လူများ၊ ရုပ်ပုံလွှာများ သန်းဝင်းလှိုင်

သမိုင်းတကွေ့မှ ဗိုလ်မြင့်ဆွေ (ရဲဘော်သုံးကျိပ်)

သန်းဝင်းလှိုင်
ဧပြီ ၁၉၊ ၂၀၁၃
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်ဆွေကို ၁၉၁၁ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် ပြည်ခရိုင်၊ သဲကုန်းမြို့နယ် သရက်တပင်ကျေးရွာ၌ အဖ ဦးဖိုးမောင်၊ အမိ ဒေါ်ငွေပင်တို့မှ ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ ကိုထွန်းခင်ဖြစ်သည်။ တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ခဲ့ပြီးနောက် သခင်ထွန်းခင်ဖြစ်လာသည်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်မြင့်ဆွေဖြစ်လာသည်။

ငယ်စဉ်က ရွှေတောင်အမျိုးသားကျောင်း၌ စတင်ပညာသင်ကြားခဲ့ပြီး၊ ယင်းကျောင်းမှ စတုတ္ထတန်း အောင်မြင်ခဲ့သည်။ ထို့နောက် မင်းဘူးမြို့ အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြား၍ သတ္တမတန်း အောင်မြင်ခဲ့သည်။ ၁၉၂၇ ခုနှစ် သီဟိုဠ် (ယခုသီရိလင်္ကာ) နိုင်ငံ ကိုလံဘိုမြို့ရှိ ဂျက်ဖနာဟိန္ဒူကောလိပ် (Jaffna Hindu College) တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး ဂျူနီယာကင်းဘရစ် (Junior Cambridge) တန်း အောင်မြင်ခဲ့သည်။

တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၍ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ရေနံချောင်းမြို့၌ ကျင်းပသည့် တို့ဗမာအစည်းအရုံး၏ ပထမဆုံးအကြိမ် ညီလာခံတွင် ပြည်ခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ထိုညီလာခံမှနေ၍ သခင်ထွန်းခင်အား တို့ဗမာအစည်းအရုံးဌာနချုပ် အလုပ်အမှုဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ၁၉၃၆ ခု မြင်းခြံမြို့တွင် ကျင်းပသည့် တို့ဗမာအစည်းအရုံး၏ ဒုတိယအကြိမ်မြောက်  ညီလာခံတွင် ဌာနချုပ်၏ ဘဏ္ဍာရေးမှူးအဖြစ် ရွေးချယ်ခြင်း ခံရသည်။ ၁၉၃၈ ခုနှစ် တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသောအခါ သခင်ထွန်းအုပ်၊ သခင်ဗစိန်တို့ ဦးဆောင်သော တို့ဗမာအစည်းအရုံးတွင် ပါဝင်ခဲ့သည်။

ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် စေလွှတ်သည့် မြန်မာမျိုးချစ်လူငယ် စတုတ္ထအသုတ်နှင့်အတူ ၁၉၄၁ ခုနှစ် ဇူလိုင်တစ်ရက်တွင် ကိုရိယုမာရူးသင်္ဘောဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး ၁၉၄၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ရှန်ဟိုင်းသို့ ရောက်ရှိခဲ့သည်။ ၁၉၄၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ရှန်ဟိုင်းမှ လေယာဉ်ပျံဖြင့် ဂျပန်နိုင်ငံ ကျူရှူကျွန်း နဂါစကီမြို့အနီးရှိ ရေတပ်စခန်းသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ၁၉၄၁ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် တိုကျိုမှ ဟိုင်နန်ကျွန်းသို့ လေယာဉ်ပျံဖြင့် သွားရောက်ကာ ၁၉၄၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ဟိုင်နန်ကျွန်းသို့ ရောက်ရှိခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာများ သင်ကြားခဲ့သည်။ ဂျပန်စစ်ပညာသင်တန်း တက်ရောက်စဉ် ဂျပန်အညမ်မှာ နာကာမူရာဟီတိုရှိ (Nakamura Hitoshi) ဖြစ်သည်။ ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်မြင့်ဆွေဖြစ်လာခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မြန်မာနိုင်ငံအတွင်း မချီတက်မီ ပြည်တွင်းသူပုန်အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံအတွင်း ၀င်ရောက်ခဲ့ရာ၊ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် ပြည်သူ့အရေး တော်ပုံပါတီဝင်များနှင့် တွေ့ဆုံပြီး ဂျပန်တပ်များအကြောင်းနှင့် မှာကြားလိုက်သော ကိစ္စများကို သတင်းပို့ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့၊ ဖျာပုံမြို့၊ ဘိုကလေးမြို့နှင့် ကျိုက်လတ်မြို့တို့တွင် စစ်ပညာသင်တန်းပေးခြင်း၊ စစ်လက်နက်ငယ်သင်တန်းပေးခြင်းများကို ဆောင်ရွက်သည်။

ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင်အေတပ်မတော် ဖျက်သိမ်း၍ ဘီဒီအေ ခေါ် ဗမာ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းသောအခါ ဗိုလ်ကြီးရာထူးဖြင့် ရန်ကုန်စစ်ရုံးတွင် တာဝန်ထမ်းဆောင်သည်။ ထို့နောက် ပျဉ်းမနားစစ်ရုံးချုပ် တပ်ရင်း (၄)၊ ပဲခူးစံပြတပ်ရင်း၊ စစ်ဝန်ကြီးရုံးနှင့် လေ့ကျင့်ရေးဌာနချုပ်ရုံးတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် တိုင်းအမှတ် (၄) (ပဲခူး၊ ရွှေကျင်၊ သထုံ) တွင် ဒုတိယစစ်ခေါင်းဆောင်အဖြစ် ဖက်ဆစ်ဂျပန်များကို တော်လှန်တိုက်ခိုက်ခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီတွင် ဗမာ့တပ်မတော်မှ နှုတ်ထွက်ခဲ့သည်။

ထို့နောက် ဖဆပလအဖွဲ့ချုပ်တွင် ပါဝင်၍ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ ၁၉၅၈ ခုနှစ် ဖဆပလ နှစ်ခြမ်းကွဲသောအခါ သန့်ရှင်းဖဆပလ အဖွဲ့တွင် ပါဝင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် တတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလ အမတ်ဟောင်းအဖြစ် ပခုက္ကူအရှေ့ပိုင်း မဲဆန္ဒနယ်မြေမှ ၀င်ရောက်အရွေးခံရာ လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ၁၉၆၀ မှ ၁၉၆၂ အထိ ပါလီမန်အတွင်းဝန် အဖြစ် ဆောင်ရွက်သည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်ဆွေသည် ၁၉၄၃ ခုနှစ်တွင် ရွှေတောင်မြို့နေ ဦးဘိုးဆင်၊ ဒေါ်နှင်းဝေတို့၏ သမီးကြီး ဒေါ်ကြည်ကြည်ဝင်း နှင့် ထိမ်းမြားလက်ထပ်ရာ သားမောင်သိန်းဝင်း၊ ကိုကိုအောင်၊ မောင်ရဲမြင့်ဆွေ၊ ယခု ဘုန်းကြီးဝတ်နေသော ဦးနာရဒ၊ သမီးခင်မြတ်သူဆွေ နှင့် သားထွေး မျိုးမြင့်ဆွေတို့ ထွန်းကားခဲ့သည်။

ဗိုလ်မြင့်ဆွေသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ရဲဘော်သုံးကျိပ်၏ အခန်းကဏ္ဍကို ဖော်ပြထားသည့် ‘ရဲဘော်သုံးကျိပ် ကိုယ်တွေ့မှတ်တမ်း’ စာအုပ်ကို ရေးသားခဲ့သည်။

၁၉၅၉ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု နောက်ဆုံးကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်မှုကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမအဆင့်) တံဆိပ် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

၁၉၇၃ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၌ နှလုံးသွေးကြောပိတ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ကြည်ကြည်ဝင်းနှင့် သားသမီးများဖြစ်ကြသော ဦးသိန်းဝင်း + ဒေါ်ကြင်ကြင်၊ ဦးကိုကိုအောင်၊ ဦးရဲမြင့်ဆွေ + ဒေါ်မို့မို့၊ ဘုန်းကြီး ဦးနာရဒ၊ ဒေါ်ခင်မြတ်သူဆွေ + ဦးစိုးပိုင်ဝင်း၊ ဦးမျိုးမြင့်ဆွေ တို့ ကျန်ရစ်ခဲ့သည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို လှိုင်သာယာမြို့နယ် ထိန်ပင်သုဿာန်၌ ဂူသွင်းသင်္ဂြိုဟ်ထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts