မလှပ်ပေမဲ့
တည်ဆဲ ဘ၀ကလေး ဖြစ်တည်နေမြဲ အခါ
ည ည ….
သွေးပျက် ခြောက်လန့် အိပ်မက်ပေါင်းများစွာ ….။
လွမ်းကြတယ် ..
အမေ့ကို လွမ်းသတဲ့
လွမ်းကြတယ် …
ဆွေမျိုးသားချင်း သူငယ်ချင်းတွေကို လွမ်းတယ်တဲ့
လွမ်းနေကြတယ်
မိခင်နိုင်ငံတော်ကြီးကို
အလကားရတဲ့ မျိုးချစ်စိတ်တွေနဲ့ လွမ်းလွန်လွန်းလို့တဲ့
ဒီအထဲမှာ …ကျနော်ကိုယ်တိုင်ကလည်း
ငယ်ရနံ့တွေ ထုံသင်းနေတဲ့
အမေ့အိမ် စာသင်ကျောင်းကလေးကို
မကြာ မကြာ ..
လွမ်းမိတာပေါ့ မေမေရယ် …။
အရင်လောက် မဖျားပေမဲ့
အရင်လိုလဲ ငှက်ဖျားရောဂါက ပြန်ပြန်ထ
တခါ တခါ နှိပ်စက်နေဆဲပ မေမေ …။
ကျနော့် ချစ်သူတွေလေ
တချို့ သူတို့ မရှိကြတော့ဘူး
ကျနော့် ချစ်သူတွေလေ
သူတို့ …အမေ့ကို အိမ်ပြန်မတွေ့နိုင်ကြတော့ဘူး
ကျနော့် ချစ်သူတွေလေ
သူတို့ ဇာတိမြေကို သက်ရှိထင်ရှား ပြန်မလာနိုင်ကြတော့ဘူး
သူတို့လေ … သူတို့ ….
၂၅ နှစ်
ကျနော် အိမ်မပြန်ဖြစ်သေးဘူး မေမေ …။ ။
ကမာပုလဲ
၂၈၊ ၁၀၊ ၂၀၁၃