သတင်းဆောင်းပါး နိုင်ငံတကာရေးရာ

အမေရိကန်ပြည်အတွက် ကံဆိုးမိုးမှောင်ကျတဲ့ ဧပြီလ အဖြစ်အပျက်များ

အမေရိကန်ပြည်အတွက် ကံဆိုးမိုးမှောင်ကျတဲ့ ဧပြီလ အဖြစ်အပျက်များ

နိုင်ငံတကာသာဂိ၊ ဧပြီ ၁၈၊ ၂၀၁၃

ဧပြီလ ၁၅ ရက်နေ့ ဘော်စတွန်မြို့၊ Patriot နေ့အထိမ်းအမှတ် မာရသွန်ပြေးပွဲမှာ အကြမ်းဖက်သူတွေက ဗုံးထောင်လို့ လူ ၃ ဦး သေပြီး လူ ၁၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ လူ ၁၂ ဦး ခန့်ဟာ ဒဏ်ရာပြင်းထန်ပါတယ်။ လူအချို့ဟာ သူတို့ ခြေတွေ လက်တွေ ဖြတ်ပစ်ရတဲ့အထိ ထိခိုက်ခဲ့ကြပါတယ်။ အကြမ်းဖက်သမားက ဟင်းချက်တဲ့ ပေါင်းအိုးထဲမှာ သံတွေ၊ ဘောစိတွေ၊ ယမ်းတွေထည့်ပြီး လက်လုပ်ဗုံးနဲ့ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲသည်အမှုကို ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့်အထိ အင်အားကုန်၊ အာဏာကုန်သုံးပြီး ဖော်ထုတ် စုံစမ်းလျက်ရှိပါတယ်။

အဲသည်အဖြစ်အပျက်ပြီး ဧပြီလ ၁၇ မှာ အထက်လွှတ်တော်မှာ လက်နက်ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို အမတ်တွေက ၅၄ မဲ ၄၆ မဲနဲ့ ပယ်ချလိုက်ပါတယ်။ အမေရိကန်ပြည်တွင်းမှာ ရာဇ၀တ်မှုနောက်ကြောင်း စိစစ်ခြင်း မရှိဘဲ လက်နက်တွေ ကိုင်ဆောင်ခွင့် ၀ယ်ယူခွင့်တွေ ပေးထားတာတွေကို ကန့်သတ်ဖို့၊ လက်နက်ကိုင် အကြမ်းဖက်နေတာတွေကို ကာကွယ်ဖို့ သမ္မတ အိုဘားမားနဲ့ လက်နက်ကိုင်ဆောင်ခွင့် ထိန်းသိမ်း ကန့်သတ်လိုသူများအတွက် အရေးနိမ့်သွားတြာ ဖစ်ပြီး၊ လက်နက်ကိုင်ဆောင်ခွင့်ကို ကာကွယ်နေတဲ့ အုပ်စုတွေ အင်အားတွေအတွက် အောင်မြင်မှုဖြစ်ပါတယ်။ အိုဘားမားကတော့ သူတို့ဝါရှင်တန်မြို့တော်ဟာ ပြည်သူတွေကို အရှက်ခွဲလိုက်တဲ့ အဖြစ်ပဲလို့ တုန့်ပြန်လိုက်ပါတယ်။ အမေရိကန် ၉၀ % က လက်နက်ကိုင်ဆောင်ခွင့်ကို ကန့်သတ်ခြင်းကို ထောက်ခံသော်လည်း အမေရိကန် နိုင်ငံရေးသမားအချို့နဲ့ လက်နက်ကုမ္မဏီတွေက ဆန့်ကျင်နေပါတယ်။

အဲသည်အချိန်တပြိုင်နက်တည်းမှာပဲ အမေရိကန်သမ္မတ အိုဘားမားနဲ့ အထက်လွှတ်တော်အမတ်အချို့ထံကို ရိုင်စင်အဆိပ်သုတ်လိမ်းထားတဲ့ စာအိပ်တွေ ပေးပို့ပြီး လုပ်ကြံဖို့ ကြိုးစားတာကိုလည်း ဖော်ထုတ်တားဆီးနိုင်ခဲ့ပါတယ်။ အဲသည်လို သမ္မတနဲ့ လွှတ်တော်အမတ်တွေကို စာတိုက်ကနေ စာအိတ်ကတဆင့် အဆိပ်ခပ်ဖို့ ကြိုးစားတဲ့ အမေရိကန်သားကို မစ္စစပီပြည်နယ်ကနေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။


ဧပြီလ ၁၇ ရက် ညနေခင်းမှာတော့ တက္ကဆက်ပြည်နယ်၊ ၀က်ကိုမြို့၊ ဓာတ်မြေသြဇာစက်ရုံ မီးလောင်ပေါက်ကွဲပြီး လူ ၇၀ ကျော် သေဆုံးပြီး လူ ၂၀၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။ ဓာတ်မြေသြဇာတွေ မီးစွဲလောင်နေတာကို ရေဖြန်းလိုက်တာမှာ ဓာတ်ပြု ပေါက်ကွဲရာမှာ ပြင်းထန်လွန်းတဲ့အတွက် ပတ်ဝန်းကျင်က လူနေအိမ်တွေပါ ထိခိုက် ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

အဲသည်အဖြစ်တွေ မတိုင်ခင် ဧပြီ ၁၁ ရက်နေ့က တက္ကဆက်ပြည်နယ်၊ ဟူစတွန်မြို့၊ ဒေသကောလိပ်မှာ စိတ်ဖောက်ပြန်သူ ကျောင်းသားတဦးက ဓားနဲ့ လိုက်တိုက်ခိုက်လို့ လူ ၁၄ ဦးကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။ စိတ်ရူးပေါက်သူကို အများပြည်သူတွေက ၀ိုင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။

အာရှမှာက ဧပြီလကို နှစ်သစ်ကူးလ၊ ကောက်သစ်ပေါ်တဲ့လအဖြစ် ပျော်ပွဲဆင်နွှဲကြပေမယ့် အနောက်နိုင်ငံတွေထဲက အမေရိကန်မှာကတော့ အရူးတွေရဲ့ အကြမ်းဖက်တဲ့လ၊ သွေးစွန်းတဲ့လအဖြစ် သတ်မှတ်ကြပါတယ်။

 ပြန်ကြည့်ရင် ဧပြီ၃၊ ၁၉၉၆ ခုနှစ်မှာ မွန်တာနားအရပ်၊ ဟင်လဲနာမြို့မှာ အမေရိကန်တဦးက လူတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူ ၃ ဦး သေ၊ ၂၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဧပြီ ၁၉ ၊ ၁၉ ၉ ၅ မှာ ဥက္ကလာဟိုးမားမြို့အစိုးရအဆောက်အအုံကို ဗုံးထာင်ပြီး အမေရိကန်တဦးက တိုက်ခိုက်ခဲ့ပြန်ပါတယ်။ လူ ၁၆၈ ဦး သေခဲ့ပါတယ်။

၁၉ ၉ ၃၊ ဧပြီ ၁၉  မှာပဲ အခုမီးလောင်နေတဲ့ ဓာတ်မြေသြဇာစက်ရုံရှိရာ ၀က်ကိုမြို့မှာ အစိုးရဆန့်ကျင်တဲ့ လက်နက်ကိုင်အမေရိကန်အုပ်စုကို နှိမ်နင်းခဲ့ရာမှာ လူ ၇၆ ဦး သေဆုံးပါတယ်။ ကလေးငယ် ၂၀ လည်း ပျက်စီးတဲ့အထိမှာ ပါဝင်ပါတယ်။

သမိုင်းတလျောက်မှာ ဧပြီလဆိုတာ တော်လှန်တဲ့လ ဖြစ်ပါတယ်။ အမေရိကန်တော်လှန်ရေး စတင်တဲ့ လက်စင်တန်နဲ့ ကွန်ကော့ တိုက်ပွဲတွေဟာ ဧပြီ ၁၉ ၊ ၁၇၇၅ မှာ ဖြစ်ပွားခဲ့တာပါ။ ဒီလိုပဲ အကြမ်းဖက်သမားတွေ၊ အာဏာရှင်တွေ၊ အစွမ်းရောက်တွေကလည်း လုပ်ကြံမှုတွေ အကြမ်းဖက်မှုတွေကို ဧပြီမှာပဲ ကျုးလွန်လေ့ရှိပါတယ်။ နံမယ်ဆိုးနဲ့ ကြော်ကြားတဲ့ ၁၉ ၄၃၊ ဧပြီ ၁၉ ၊ ၀ါဆောကျုးကျော်ရပ်ကွက် အရေးအခင်းမှာ ဂျာမာန်တွေက ဂျုးလူမျိုး ၁ သောင်းကျော်ကို သတ်ဖြတ်ချေမှုန်းခဲ့ကြပါတယ်။ ဂျုးလူမျိုးတွေက အသေခံပြီး ခုခံခဲ့ကြပါတယ်။

ပြီးတော့ ဧပြီ ၂၀၊ ၁၈၈၉  ဆိုတာ ဖက်ဆစ် နာဇီ ခေါင်းဆောင်ကြီး ဟစ်တလာ မွေးနေ့လည်း ဖြစ်ပါတယ်။

အဲသည် ဧပြီ ၂၀၊ ၁၉ ၉ ၉ ၊ ဂျက်ဖာဆန်မြို့နယ်၊ ကိုလိုရာဒိုပြည်နယ်က ကိုလန်ဘိုင်း အထက်တန်းကျောင်းမှာ စိတ္တဇကျောင်းသား ၂ ဦးက သေနတ်နဲ့ ပစ်လို့ ကျောင်းသား ၁၂ ဦးနဲ့ ဆရာတဦး သေဆုံး၊ အခြား ၂၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

၂၀၀၇၊ ဧပြီ ၁၆ ၊ ဗာဂျီးနီးယားတက်ခ် ကောလိပ်ကျောင်းမှာ လူ ၃၂ ဦး သေ၊ ၁၇ ဦး ဒဏ်ရာရအောင် အမေရိကန် သေနတ်သမားတဦးက ရမ်းကား လုပ်ကြံခဲ့ပါတယ်။ 

ဧပြီ ၅၊ ၂၀၁၀ မှာ အနောက် ဗာဂျီးနီးယားပြည်နယ်၊ ကျောက်မီးသွေးတွင်း ပေါက်ကွဲပြီး လူ ၂၉  ဦး သေဆုံးခဲ့ရပါတယ်။

၁၉၈၆ ဧပြီမှာ ရုရှားက ချာနိုဘိုင်းနယူကလီးယားစက်ရုံ ပေါက်ကွဲခဲ့ပါတယ်။

အမေရိကန်တွေနဲ့ အနောက်အုပ်စုအတွက် ဧပြီလဆိုတာ အစွန်းရောက် အကြမ်းဖက် စိတ္တဇသမားတွေရဲ့ လုပ်ကြံမှုတွေ ကျူးလွန်တဲ့လဖြစ်တယ်လို့ ဆိုရမယ် ဖြစ်ပါတယ်။ အဲသည် ဧပြီလမှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ ငြိမ်းချမ်းရေးသမားတွေက လက်နက်ကိုင်ဆောင်ခွင့်ကို ထိန်းသိမ်းတဲ့ ဥပဒေတခု ပြဌာန်းဖို့ ကြိုးစားတာကတော့ အချိန်ရွေးတာ မှားတယ်လို့ ပြောရင် ကောင်းလေမလားပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts