ကော်ပီစနစ်တကျလုပ်ကြပါစို့
ဇော်အောင် (မုံရွာ)၊ ဧပြီ ၂၁၊ ၂၀၁၃
ဆရာကြီးပီမိုးနင်း ၁၉၃၀ခုလောက်က ရေးခဲ့သည်။ မြန်မာပြည်တွင် လေထဲတွင်ပျံမည့်လေယာဉ်ပျံသန်းဖို့ တီထွင်နေသည်ဟု သတင်းဖတ်လိုက်ရသောကြောင့်၊ စိတ်ပျက်မိကြောင်း၊ သူများနိုင်ငံများတွင် လေယာဉ်ကို ဥဒဟိုမောင်းနှင်နေပြီဖြစ်ရာ ထိုလေယာဉ်ကိုဝယ်ယူပြီး၊ ပြည်တွင်းတွင်အသုံးချရမည့်အစား အချိန်ကုန်၊ ငွေကုန်ခံပြီး လေယာဉ်ကို အစမှစတင်တီထွင်နေသော မြန်မာ့နည်းမြန်မာ့ဟန်အကြောင်း ဖြစ်သည်။ ဆရာကြီးပီမိုးနင်း၏ တိုးတက်ရေး Attitude စိတ်နေသဘောထား စာများသည် ယခုခေတ်တိုင်အောင် အသုံးကျနေဆဲ။ သူ၏စာအုပ်များမှာ ယခုတိုင် ထုတ်ဝေရောင်းချနေဆဲဖြစ်သည်။ ထိုခေတ်က မြန်မာ့စာပေသမိုင်းတွင် စာအရေးနိုင်ဆုံး၊ အထူးချွန်ဆုံး စာရေးဆရာဟု မြန်မာ့စွယ်စုံကျမ်းတွင် မှတ်တမ်းတင်ခဲ့ရပါသည်။
ဆရာကြီးပီမိုးနင်းက တိုးတက်ချင်ရင် တီထွင်တာ အသာသာထား၊ ကော်ပီ (အတုခိုး) လုပ်ကိုင်ဖို့ အဓိကဟု ဆိုပါသည်။
ကျနော် စက်မှုလုပ်ငန်းများအကြောင်း ရေးသားခဲ့ရာ၊ ဗီယက်နမ်နိုင်ငံ စက်မှုလုပ်ငန်းများအကြောင်း ဆောင်းပါးများရေးသားခဲ့သည်။ ယခုရေးမည့်အကြောင်းမှာ လယ်ယာထွက်ကုန်များ၊ ပြည်ပထုတ်လုပ်ခြင်းအကြောင်း ဖြစ်သောကြောင့်၊ အတွေ့အကြုံမရှိသော ဘာသာရပ်တစ်ခုဖြစ်သည်။ သို့သော် ရေးချင်စိတ် အားကြီးသဖြင့် စက်မှုနောက်ခံဖြင့် အနည်းငယ်ရေးလိုပါသည်။
နိဒါန်း
ယခင်ကတော့ အမှောင်ပိတ်၊ စစ်အစိုးရအောက်တွင်နေထိုင်ခဲ့ရသောကြောင့် လူအများ၏ ဦးနှောက်ကို ဂွင် (ပေါ်ပင်) အလုပ်များ၊ အကြံဖန်များ၊ ပါမစ်များနောက်သို့ လိုက်ပြီး စီးပွားရှာစားခဲ့ရသည်။ ယခုလည်း မလွတ်နိုင်သေးပါ။ သို့သော် မကြာခင် လူဟောင်းများကျန်ရစ်ခဲ့မည်ဖြစ်ပြီး၊ အတွေးခေါ်သစ်၊ စိတ်နေသဘောထားပြောင်းနိုင်သူများ ကြီးပွားအောင်မြင်တော့မည်ဖြစ်သည်။
The Voice စာစောင်ဖြင့် နိုင်ငံသိခဲ့ရသော ဒေါက်တာနေ၀င်းမောင် ဆိုသူ၊ ယခင်က စစ်အစိုးရ အကြိုက်လုပ်နေသူဟု ကျနော်အပါဝင်၊ ယူဆခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြုလုပ်သည့်ရွေးကောက်ပွဲကို ထောက်ခံသူဖြစ်သည်။ နောက်ပိုင်း ရွေးကောက်ပွဲက ကြိုတင်မဲများစွာတွေ့ရပြီး၊ စိတ်ပျက်ခဲ့သူ။ သို့သော် သမ္မတဦးသိန်းစိန်အစိုးရ ပီပီပြင်ပြင်မလုပ်ဆောင်နိုင်သေးခင် သူ့ကို မော်လမြိုင်စာပေဟောပြောပွဲကြီးတွင် ဖိတ်ကြားခဲ့ရာ၊ မြန်မာပြည်တွင်အကြီးကျယ်ဆုံး သံဃာနှင့်ပြည်သူများစွာ ၅ရက်ဆက်၊ စာရေးဆရာများစွာ ဟောကြားရာတွင်၊ ဒေါက်တာနေ၀င်းမောင် မိနစ်၄၀ ဟောပြောခဲ့ပါသည်။ သူကိုယ်တိုင် အမေရိကန်တွင် ပညာသင်ကြားခွင့်ရခဲ့ပြီး၊ မြန်မာပြည်ပြန်လာကာ ကျောင်းဖွင့်ပြီး၊ နိုင်ငံရေးသိပ္ပံနှင့်စာသင်သူ ဆရာဖြစ်သောဖြစ်ကြောင်း၊ စာပေဟောပြောပွဲဖိတ်ကြားမှုကြောင့် ပထမဆုံး စာပေဟောပြောပွဲဖြစ်ကြောင်း ပြောခဲ့သည်။ နောက်ဆုံးဟောပြောပွဲလည်း ဖြစ်သွားခဲ့သည်။ ထိုဟောပြောပွဲအပြီး ၂လအကြာ ဒေါက်တာနေ၀င်းမောင်တယောက် အသက်၄၈နှစ်အရွယ် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ သူကွယ်လွန်ပြီးနောက် နိုင်ငံပြောင်းလဲမှုများ အရှိန်အဟုန်ရရှိလာသည်။
သူဟောပြောချက်ကို အကျဉ်းချုပ်ရလျှင် (၁)လက်ရှိနိုင်ငံရေး (၂)အခြေနေသစ်မှာမွန်ပြည်နယ်အစိုးရ ဘာလုပ်နိုင်သနည်း (၃)လူငယ်ကြီးပွားရေး (ပညာရေး) တို့ကို ပြောခဲ့သည်။ နောက်ဆုံးပညာရေးတွင် ကမ္ဘာ့ကုလသမဂ္ဂအကြီးကဲ တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့်၊ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် မွေးဖွားကြီးပြင်းလာပြီး၊ ရန်ကုန်တက္ကသိုလ်ပညာသင်ခဲ့သည်။ ကမ္ဘာ့ထိတ်တန်းတာဝန်ကို ထမ်းဆောင်ဖို့ သူသင်ကြားခဲ့သော ရန်ကုန်တက္ကသိုလ် ပညာရေးအဆင့်မှာ အလွန်မြင့်ခဲ့ကြောင်း ထင်ရှားသည်။ ယခုခေတ် ပညာရေးနိုမ့်ကျသွားပြီး ကမ္ဘာ့အဆင့်မီ ပညာတတ်များ၊ ယခု မော်လမြိုင်မြို့မှ ဦးသန့် ကဲ့သို့လူမျိုး ပေါ်ထွက်လာရန်၊ အလွန်ခဲယင်းသွားပြီးဖြစ်သည်။ သို့သော် ပညာရေးကို မြှင့်တင်လျှင် ဖြစ်နိုင်ကြောင်း၊ ပြည်နယ်အစိုးရက ပုဂ္ဂလိကကျောင်း တည်ထောင်ခွင့်ပေးရန် ဥပဒေ ပြဌာန်းပြီးဖြစ်ကြောင်း၊ အသက်၅၅နှစ်ကျော် ပညာတတ်လူကြီးများက ဦးဆောင်ပြီး အမြန်ဆုံး ပုဂ္ဂလိကကျောင်းများ တည်ထောင်သွားပါက မကြာမီ၊ အင်္ဂလိပ်လို ပြောတတ်၊ နားထောင်တတ်၊ ရေးဖတ်တတ်သော ပညာတတ်လူငယ်ကလေးများစွာ ပေါ်လာမည်ဖြစ်ကြောင်း၊ ပညာရပ်ကိုလေ့လာဖို့ အင်္ဂလိပ်စာနှင့် ရေးဖတ်၊ပြော၊နားထောင်နိုင်မှ ကမ္ဘာ့အဆင့်မီဖြစ်မည့်အကြောင်း။ ဘိုလိုပြောဆို၊ဖတ်မှတ်ဖို့ အလွန်အရေးကြီးကြောင်း ကိုယ်တွေ့ပြောကြား၊တိုက်တွန်းခဲ့သည်။..
၁၉၈၈နောက်ပိုင်း စီးပွားရေးဖွင့်ပေးသော်လည်း လူအများမှာ ပိတ်ပင်ခံနေရပြီး၊ လုပ်ခွင့်ရသော လူတစ်စုသာ ပန်းတိုင်သို့ရောက်သည့်စနစ်ဖြစ်ခဲ့သည်။ ယခု ပညာတတ်သူများစွာ ပန်းတိုင်ရောက်မည့်စနစ် စတင်နေချိန်တွင်၊ သမ္မတဦးသိန်းစိန်၊ဒေါ်အောင်ဆန်းစုကြည်တို့မှ ထိပ်ပိုင်းခေါင်းဆောင်များ၏ ခြစားမှု၊ Rank Seeking များကို ပြစ်ဒဏ်ချရန်လိုနေပြီ။ လယ်ယာလုပ်ငန်း၊ ထွက်ကုန်များအကြောင်းကို ပညာရေးဖြင့် အဖွင့်စာရေးရခြင်းမှာ ပညာရှင်များက ဦးဆောင်လုပ်ရမည်ဖြစ်သည်။ တရုပ်၊ဂျပန်၊အမေရိကန် ပညာတတ်များ ဦးဆောင်မှုနောက်ကို လိုက်မည်လား၊ တိုင်ဝမ်၊ ထိုင်း၊ အိန္နိယ၊ စင်ကာပူ၊ မလေးရှား ..စသည့် မြန်မာထက် ပညာရေးကောင်းသော အိမ်နီးချင်းနိုင်ငံသား ပညာတတ်များဖြင့် ကော်ပီလုပ်ပြီး တိုးတက်အောင်လုပ်မလား။?
စက်မှုလယ်ယာသို့
မြန်မာပြည်က အလုပ်လုပ်သူ အားလုံး၏ ၇၀% သည် လယ်ယာလုပ်ငန်းဖြစ်သည်။ လူဦးရေ သန်းပေါင်း ၆၀ ရှိလျှင် ၄၂သန်းက လယ်ယာလုပ်ငန်းပေါ် မှီခိုနေသည်။ အလွန်များပြားလှတဲ့ လူထုကြီးဖြစ်သည်။ သူတို၏ လယ်ယာလုပ်ငန်း တိုးတက်စေဖို့ စက်မှုလယ်ယာ နည်းစနစ်များကို ပြောင်းလဲရမှ ဖြစ်သည်။ သမရိုးကျ နောက်ချေး၊ နွား၊ မိုးရေနဲ့ ထွန်ယက်စိုက်ပျိုးသည့် ခေတ်ကို ပြောင်းလဲရပါမည်။ သို့မှသာ အဆင်းရဲဆုံးလူတန်းစား တောင်သူများရဲ့ ဘ၀ကို မြှင့်တင်ပေးဖို့ လက်တွေ့ကျပါမည်။ ပြောဆို၊ ညွန်ကြားနေသည်ထက် လက်တွေ့လုပ်ဖို့ အရေးကြီးနေပါသည်။ နိုင်ငံခေါင်းဆောင်များလည်း ဆရာစံအရေးခင်းလို ဆင်းရဲတွင်းနက်နေသော တောင်သူအရေးခင်းကြီးများဖြစ်လာလျှင်၊ သိပ်ခက်သွားနိုင်ကြောင်း သိရှိ၊ သတိပေးပြီးဖြစ်ပါသည်။ ခက်တာမှာ ရင်းနှီးမြှတ်နှံသူများက လယ်ယာလုပ်ငန်းကို လုံးဝဆို၊ လုံးဝ မရင်နှီးချင်ပါ။ နှစ်ရှည်လုပ်ငန်း ဖြစ်ပြီး အမြက်သိပ်မရ။ သယံဇာတရောင်းစားသောလုပ်ငန်းများ၊ ဌာနဆိုင်ရာပါမစ်လုပ်ငန်း၊ သွင်းကုန်လုပ်ငန်း (အရောင်းအ၀ယ်)၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး များက 100% မကသော အမြက်တွေ တစ်နှစ်အတွင်းရနိုင်သောကြောင့် ထိုကဏ္ဍများကိုသာ ရင်းနှီကြသည်။ လယ်ယာလုပ်ငန်းနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ရင်းနှီးမှုမလုပ်ပါ။ ထို့ကြောင့် နိုင်ငံတော် ရင်းနှီးမြှတ်နှံမှုကသာ အဓိကဖြစ်နေပါသည်။
မည်မျှချေးငွေ လိုအပ်ပါသနည်း.. ဥပမာ..US$20 billion တန်ဖိုးအတွက် 20% = US$4 billion ချေးငွေ နိုင်ငံတော်မှ အသင့်ပြင်ထားပေးရပါမည်။
တကယ်တော့ အစိုးရခေါင်းဆောင်များမှာ သူဌေးအကြီးစားဟုရေးလျှင်၊ အမျိုးသားစိတ်ဓါတ်ကြီးသော၊ ခေါင်းဆောင်ကောင်းများစွာကို ထိခိုက်ပါသည်။ ထို့ကြောင့် အစိုးရကို
၁။ အခွန်ကောက်ခြင်း၊
၂။ ပြည်သူလူထုကို အလုပ်လုပ်ချင်လာအောင် မက်လုံးပေးသူများ (Motivators) ဟုဆိုပါက ပိုမှန်ကန်ပါမည်။
အခွန်ကို မှန်ကန်စွာကောက်ခြင်းကြောင်း လက်ရှိ အခွန်ရရှိငွေ 4.5% of GDP ကနေ 10% လောက်တိုးတက်လာဖို့ဖြစ်သည်။ ထိုင်းနိုင်ငံ 17% ရရှိပြီး၊ တိုးတက်သော အနောက်နိုင်ငံများမှာ 40% အထိ အခွန်ကောက်ရငွေများလှပါသည်။ လွန်ခဲ့တဲ့ ၂နှစ်က မြန်မာနယ်စပ်ကုန်သွယ်ရေးအခွန် ကန်ဒေါ်လာ 1 billion usd ရခဲ့သည်။ ယခု ၂၀၁၂တွင် 4 billion usd အထိ ရလာသောကြောင့် တော်တော်တိုးတက်လာပါသည်။ အစိုးရသစ်အတွက် အစကောင်းသည် ပြောရပါမည်။ နောက်တစ်ချက် – ပြည်သူလူထုကို အလုပ်လုပ်ချင်လာရန် ကား(ပို့ဆောင်ရေး) နဲ့ တယ်လီဖုန်း (ဆက်သွယ်ရေး) ၊ ရေ၊ လျှပ်စစ်၊ စသည်တို့ ဈေးချိုအောင် လုပ်ပေးရပါမည်။ တရားမ၀င်အခွန်တောင်းရမ်းမှု လျှော့ချရေးကတော့ အခုချိန်မှာ အခက်ခဲ့ဆုံးပါ။
မြန်မာ့လယ်ယာလုပ်ငန်း၊ ပြည်ပထုတ်ကုန်မြှင့်တင်ဖို့ .. အခြေခံအကျဆုံးမှာ ဖွံ့ဖြိုးပြီးဖြစ်သော ထိုင်းနိုင်ငံရဲ့ Process Industry စက်မှုစားကုန်လုပ်ငန်းများကို မြန်မာပြည်သို့ ရွှေ့ပြောင်း၊ရင်းနှီးလုပ်ကိုင်စေဖို့ ဖြစ်ပါသည်။ ထိုင်း စက်မှုစားကုန်လုပ်ငန်းများ FDI များစွာဝင်လာကြပြီ။ တရုပ်စက်မှုစားကုန် စက်ရုံများပဲဝင်လာလျှင် ဘယ်လိုလုပ်မလဲ.. လက်ခံမလား..?
ဓါတ်ခွဲခန်းများ၊ Commercial Certificates စမ်းသပ်မှု၊ စံချိန်စံညွှန်းများကို အစိုးရက ဦးဆောင်လုပ်ဆောင်ဖို့လိုပါသည်။ ပညာတတ်လူငယ်၊လူကြီးများ လိုအပ်လာပြန်ပါသည်။ ဟိုးတုန်းကတော့ ရန်ကုန်စက်မှုတက္ကသိုလ်တွင် စားသောက်ကုန်ဒီပလိုမာသင်တန်းရှိပါသည်။ အခုလည်း ရှိနေဆဲဖြစ်သော်လည်း စက်ပစ္စည်းမရှိ ဖြစ်နေပါသည်။ ရန်ကုန်ဓါတုဗေဒဌာနတွင် အိုင်စီ B.Sc (IC) ဆိုတဲ့ ပညာဘွဲ့ပေးပါသည်။
အထူးအခွင့်ရေး အခွန်လွတ်ခွင့်၊ သွင်း၊ထုတ်ကုန်သွယ်မှုမှာ ရရှိဖို့ အရေးကြီးလှပါတယ်။ ဘင်္ဂလားဒေခ်ျမှာ ပြည်ပပို့ကုန်ထုတ်လုပ်ငန်းဆိုရင် အခွန်မကောက်တဲ့အပြင် အားပေးတဲ့အနေနဲ့ ဆုချမှုတောင်ရှိပါတယ်။ အမေရိကန်နဲ့ဥရောပနိုင်ငံများက Made In Vietnam ဗီယက်နမ်ပြည်တွင်းထုတ်ပစ္စည်းတွေဆို အခွန်၊ သိသိသာသာ လျှော့ပေါ့ပေးခြင်းအားဖြင့် အခွင့်အရေးပေးပါတယ်။ WTO လို အဖွဲ့အစည်းတွေက ဆင်းရဲနိုင်ငံများကို ဦးစားပေးဖို့၊ အခွန်နည်းနည်းပဲ ကောက်ဖို့ လမ်းညွှန်၊ကြပ်မတ်ပေးပါတယ်။
အထက်ပါ လုပ်ငန်းများအတွက် အစိုးရချည်း လုံးဝမတတ်နိုင်ပါဘူး။ ပညာတတ် မြန်မာနိုင်ငံသားများရဲ့ အဖွဲ့အစည်းများ၊ နည်းပညာရှင်များ၊ တက္ကသိုလ်ကောလိပ်များက စုပေါင်းပါဝင်၊ ၀န်ဆောင်ပေးဖို့ အလွန်အရေးကြီးပါတယ်။ သို့မှသာ တိုးတက်တဲ့နိုင်ငံကြီးများက ကုမ္ပဏီးကြီးများရဲ့ မတရားဈေးနှိမ်၊ အကြပ်ကိုင်ခံရမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့လည်း အမြဲဆက်သွယ်ထားရပါမယ်။
ဓါတ်ခွဲခန်များ၊ စံနှုန်းစနစ်များကိုလည်း ကမ္ဘာ့အဆင့်တန်းဖြစ်ရပါမယ်။
လယ်ယာလုပ်ငန်းအခြေခံလိုအပ်ချက်များ–
ရေရရှိရေးအတွက် ရေရရှိရေးက အလွန်အရေးကြီးပါတယ်။ သမရိုးကျ မိုးရေပဲ အားကိုးလို့ မရပါ။ အစိုးရဆယ်မြောင်းရှိရင်တော့ အိုကေပေမဲ့ အများစုကတော့ ရေအခက်ခဲရှိပါတယ်။ မုံရွာမြိုနယ်၊ မုံရွေးမှာ ဘုန်းကြီးတစ်ပါးဦးဆောင်ပြီး ဆည်မြောင်းတစ်ခု ပုဂ္ဂလိကတည်ဆောက်ခဲ့တယ်။ အခုတော့ အဲဒီမုံရွေးတ၀ိုက်ရွာများ ရေလုံလောက်လို့၊ သီးနှံစိုက်ပျိုးရေးများအောင်မြင်ပြီး၊ ကျေးရွာလူထု ဘ၀မြင့်မား၊အဆင်ပြေလာတာ တွေ့ရပါတယ်။ မြစ်ချောင်းရေများကို အသုံးပြုနိုင်ဖို့။ အစိုးရသိပ္ပံနည်းပညာ ညွန်ကြားရေးမှုးချုပ်တစ်ဦးက မြေအောက်ရေရရှိရေး (အ၀ီဝိတွင်း) ကို အထူးစိတ်ဝင်စားပြီး နိုင်ငံခြားအကူညီရဖို့ မျှော်လင့်နေပါတယ်။ တကယ်တော့ ကိုယ့်လူမျိုးတွေပဲ လုပ်ကိုင်ရမှာပါ။ ထိုင်းနိုင်ငံမှာဆိုရင် ရေမြောင်းတွေ ပုဂ္ဂလိက ဖောက်ထားပြီး၊ အနီးနားက လယ်ယာစိုက်ပျိုးသူတွေက ရေ၀ယ်သုံးကြပါတယ်။
– နည်းပညာ (မျိုးစေ့၊ မြေသြဇာ၊ စက်ကရိယာများ)ကလည်း အလွန်အရေးကြီးပါတယ်။ မျိုးစေ့များကို နိုင်ငံတော်က တာဝန်ယူပေးရပါမယ်။ နောက်တခု မြေသြဇာကို တရုပ်နိုင်ငံက အကြီးကျယ်တင်သွင်းပါတယ်။ အခြားနိုင်ငံများကလည်း တင်သွင်းပါတယ်။ မြေသြဇာရမှာ အထွက်တိုးနိုင်မှာဖြစ်တယ်။ တကယ်တော့ မြေသြဇာက ပြည်တွင်းမှာ စက်ရုံများနဲ့ ထုတ်လုပ်ဖို့ အလွန်လွယ်ကူပါတယ်။ ရေရှည်မှာတော့ ပြည်တွင်းထုတ်မြေသြဇာများပဲ သုံးဖို့ရှိပါတယ်။ စက်မှုနည်းပညာများ၊ စက်ကရိယာများကတော့ နွားလှည်းက အခြေခံသုံးနေဦးမှာဖြစ်ပေမဲ့၊ အရေးကြီးတဲ့အချိန် လယ်ထွန်စက် (ထော်လာချီ) လိုယာဉ်မျိုးက အလွန်အသုံးကျပါတယ်။ အခြား အသေးစား စက်ကရိယာများစွာလည်း လိုအပ်ပါတယ်။
– ချေးငွေ။ စင်ကာပူက SMU စီမံခန့်ခွဲမှုဘွဲ့ရပြီး ဘဏ်လုပ်ငန်း၊ အတွေ့ကြုံရှိသူ မြန်မာလူငယ်တစ်ဦးပြောပြချက်က၊ ၁၉၁၀-၁၉၃၀ အတွင် မြန်မာနိုင်ငံဟာ ပြည်ပဆန်မရောင်းချတဲ့ နိုင်ငံမှ ကမ္ဘာ့နံပါတ်(၁) ဆန်တင်ပို့ရောင်းချတဲ့ နိုင်ငံဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ချစ်တီးကုလား ငွေချေးလုပ်ငန်းများကို ဗြိတိသျှအစိုးရက အိန္နိယကနေ ခေါ်လာ၊ လုပ်ခွင့်ပေးလို့ ဖြစ်ပါတယ် ..တဲ့။ ဆင်းရဲလို့ တောင်သူလယ်သမား အရေးတော်ပုံဖြစ်ရခြင်းဟာ ချစ်တီးကုလားများကြောင့်လို့ လက်ညိုးထိုးခဲ့ပေမဲ့၊ ချေးငွေကို စနစ်တကျ ချေးပေး၊ စပါးပြန်ကောက်၊ အတိုးရင်းငွေပြန်သိမ်း လုပ်နိုင်တဲ့ ချစ်တီးကလားများ အဓိကဖြစ်တယ်လို့ ဆိုပါတယ်။ အခု မြန်မာအစိုးရက တောင်သူများကို ချေးငွေပေးခဲ့ပေမဲ့၊ အဲဒီချေးငွေရလာရင် လုပ်ငန်းထဲ သုံးဖြစ်အောင် မကွပ်ကဲနိုင်ပါဘူး။ ပြီးတော့ လယ်ယာလုပ်ငန်း ငွေပေါ်ချိန်မှာလည်း၊ ချစ်တီးကုလားများက အတိုးကြီးတော့ နောက်ဆုံး လယ်ယာပေါင်နှံပြီး၊ လယ်ဆုံးရှုံးသွားတာမျိုး.. အခုခေတ်မှာလဲ ဖြစ်နေပါတယ်။ လယ်ပိုင်ရှင်လူတန်းစားတရပ်က ချစ်တီးကုလားပုံစံ ပေါ်ပေါက်နေပါတယ်။ လယ်ယာခရိုနီလို့ ပြောရမလား။ ဟုတ်ပါတယ်..ချေးငွေ အလွန်အရေးကြီးပါတယ်။ ပညာနည်းတဲ့ တောင်သူများကို ချေးငွေစနစ်တကျ သုံးစွဲရေးကို နိုင်ငံတော်က လယ်ယာပညာတတ်များက ဦးဆောင်ပညာပေးရပါမယ်။
– Clan လို့ခေါ်တဲ့ ရပ်ရွာအကြီးကဲများ အလွန်အရေးကြီးပါတယ်။ ပညာနည်းပါးတဲ့ တောင်သူလယ်သမားများအပေါ် သူတို့ရဲ့ သြဇာလွမ်းမိုးမှု ကြီးမားလှပါတယ်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများမှာ လူမျိုးစုခေါင်းဆောင်က ဒါစိုက်၊ ဒီလိုစိုက်၊ ဒီမြေသြဇာသုံး၊ ဘယ်သူ့ဆီရောင်း .. စသဖြင့် တချက်ပြောလိုက်ရင်၊ ရွာသားများက လိုက်နာလေ့ရှိပါတယ်။ ဒါကြောင့် ရွာသူကြီး၊ လူကြီးများကို ပညာပေးရေးက အလွန်အရေးကြီးပါတယ်။ ဒေသအလိုက်ဖြစ်စေ၊ လူမျိုးစုအလိုက်ဖြစ်စေ .. ရွာသူကြီးလို သြဇာရှိသူများ၊ စုပေါင်းပြီး ညီညွတ်စွာ လယ်ယာလုပ်ငန်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းများ ရှိရပါမယ်။ ဒါမှ အပြင်က စီးပွားရေးသမားများရဲ့ အမြက်ထုတ်၊ အခွင့်အရေးသမားများရဲ့ အကြံဥာဏ်များကို တွန်းလှန်နိုင်မယ်ဖြစ်ပါတယ်။
မြန်မာ့သီးနှံထုတ်ကုန်များ
FAO export အချက်အလက်များအရ မြန်မာပြည်။ ပဲအမျိုးမျိုး (မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ဆိုယာပဲ)၊ မြေပဲ၊ နှမ်း နေကြာ၊ ဌက်ပျောချောက်(plantain)၊ ပလောပီနံ(Cassava)၊ နေကြာ၊ ၀ါဂွမ်း၊ ကွမ်းသီး (Areca nut)၊ သကြား၊ ရာဘာ၊ ၀ါဂွမ်း စသည်တို့ဖြစ်သည်။
ထူးဆန်းတာသည်မှာ ထိုင်းနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးအသီးအနှံများ မြန်မာ၊ ဗီယက်နမ်တို့လို ထွက်တယ်။ export အများဆုံး ထွက်ကုန်မှာ ရာဘာဖြစ်ပါတယ်။ usd 3b ကျော် export လုပ်တယ်။ ဗီယက်နမ် usd 1b Export လုပ်နိုင်ပါသည်။ မြန်မာပြည်တွင် လယ်ယာတွေသိမ်းပြီး သူဌေးများ ယခုမှစိုက်နေကြတယ်။ မွန်၊တနင်္သာရီရှိ ရာဘာစိမ်းများမှာ ထိုင်းနိုင်ငံထွက်ကုန်ဇြစ်သွားလေသည်။ ဗီယက်နမ်တွင် မြေလွတ်များစွာကို ၊ ရာဘာ အများကြီးစိုက်ထားကြသည်။ နှစ်၃၀လောက် ခံသောအပင်ဖြစ်သည်။ ထိုင်းနိုင်ငံမှာ ရာဘာစိမ်း မထုတ်တော့ပါ။ ရာဘာကုန်ချောများသာ ပြည်ပပို့ကုန် ဖြစ်ပါတယ်။ ထို့အပြင် စိုက်ပျိုးရေးအသီးအနှံများစွာကို Prepared Food အနေဖြင့် ပြုပြင်၊ စားဖို့အသင့် ဗူး၊အထုတ်များအဖြစ် ပြည်ပထုတ်လုပ်ရောင်းချပါသည်။ လယ်ယာထွက်ကုန်သာမက သားငါးများလည်း Prepared Meat အဖြစ် အိတ်စပို့လုပ်ပါသည်။ ထိုင်းနိုင်ငံ လယ်ယာလုပ်ငန်းမှာ ၁၂% of GDP ဖြစ်သော်လည်း Process Industry အရမ်းဖွံ့ဖြိုးသောကြောင့် ကုန်ချောများစွာ ပြည်ပပို့၊ အမြက်အရမ်းထွက်ပါသည်။ မြန်မာပြည်တွင် ကုန်ချောစက်ရုံများကို မကြာခင် ထိုင်းစက်ရုံများစွာ ရောက်ရှိလာပြီးလျှင် မြန်မာ Process Industryတိုးတက်လာလျှင်၊ မြန်မာနိုင်ငံသားများစွာ အလုပ်ရမည်။ တောင်သူများ အလုပ်ရမည်။ ဆင်းရဲခြင်းလဲ နည်းပါးသွားပါမည်။
ဗီယက်နမ် Cashew nuts, ရာဘာ၊ ပလောပီနံ၊ မြေပဲ၊ ဘယ်ရီသီး၊ ထောပတ်သီး၊ သရက်သီး၊ မာလကာသီး၊ နာနတ်သီး၊ ကော်ဖီ၊ လဘက်ခြောက်၊ သရက်-မာလကာ၊ ငြုတ်စသဖြင့် သီးနှံ မြောက်များစွာ ထွက်ပါသည်။ ဗီယက်နမ်ပြုပြင်ပြောင်းလဲရေး ၁၅နှစ်အတွင်း အသီးအနှံထွက်ကုန်များမှာ ကန်ဒေါ်လာဘီလျှံပေါင်းများစွာ အံ့သြဘွယ် ၀င်ငွေရပါတယ်။ အထူးသဖြင့် အမျိုးသမီးများစွာ ပြည်တွင်းတွင် အလုပ်အကိုင် အလွန်ပေါများသွားပါသည်။ ဗီယက်နန် တောင်သူအမျိုးသမီးငယ်များအဖို့ တရုပ်ပြည်တွင် သွားရောက် အလုပ်လုပ်ခြင်း၊ ကျွန်ခံ၊ ဇနီးသည်အဖြစ်ရောင်းစားခံရခြင်းများမှ လွတ်မြောက်ခဲ့ပါသည်။
မြန်မာပြည်လည်း တရုပ်၊ ယူနန်ပြည်နယ် စီးပွားရေးသမားများ ကြီးစိုးမှုမှ အမြန်ဆုံးလွတ်မြောက်လိုလျှင်
၁။ ဗီယက်နမ် လယ်ယာလုပ်ငန်းများကို အစိုးရက အားပေး၊ပံ့ပိုးနေခြင်းကို ကော်ပီ (အတုယူ) သင့်ပါသည်။
၂။ အထူးသဖြင့် ထိုင်းနိုင်ငံ လယ်ယာ၊စက်မှုလုပ်ငန်းများ Process Industry များ မြန်မာပြည်အတွက် ကော်ပီ (အတုခိုး) သင့်ပါသည်။
ထပ်မံရေးလိုသည်မှာ ..မြန်မာများ.. မြန်မာ့နည်းမြန်မာ့ဟန် ..တစ်ကစပြီးမလုပ်တော့ရန် သတိပြုရပါမည်။
မြန်မာနိုင်ငံရေမြေအလွန်ကောင်းခြင်း
နာဂစ်ဆားငံရေ၀င်တဲ့ဒေသများ ပြန်လည်စိုက်ပျိုးအောင်မြင်နေခြင်း၊ ငါးမွေးမြူရေး ပြည်ပပို့မှု မကိုက်သောကြောင့်ရပ်နားလိုက်ရသော ၂၀၁၁၊ ၂၀၁၂ ခေတ်များတွင် ငါးကန်များမှ ငါးများ၊ အစာကြွေးရန်မလိုပဲ ကြီးထွားလာပြီး၊ ဖမ်းယူရောင်းချနိုင်ခြင်း၊ မြန်မာပြည်တ၀ှမ်း လယ်ယာများမှထွက်သော သီနှံများ အရည်အသွေးကောင်းမွန်ခြင်း…စသည့် မြန်မာပြည်အရင်းခံ ရေမြေအနေထား အလွန်ကောင်းခြင်းကို ရထားပါသည်။ အစိုးရပဲ ကောင်းဖို့လိုပါသည်။ ပြည်ပပို့ကုန်များ ၂၀၁၀ မှာ ပဲအမျိုးမျိုး၊ နှမ်း၊ ဆန်၊ ကုလားပဲ၊ အသီးခြောက်များ အဓိကဖြစ်ပြီး၊ ပြောင်း၊ ငြုတ်၊ ကြက်သွန်၊ ၀ါဂွမ်း၊ သကြား၊ ဆိုယာပဲ၊ တို့ ဒေါ်လာ ၃သန်းကျော်ဖိုးစီ တင်ပို့နိုင်ခဲ့ပါတယ်။ သဘာဝရာဘာ၊ သဘာဝပျားရည်၊ ကြက်သွန်ဖြူ၊ ဟင်းရွက်ခြောက်၊ နှမ်းပစ်၊ အမဲခြောက်၊ လဘက် စသည်တို့အနည်းငယ် (ဒေါ်လာတစ်သန်းခန့်) တင်ပို့ရောင်းချခဲ့ပါသည်။ ၂၀၁၂ မှာ သန်းပေါင်း၅ထောင်ဖိုးလောက် (အချက်အလက်များ မှန်းခြေ) တရှိန်ထိုးရောင်းချခဲ့သည်ဟု ဆိုသည်။
မြန်မာပြည်တွင် ဆန်းကုန်သည်အသင်း၊ ပဲကုန်သည်အသင်းများ အောင်မြင်စွာလုပ်ကိုင်နေကြပါသည်။ အခြားအသင်းများ ဥပမာ အထည်ချုပ်အသင်း၊ ကွန်ပြူတာအသင်း စသည်တို့လည်း ရှိပါသည်။ အစိုးရမလုပ်နိုင်သောအဖွဲ့ များစွာပေါ်ရပါမည်။ အစိုးရသြဇာကင်းပြီး၊ အစိုးရကသာ ထိုအသင်းများလိုအပ်ချက်များကို ပံ့ပိုးရပါသည်။

U Zaw Aung
This is the good article for the people of Myanmar. Copying the products are the short cut to develop the economy of the country. For example, in early days the countries like Taiwan, Japan, Hongkong were copying the products from other developed countries as a stepping stone and made huge benefits from them. After then they control the quality of their products to meet the international standards to maintain their market shares in the international market places. Now adays most of the countries would prefer to buy the products which are compliance with the International Standards i.e. ISO 9001 or somethings alike. I hope and request you to write in your future articles regarding those ISO standards and important of them to develop our country.