ဝေဖန်ရေးရာ

ကစဥ့်ကရဲ အနာဂါတ်တွေအတွက် အလင်းရောင် (Ko Aung Hmaing)


ကစဥ့်ကရဲ အနာဂါတ်တွေအတွက် အလင်းရောင်

ကိုအောင်မှိုင်း

ဒီဇင်ဘာ ၂၃၊ ၂၀၁၃

 

 

တကယ်တော့ ငါတို့ခေတ်ကြီးက အမှောင်ခေတ်ကြီးပါလို့  အနာဂါတ်အတွက်ကဗျာကို ဗားတော့ဗရက်ကရေးခဲ့တယ်။

 

ကနေ့လူငယ်တွေကြား ပြောနေကြ တိုင်ပင်နေကြ အဖြေရှာနေကြတဲ့ကိစ္စကတော့ လူငယ်တွေအနာဂါတ်ပျောက်နေတဲ့ ကိစ္စဘဲဖြစ်ပါတယ်။ကနေ့လယ်သမားတွေကြားပြောနေကြ တိုင်ပင်နေကြ အဖြေရှာနေကြတဲ့ကိစ္စကလည်း လယ်သမား တွေ လယ်တွေပျောက်ကုန်ကြလို့ လယ်သမားတွေရဲ့ အနာဂါတ်ပျောက်နေတဲ့ ကိစ္စဘဲဖြစ်ပါတယ်။ ကနေ့အလုပ်သမား တွေကြား ပြောနေကြ တိုင်ပင်နေကြ အဖြေရှာနေကြတဲ့ကိစ္စကလဲ လုပ်ခနဲ့ ကုန်ဈေနုန်းမမျှတဲ့အတွက်လူလုံးမလှ ဘ၀ မလှတွေကြောင့် အလုပ်သမားတွေရဲ့  အနာဂါတ်ပျောက်နေတဲ့ ကိစ္စဘဲဖြစ်ပါတယ်။ ကနေ့တပ်မတော်သားတွေပြောနေ ကြ အဖြေရှာနေကြတဲ့ ကိစ္စကတော့ မလောက်မငှလခနဲ့  ဘယ်သူ့အတွက်အသေခံကြရမှာလဲ ဆိုတာဘဲဖြစ်ပါတယ်။  ဆိုလိုတာက စစ်တပ်ကိုခုတုံးလုပ်ပြီး သိန်းသန်းချီချမ်းသာသွားကြတဲ့ သိန်းသန်းချီ ဆက်လက်ချမ်းသာနေကြတဲ့ ဆက်ခိုး ဘို့ ကြံရွယ်နေကြတဲ့ စစ်ဗိုလ်ချူပ်ဆိုသူကြီးများရဲ့  အကျိုးစီးပွါးနဲ့ အလွန်ဆင်းရဲတွင်းနက်နေသူ ပြည်သူလူထုအကျိုးစီးပွါး ကြားလွန်ဆွဲပွဲမှာ ဘယ်ဘက်ကရပ်မလဲဆိုတဲ့မေးခွန်းနဲ့ ရင်ဆိုင်နေကြရချိန် ဖြစ်ပါတယ်။ဒါတပ်မတော်ကြီးတခုလုံး ကနေ့ ရင်ဆိုင်နေကြရတဲ့ မေးခွန်းလဲဖြစ်ပါတယ်။ တလောက အရာရှိတဦးရဲ့ မိခင်ပြောသလိုဘဲ သူ့သားအတွက် ရင်ထဲမှာ မချိ သလို ခံစားနေရသလို မြန်မာပြည်သူပြည်သား အများစုကြီးကိုယ်တိုင်လဲ ရင်ထဲကဝေဒနာတွေကိုကနေ့ နင့်နင့်နဲနဲ ခံစား နေကြရချိန်ဖြစ်ပါတယ်။ဖေါက်ပြန်တဲ့စစ်ဗိုလ်ချူပ်တစုရဲ့ အတ္တအတွက် တတိုင်းတပြည်လုံးလိုလိုနေ့စဉ်နဲ့ အမျှဘ၀တွေကို စတေးခံနေကြရတာပါ။ဘ၀တွေအပျက်ခံနေကြရတာပါ။

 

ကနေ့တတိုင်းပြည်လုံးအနာဂါတ်ပျောက်နေကြတယ်။လူထုလူတန်းစားအကုန်လိုလိုကို အနာဂါတ်ပျောက်နေကြတယ်။ လူတဦးတယောက် ပေါ့ဗျာ။ တန်ဘိုးရှိတဲ့ပစ္စည်းတခုပျောက်တယ်ဆိုပါစို့။ ဒါဟာ ဒီလူအတွက် တန်ဘိုးသတ်မှတ်နိုင်တဲ့ ဆုံးရှုံးမှုသာဖြစ်ပါတယ်။ တကယ်လို့ ဒီလုအနာဂါတ်ပျောက်ပြီဆိုရင်တော့ တန်ဘိုးသတ်မှတ်လို့မရနိုင်တဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဆိုလိုတာက အနာဂါတ်ဆိုတဲ့ အ၀န်းအ၀ိုင်းမှာ ပညာရေး ကျမ္မာရေး လူမှုရေး နိုင်ငံရေး စီးပွါးရေး စတဲ့ တန်ဘိုးသတ်မှတ်လို့မရနိုင်တဲ့ အရာတွေကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ ဒါဆို တိုင်းပြည်တခု အနာဂါတ်ပျောက်ပြီ ဆိုရင်တော့ အခုလက်ရှိလူ့အဖွဲ့ အစည်းတင်မကဘဲ နောက်လာမဲ့ မျိုးဆက်ပေါင်းများစွာအတွက် တန်ဘိုးဖြတ်လို့မရတဲ့ ဆုံးရှုံးမှုကြီးနဲ့  ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။ကနေ့ ကျနော်တို့တိုင်းပြည်ရဲ့ အနာဂါတ်ပျောက်နေတဲ့ကိစ္စဟာ သိတ်ကို အရေးကြီးပါတယ်။ သေရေးရှင်ရေးတမျှ အရေးကြီးတယ်လို့ဆိုချင်တယ်။တိုင်းပြည်ကတော့ ကနေ့ အနာဂါတ်ပျောက်လို့  နေပါပြီ။ ကဲ ကျနော်တို့ ဘာလဲ ဘယ်လဲဆိုတဲ့မေးခွန်းကို တတိုင်းပြည်လုံးဝိုင်းစဉ်းစား အဖြေရှာကြရမဲ့ အချိန်ဖြစ်ပါတယ်။

 

လူတဦးတယောက်ရဲ့ အနာဂါတ်ဟာ အင်မတန်ဆန်းကြယ်တတ်သလို တိုင်းပြည်တခုရဲ့ အနာဂါတ်ကလဲ သိတ်ကိုဆန်း ကြယ်လေ့ရှိတတ်ပါတယ်။ခေါင်းဆောင်ကောင်းတဦးရဲ့ လမ်းပြမှုအောက်မှာတိုင်းပြည်ဟာ ချက်ခြင်းဆိုသလို နေ့ချင်းည ချင်းကြီးပွါးချမ်းသာလာတတ်သလို ခေါင်းဆောင်းဆိုးတဦးရဲ့ လက်အောက်မှာလဲ တိုင်းပြည်ဟာချက်ခြင်းဆိုသလို နေ့ချင်း ညချင်း ဆင်းရဲမွဲတေသွားတတ်လေ့ရှိပါတယ်။ပထဆုံးအချက် ကျနော်တို့စဉ်းစားကြရမှာကတော့ လက်တွေ့ ကျဘို့လို တယ် ဆိုတာဘဲဖြစ်ပါတယ်။ မြန်မာစာပေဖွံ့ ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲအတွက် ဆရာမကြီးဒေါက်တာဒေါ်မြင့် မြင့်ခင်ပေးပို့တဲ့အမှာစကား ဗီဒီယိုဖိုင်လေးကို ကြည့်မိနားထောင်မိတယ်။ ဆရာမကြီးဟာ ပညာရှိပီသပါပေတယ်လို့ အကြိမ်ကြိမ် ဦးချကတော့မိပါတယ်။ ဒါကတော့ ဆရာမကြီးရဲ့ အယူအဆဟာ အင်မတန်လက်တွေ့ကျပြီး လက်တွေ့လုပ် ကိုလုပ်ရမဲ့လမ်းညွန်တခုလိုဖြစ်နေတာတွေ့ရလို့ဖြစ်ပါတယ်။ (လူတွေက ဗမာပြည်ပညာရေးနိမ့်ကျတယ်လို့ပြောကြတယ်။ ဒါဟာ ပညာရေးစနစ်တခုလုံုံးနိမ့်ကျသွားလို့ဖြစ်တယ်။ ဒါကိုပြုပြင်ဘို့က ဆေးမီးတိုနဲ့ ကုလို့မရဘူး။ ရောဂါကကြီးတယ်။ ကျယ်ဝန်းတဲ့ နက်ရှိုင်းတဲ့ ရောဂါမို့ ဟိုနားနဲနဲ ဒီနားနဲနဲနဲ့  လုပ်လို့မရဘူး။ပညာရေးစနစ်ကိုပြောင်းမယ်ဆိုရင် အမြစ်ကလှန် တဲ့ တော်လှန်ရေးကြီးသဖွယ်ပြောင်းရလိမ့်မယ်။)သိတ်ကိုမှန်ပါတယ်။မဆို့မပို့လုပ်လို့မရတော့ဘူးဆိုတာကို ကျနော်တို့ နားလည်မိနိုင်မှာဖြစ်ပါတယ်။ ဆိုလိုတာက တိုင်းပြည်ရဲ့ ပညာရေးအနာဂါတ်ပျောက်သွားတဲ့အတွက်ဖြစ်ပါတယ်။

 

တိုင်းပြည်ရဲ့ ကျမ္မာရေးစောင့်ရှောက်မှု အခြေအနေကို ကျနော်တို့ လက်တွေ့ကျကျ လေ့လာ ကြည့်ကြ ရအောင်လေဗျာ။

 

(WHO အဖွဲ့ဝင် နိုင်ငံ ၁၉၀ မှာ ကျန်းမာရေးစောင့်ရှောက်ပေးမှု ညွန်ကိန်း အဆင့် ၁၉၀  မှာ ကျနော်တို့နိုင်ငံရှိနေပါတယ်) ၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှု ညွန်ကိန်းများကို ဖေါ်ပြထားတဲ့ ဇယား အရ ဖေါ်ပြတာဖြစ် ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အောက်မှာ နိုင်ငံဆိုလို့ မျဉ်းကြောင်းပိတ်တာဘဲရှိပါတော့တယ်ဗျာ။ ဆိုလိုတာ က ကျမ္မာရေးဆိုင်ရာ အနာဂါတ်ပျောက်နေပြီဆိုတာ လက်တွေ့တွေ့နေကြရမှာဖြစ်ပါတယ်။အလွန့်အလွန်ကို ညံ့ဖျင်းတဲ့ ကျမ္မာရေး စနစ်တွေနဲ့စောင့်ရှောက် ခံနေရတဲ့ ကျနော်တို့ပြည်သူတွေအတွက်တော့ အတော်ကိုရင်နင့်စရာလို့ပြောရမှာပါ ။ ပိုက်ဆံမရှိလို့ကတော့ သေသော်မှသည် အော်ကောင်း၏ ဆိုတဲ့ခေတ်ကို ကျနော်တို့တိုင်းသူပြည်သားတွေ ကနေ့ မျက် မှေုာက်ပြုနေကြရပြီဆိုတာကိုတော့ လူတိုင်းနားလည်ပြီးဖြစ်မှာပါ။

 

ကျနော်တို့တိုင်းပြည်ရဲ့ စီးပွါးရေးကိုလဲ တစေ့တစောင်းဆိုသလို ပြန်ကြည့်ကြရအောင်ဗျာ။၁၉၈၇ ခုနှစ်မှာ ကျနော်တို့နိုင်ငံ LDC ဖြစ်သွားတယ်။ဆိုလိုတာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းသွင်းခံလိုက်ရတာပါ။ ပြောရရင်ဒီနေ့အထိတိုင်ပါဘဲ။ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံဖြစ်ဘို့ကလဲ လွယ်မှတ်လို့ဗျာ။ကိုယ်က အချက် နဲ့ အလက်နဲ့   လျှောက်လွှာတင်နိုင်လို့ ရခဲ့တာ ဖြစ်ပါ တယ်။ အဲဒီအချိန် မြန်မာနိုင်ငံမှာ ပြည်ပကြွေးက  အမေရိကန်ဒေါ်လာ သန်း ၄၀၀၀လောက်ရှိနေတယ်။ မဆလပါတီနဲ့ မဆလအစိုးရက ဒီကြွေးတွေကို တတ်နိုင်သမျှနည်းစေလိုတဲ့ဆန္ဒရှိပါတယ်။ တဘက်ကလည်း LDC ခေါ် အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်သွားရင် ကြွေးတွေလျှော်ပစ်နိုင်မယ်။ချေးငွေတွေကို ထောက်ပံ့ ငွေအဖြစ် ပြောင်းလဲနိုင်မယ် ………..စတဲ့ အခွင့်အရေးတွေရနိုင်ပါတယ်။ ဒီနေရာမှာ နိုင်ငံတခုကို ဘယ်လိုအခြေအနေမျိုးမှာ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်း သွင်းခွင့်ပေးသလဲ ဆိုတာ ပြန်ကြည့်ဖို့ လိုပါတယ်။

 

ကုလသမဂ္ဂရဲ့ သတ်မှတ်ချက်အရ တဦးချင်းဝင်ငွေ နည်းနေတာ ဖြစ်ရမယ်လို့ ဆိုပါတယ်။တဦးချင်းဝင်ငွေဆိုရာမှာ ၃နှစ် စာ ပျမ်းမျှ တဦးချင်းဝင်ငွေက ဒေါ်လာ ၉၀၅ ဒေါ်လာထက် နည်းရမယ်။ နောက် အဟာရ၊ ကျန်းမာရေး၊ ပညာရေး၊ သက် ကြီးစာတတ်မြောက်မှု စတဲ့ ညွှန်းကိန်းတွေ အခြေခံတဲ့ လူသားရင်းမြစ် အားနည်းနေတာ …။နောက် လယ်ယာစိုက်ပျိုးမှု ထုတ်လုပ်မှု မတည်ငြိမ်တာ၊ ကုန်စည်နဲ့ ၀န်ဆောင်မှု ပြည်ပပို့တဲ့နှုန်း မတည်ငြိမ်တာ သဘောဝဘေးကြောင့် အိုးအိမ်စွန့် ခွာ ရတဲ့ လူဦးရေရာနှုန်း … စတဲ့ စီးပွားရေး အားနည်းချက်တွေကို ကြည့်ပြီး ဆုံးဖြတ်တာဖြစ်ပါတယ်။ စစ်အစိုးရ အုပ်ချုပ် ရေးတလျှောက်လုံးမှာ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှု ဂျီဒီပီကို တနှစ်ထက်တနှစ် စာရွက်ပေါ်မှာ တိုးပြီး လိမ်ပြနေ ပေ မယ့် ဂျီဒီပီကိန်းဂဏန်းကို စားလို့ရတာမဟုတ်ဘဲ ထမင်းစားရတဲ့ ပြည်သူတွေကတော့ တဦးချင်းဝင်ငွေ တက်မလာတာ လက်တွေ့ဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ဝေဖန်ထားပါတယ်။(ဆရာဦးကျော်စိန်လှိုင်ရဲ့ ဘာကြောင့်အမွဲဆုံးနိုင်ငံဖြစ်ရ သလဲ ဆောင်းပါးမှ)

 

မစားရ၀ခမန်းစကားတွေ မစားရ၀ခမန်းဂတိတွေကို ခဏရပ်ပြီး ကျနော်တို့နိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်ကဘဲ လွတ်မြောက်အောင်ပထမဆုံးလုပ်ပေးဘို့ပြောချင်ပါတယ်။ကိုယ့်ကိုယ်ကို မရှက်ကြလို့သာပါ။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံက သမ္မတကြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံကလွတ်တော်ဥက္ကဌကြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံက ဗိုလ်ချူပ်မှုးကြီး ဘယ်လောက် ဂုဏ်ယူဘို့ကောင်းသလဲဗျာနော်။တိုင်းပြည်တွင်းမှာတော့ တကယ့်ရှင်ဘုရင်တွေဘဲ အပြင်ထွက်တော့မှ ဖင်ပြောင်မှန်းသိ ဆိုသလိုဖြစ်ကြတော့တာပါဘဲ။  ဟီရိသြတ္တပ္ဗတရား အကြောင်းကိုပြောပြတာပါ။ မရှက်တတ်ရင်တော့လဲ ယိုသူမရှက်မြင် သူရှက် ဆိုသလိုဘဲထားလိုက်ရတော့မှာပါဘဲ။ သူတို့အတွက် ကျနော်တို့ ပြည်သူပြည်သားတွေကဘဲ ရှက်ပေးလိုက်ကြ တာပေါ့ဗျာ။  ကနေ့တိုင်းပြည်ဟာ အနာဂါတ်ပျောက်နေတယ်။ တိုင်းသူပြည်သားတွေဟာ အနာဂါတ်ပျောက်နေတယ်။ ဘာကြောင့်လဲ။သေချာတာကတော့ တိုင်းပြည်တပြည်မှာ ရှိသင့်ရှိထိုက်တဲ့ စနစ်အားလုံးဟာ လုံးဝနီးပါးကိုပျက်စီးသွား ခဲ့ရလို့ တနည်းပြောရရင် ဖျက်ဆီးခံခဲ့ရလို့ဘဲ ဆိုတာကိုပြောချင်တယ်။ အသေအချာကိုပြောချင်တယ်။

 

ပညာရေးစနစ်ကြီးတခုလုံး ရစရာမရှိအောင်ဖျက်ဆီးခံခဲ့ရတယ်။ကျမ္မာရေးစောင့်ရှောက်မှုစနစ်ကြီးတခုလုံးဖျက်ဆီးခံခဲ့ရ တယ်။ စီးပွါးရေးစနစ်ကြီးတခုလုံးဖရိုဖရဲဖြစ်သွားခဲ့ရတယ်။ဗမာပြည်မှာ ဘယ်ဟာတော့ကောင်းသေးတဲ့စနစ်ပါလို့ ထောက် ပြဘို့တောင် အတော်ခပ်ရှားရှားဖြစ်နေတဲ့ကာလမျိုးပါ။ ဥပမာ တရားစီရင်မှုစနစ်ကိုကြည့်ရအောင်ဗျာ။ အရေးလဲကြီးပါ တယ်။လူ့အဖွဲ့ အစည်းတည်ဆောက်ရေးအတွက် အခြေခံအုပ်မြစ်လဲဖြစ်ပါတယ်။တရားမျှတမှုမရှိ ဘက်လိုက်မှုတွေကို အခိုင်အမာတွေ့ရမှာဖြစ်ပါတယ်။ဆိုလိုတာက တရားရေးစနစ်ကြီးတခုလုံးဟာ အုပ်ချူပ်သူလူတန်းစားလက်အောက်မှာ ကျေးကျွန်တွေလို ပြားပြားမှောက်နေရတဲ့နောက် တိုင်းသူပြည်သားတွေအတွက် တရားဥပဒေရဲ့ အကာအကွယ်ကို ဘယ် လိုမျှော်လင့်လို့ ရတော့မှာလဲ။ တရားရေးစနစ်ရဲ့ လွတ်လပ်မှုတွေနဲ့ သာ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို အကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ အုပ်စိုးသူအာဏာပိုင်ဆိုသူတွေအလိုကျ  ဖြူချင်တဲ့အခါဖြူလိုက်  မဲချင်တဲ့အခါမဲ လိုက်ဖြစ်နေတဲ့ တရားဥပဒေစနစ်ဟာ ပြောရရင် မုဆိုးမအိမ်မှာမွေးထားတဲ့ ခွေးလေခွေးလွင့်တကောင်လို ဖြစ်နေတာပါ။ တရားသူကြီးဆိုသူများဟာ တက္ကသိုလ်မှာ ၅နှစ်ကြာ ဥပဒေပညာကို သင်ယူကြရတယ်။ တကယ့်လုပ်ငန်းခွင်ထဲမှာတော့ မိမိတတ်ခဲ့တဲ့ပညာတွေ မိမိသင်ယူခဲ့တဲ့ပညာတွေဟာ ဂုဏ်သိက္ခာမဲ့စွာ စစ်ဖိနပ်အောက်ရောက်သွားတော့တာပါဘဲ။ အ တော်ကိုနာကျည်းဘို့လဲကောင်းသလို  ရှက်တတ်မယ်ဆိုရင်လူတောထဲမှာ တရားသူကြီးတယောက်ပါဆိုတာ ပြောဘို့ တောင် အတော်ဝန်လေးရမဲ့ ကာလဘဲဖြစ်ပါတယ်။

 

မဏ္ဍိုင်ကြီး၃ခုလို့ပြောရမဲ့ အဓိကဒေါက်တိုင်ကြီးသုံးခုလုံးကိုယ်တိုင်ကိုက တခုနဲ့တခုအပြန်အလှန်ထိန်းကွပ်ရမဲ့စနစ်ဟာ ဘုန်းဘုန်းလဲအောင်ကျိုးပျက်နေတာအထင်အရှားတွေ့ရမှာဖြစ်ပါတယ်။ အုပ်ချူပ်ရေး တရားဥပဒေပြုရေးနဲ့ တရားစီရင် ရေးဆိုပြီး ရှိတဲ့အနက် တရားစီရင်ရေးစနစ်ဟာ ရုပ်ပျက်ဆင်းပျက်ကို ပျက်စီးသွားခဲ့ရပါတယ်။၁၉၆၂ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း တရားစီရင်ရေးစနစ်ဟာ စစ်တပ်ရဲ့ ခိုင်းဖတ် စစ်တပ်ရဲ့ ကျေးကျွန်သဖွယ်ဖြစ်ခဲ့ရတာပါ။နှစ်ကာလရှည်  ကြာလာတာနဲ့ အမျှ စစ်တပ်ကိုအလုပ်အကျွေးပြုရင်း တရားစီရင်ရေးစနစ်ကြီးတခုလုံးသွက်ချာပါဒလိုက်သွားရတာလို့ဘဲ ပြောရတော့မယ်ထင်တယ်။ဒီအတွက် ဗမာပြည်မှာ တရားစီရင်ရေးကို အုပ်ချူပ်ရေးအဆင့်ဆင့်က ၀င်စွက်ကြတော့ကာ ငွေများတရားနိုင်တာတို့ တရားလိုကတရားခံဖြစ်ရတာတို့ စတဲ့ အလွန်ကိုမဖွယ်မရာ ကိစ္စတွေပေါ်ပေါ်တင်တင်ကိုဖြစ်နေ တော့တာပါဘဲ။ တရားစီရင်ရေးဟာ ပြည်သူကိုနှိပ်ကွပ်တဲ့ဌာနကြီးတခုအဖြစ်နဲ့ သိက္ခာမဲ့စွာတည်ရှိနေခဲ့ရတာကိုလည်း  အားလုံးအသိဘဲဖြစ်ပါတယ်။

 

ဒီလိုစနစ်တွေ ကျိုးပဲ့ပျက်စီးမှုတွေဟာ ပြည်သူတွေရဲ့ အနာဂါတ်ကို အမြဲခြိမ်းခြောက်နေတော့တာပါ။  ကျနော်တို့ဒီကျိုး ပျက်နေတဲ့ စနစ်တွေနေရာတွေကို စနစ်အသစ်တွေနဲ့ အစားထိုးကြရပါမယ်။ ကျနော်တို့လူ့အဖွဲ့ အစည်း ကျနော်တို့နိုင်ငံ အတွက် လုပ်ကိုလုပ်ကြရမဲ့ ကိစ္စပါ။ ပထမဆုံးလုပ်ရမှာကတော့ စနစ်အားလုံးရဲ့ အချူပ်ဖြစ်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ကိုပြင်ကြရပါ မယ်။အသစ်တွေနဲ့ အစားထိုးရပါမယ်။ဖွဲ့ စည်းပုံအခြေခံဥပဒေမှာပြဌာန်းထားတဲ့ဥပဒေသဘောမဆောင် တဲ့ အမိန့်ပြန်တမ်းတွေလိုဖြစ်နေတဲ့ ပုဒ်ထီးပုဒ်မတွေကို ပြင်ကိုပြင်ရမှာပါ။ စစ်မှန်တဲ့ဒီမိုကရေစီနည်းကျ ဖွဲ့စည်းအုပ်ချူပ်ပုံ မဟုတ်သ၍ အခြားကျိုးပဲ့ပျက်စီးနေတဲ့ စနစ်တွေကို ကျနော်တို့ပြင်နိုင်မှာမဟုတ်ပါဘူး။ကျနော်တို့ပြည်သူလူထုရဲ့ ပျောက် ဆုံးနေတဲ့ အနာဂါတ်တွေဟာလည်း ဆုံးရှွုံ့းမြဲဆုံးရှုံးနေဦးမှာဖြစ်ပါတယ်။

 

ကျနော်တို့ကိုအုပ်ချူပ်ဘို့ရေးဆွဲထားတဲ့ ဖွဲ့ စည်းအုပ်ချူပ်ပုံစည်းမျဉ်းဆိုတာ နိုင်ငံတနိုင်ငံအတွက် စနစ်အားလုံးရဲ့ အချူပ် လို့ပြောရမှာဖြစ်ပါ တယ်။ ဖွဲ့ စည်းအုပ်ချူပ်ပုံစည်းမျဉ်းစနစ်ကိုယ်တိုင်ကိုက ကျိုးပဲ့ပျက်စီးနေမယ်ဆိုရင် ကျန်တဲ့စနစ်တွေ ကိုကျနော်တို့ဘယ်လို ပြုပြင်ကြမလဲ။ ဒီလောက်စုတ်ပြတ်နေတဲ့စနစ်ကို ကျနော်တို့ဟိုဖာ ဒီဖာလုပ်ရင်လဲ သိတ်ရိနေတဲ့ ပုဆိုးကိုဖာရသလို ခဏဘဲရမယ်။ကြာတာနဲ့ ဖင်ပြောင်တာဘဲ အဖတ်တင်မယ်ဆိုတာ ပြောချင်တယ်။ ဖွဲ့စည်းပုံစည်းမျဉ်း ရေးဆွဲရာမှာ လူထုပါဝင်ပါတ်သက်မှုနဲ့  ပွင့်လင်းမြင်သာမှုဟာအရေးကြီးပါတယ်။၂၀၀၈ နာဂစ်ဖွဲ့ စည်းပုံကတော့ အလွန် ကို ပုတ်စော်နံနေတဲ့အမိန့်ပြန်တမ်းတခု ဖြစ်နေတာကို အထင်အရှားတွေ့ရမှာဖြစ်ပါ တယ်။ ဒီတော့  မြန်မြန်ပြင်နိုင်လေ  ကျနော်တို့လေကောင်းလေသန့်မြန်မြန်ရူနိုင်လေဖြစ်မှာဘဲ။ ကျနော်တို့နိုင်ငံမြန်မြန်တိုးတက်လေဖြစ်မှာဘဲ။ ကျနော်တို့ လူထုမြန်မြန်စိတ်ချမ်းသာလေ ဖြစ်မှာပါ။ ပျက်စီးကျိုးပဲ့နေတဲ့စနစ်တွေကို ကျနော်တို့ပြင်နိုင်ဘို့ ဆိုရင်   ဆရာမကြီး ဒေါ်မြင့်မြင့်ခင်ပြောသလို ပညာရေးစနစ်ကိုပြင်ဘို့တောင် အမြစ်ကလှန်ပစ်တဲ့တော်လှန်ရေးကြီးသဖွယ်လုပ်ရမယ်ဆိုရင် ဒီ၂၀၀၈ နာဂစ်ဖွဲ့ စည်းပုံကို အမြစ်ကလှန်တဲ့တော်လှန်ရေးကြီးသဖွယ်လုပ်ကိုလုပ်ကြရပါမယ်။ ၂၀၀၈နာဂစ်ရဲ့  မကောင်း မှုတွေကို ရှင်းထုတ်ပြီးမှသာ ကျနော်တို့ကျန်တဲ့ စနစ်တွေကို ပြန်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

 

တခါကကျနော်တို့မြို့မှာဇာတ်ပွဲတပွဲလာကတယ်။ အဲဒါဇာတ်ထဲမှာတိမ်ကြားမင်းခေါင်လာပါတော့မယ်လို့ ကလာကာကြား ကကြေလဲကြေငြာလိုက်ရော ပွဲကြည့်ပရိတ်သတ်က ကောင်းကင်ကဘဲစက်သီးနဲ့ ဆင်းလာမလား။ဒါမှမဟုတ် မြင်းကြီးဘဲ စီးလာမလားပေါ့။ကောင်းကင်မော့ကြည့်သူတွေကလဲကြည့်ကြ။ကလာကာဘေးဘီကိုကြည့်တဲ့လူကလဲကြည့်ကြ။မြင်းဟီ သံ နားထောင်တဲ့လူကလဲနား ထောင်နဲ့  အတော်ကိုအလုပ်ရှုတ်သွားကြတယ်။တကယ်လဲထွက်လာရော သူလိုငါလိုလမ်း လျောက်လာတော့မှဘဲ  အော် တိမ်ကြားမင်းခေါင်ဆိုတာ သူလိုငါလို လမ်းရှောက်လာတာပါလားလို့ဆိုပြီး တယောက်ကို တယောက်ကြည့်ကာ ၀ါးကနဲ ဟားလိုက်ကြရတဲ့အဖြစ်မျိုးကို ပြောလိုတာပါ။  ဦးသိန်းစိန်တယောက် ဆင်ဖမ်းမယ် ကျား ဖမ်းမယ်ဆိုပြီး  ပြည်တွင်းမှာပြောလိုက် ပြည်ပမှာပြောလိုက်နဲ့  ယုံတဲ့သူတွေကလဲ နားထောင်ကောင်းကောင်းနဲ့  သမ္မတ ကြီး သမ္မတကြီးနဲ့ ပေါ့။ ပွဲစည်နေတာလေ။ နိုင်ငံတကာကလဲ ဆုတွေပေးလိုက် နိုဗယ်ဆုတောင်စာရင်းတို့ခံလိုက်ရသေး ဗျာ။အခုတော့  တကယ်လဲထွက်လာရော အရင်ဗိုလ်ချူပ်ကြီးသိန်းစိန် ၀န်ကြီးချူပ်ဘ၀တုန်းကလို လမ်းလျှောက် ထွက် လာတာတွေ့ရတော့မှဘဲ  အော် သူလဲ ဇာတ်ထဲကတိမ်ကြားမင်းခေါင်လိုပါဘဲလားလို့ဘဲ  မှတ်ချက်ချလိုက်ကြရတော့တာ ပါဘဲ။ ဒါနဲ့  ကျနော်တို့လဲ ဦးသိန်းစိန်ကို သမ္မတကြီးတိမ်ကြားမင်းခေါင် လို့အမည်ပြောင်းပေးလိုက်ကြမိပါတယ်။

 

နောက်မတွန့်ကြပါနဲ့ ။ မကြောက်ကြပါနဲ့ ။ ဆုံးရုံးစရာဆိုလို့ ကျနော်တို့မှာ ဒါထက်ဘာမှ ပိုမရှိတော့ပါဘူး။ကျနော်တို့မှာ အနာဂါတ်လဲမရှိကြတော့ပါဘူး။ ကျနော်တို့တိုင်းပြည်ဟာလဲ အနာဂါတ်ပျောက်နေပါပြီ။ စည်းစနစ်ဆိုတာတွေလဲ အား လုံးလိုလို ပျက်စီးကုန်ကြပါပြီ။ ရှေ့ကိုညီညီညာညာနဲ့ ကနေ့တလှမ်းတိုးလိုက်ကြပါလို့ဘဲအကြံပေးပါရစေ။ ဒါဟာကျနော် တို့ မြန်မာနိုင်ငံသားအားလုံးရဲ့ ဘုံအကျိုးစီးပွါးလဲဖြစ်ပါတယ်။ကျနော်တို့မျိုးဆက်တွေရဲ့ အနာဂါတ်လဲဖြစ်ပါတယ်။ကနေ့ အနိဓ္ဓာရုံတွေကိုကုစားဘို့ရာ ဒီကြိမ်စာသင့်နေတဲ့၂၀၀၈နာဂစ်ဖွဲ့ စည်းပုံကို ကျနော်တို့ပြင်ကိုပြင်ကြရပါမယ်။ ဒါမှမဟုတ် ပြင်ဘို့သိတ်အခက်အခဲရှိနေမယ်ဆိုရင် အသစ်ပြန်ရေးကြရပါမယ်။ကျနော်တို့ အမြင်ကတော့ ရိုးသားဖြောင့်မတ်ပြီး နိုင်ငံ အကျိုးကို တကယ်လိုလားတဲ့ မြန်မာနိုင်ငံသားအများစုကြီးက ဒီဖွဲ့ စည်းပုံကိုမကြိုက်ကြဘူးဆိုတာကိုတော့ အခိုင်အမာ ပြောလို့ရမှာ ဖြစ်ပါကြောင်းဗျာ။

 

တိုင်းချစ်ပြည်ချစ်စိတ်ရှိသူတိုင်း ၂၀၀၈နာဂစ်ဖွဲ့ စည်းပုံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုကို အမြန်ဆုံးစတင်ကြ။

တဦးချင်းမှသည်တနိုင်ငံလုံးကို လှုံ့ ဆော်ကြ။

တနိုင်ငံလုံးမှသည် အနာဂါတ်ကို ကာကွယ်ကြ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts