ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ရွှေပြည်နန်း၏ ဆယ်သန်းအလှူ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၁၀၊ ၂၀၁၃

ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် ငယ်စဉ်အခါကတည်းက မိဘ၊ ဘိုးဘွားတို့၏ သွန်သင်ဆုံးမမှုအောက်တွင် ကြီးပြင်းခဲ့ကြသလို မိမိကိုယ်ကို လူဟူ၍ပင် မသိတတ်ခင်အချိန်ကတည်းက အဖေ၊ အမေ၊ အဘိုး၊ အဘွားတို့၏ “ဦးတော် လုပ်လိုက်ပါဦး သားသားရေ … မီးမီးရေ”ဟူ၍ ဘာသာတရား ကိုင်းရှိုင်းတတ်စေရန် သွန်သင်ဆုံးမလာတတ်ကြသည်။ လမ်းလျှောက်တက်သည့်အရွယ်တွင်လည်း မိဘ၊ အဘိုး၊ အဘွားများသည် အခါကြီးရက်ကြီး ဥပုပ်နေ့များတွင် ဓမ္မာရုံများ၊ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ သီတင်းသီလဆောက်တည်ကြရာတွင်လည်း သားသား၊ မီးမီးတို့လက်အားဆွဲ၍ ခေါ်သွား တတ်ကြပြီး ဆရာတော်ကြီးများ၊ ရဟန်းသံဃာများ၏ ရှေ့မှောက်တွင် မိမိတို့နှင့်အတူ သြကာသ အစချီ၍ သရဏဂုံဆောက်တည်ခြင်း၊ သီလယူခြင်း စသည့်အမှုကိစ္စများကို အလေ့အကျင့်ဖြစ်စေရန် ဘာသာတရား အား သက်ဝင်ယုံကြည်လာစေရန် သွန်သင်ခဲ့ကြသည်။ မိမိတို့၏ နေအိမ်သို့ ရဟန်းသံဃာများ၊ သီလရှင် များ ဆွမ်းခံကြွသည့်အခါများတွင် ဆွမ်းလောင်းခြင်းစသည့် ဒါနနှင့်ပတ်သက်သော ကုသိုလ်များကိုလည်း ပြုလုပ်စေခဲ့ကြသည်။ နေအိမ်တွင် ဘုရားရှိခိုးသည့်အခါတွင်လည်း ကွယ်လွန်သွားကြသော ဆွေမျိုးမိဘ၊ အဘိုးအဘွားများအား ရည်စူး၍ပြုခဲ့သမျှသော ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ်တို့အား ဦးထိပ်ပန်ဆင်၍ အမျှပေးဝေတတ်စေရန် အလေ့အကျင့်ကောင်းများကို သွန်သင်လေ့ကျင့်ပေးခဲ့ကြသည်။ ထို့ကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် အလှူအတန်းပြုလုပ်သည့်အခါတွင် ကွယ်လွန်သွားကြ သော မိဘဆွေမျိုးတို့၏ ကျေးဇူးဂုဏ်တို့ကို အောင့်မေ့လျှက် အလှူဒါနပြုလုပ် အမျှပေးဝေလေ့ရှိကြ သည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။

  ၂ဝ၁၃ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးနှင့် အခြား သော လူမှုအကျိုးပြုလုပ်ငန်းများအား ပိုမိုတိုးတက်ဆောင်ရွက်နိုင်စေရန်အတွက် ကွယ်လွန်သူ ဖခင်ကြီး ဦးရွှေပု(ပါဝါအလှကုန်)၏ နှစ် (၁ဝဝ) ပြည့်မွေးနေ့ကိုရည်စူး၍ ရွှေပြည်နန်းကုမ္ပဏီ၏ မိသားစုများမှ နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေကျပ်သိန်း (၁ဝဝ) အား လှူဒါန်းခဲ့လေသည်။ အဆိုပါငွေလှူဒါန်းပွဲ အား တောင်ဥက္ကလာပမြို့နယ်၊ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် ကျင်းပပြုလုပ်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးကျော်သူနှင့် အသင်းသား အချို့တို့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယခုကဲ့သို့ ရွှေပြည်နန်းကုမ္ပဏီ မိသားစုမှ လှူဒါန်းသောအလှူငွေကျပ်သိန်း (၁ဝဝ) တိတိအား နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် အကူအညီ လိုအပ်သောနေရာဒေသများရှိ လူမှုအကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိစွာအသုံးပြု၍ လှူဒါန်း သွားမည်ဖြစ်သည်။
ထို့ကြောင့် အနန္တောအနန္တငါးပါးနှင့်တကွ ဖခင်ကြီး ဦးရွှေပု (ပါဝါအလှကုန်)၏ နှစ် (၁ဝဝ) ပြည့်မွေး နေ့အား ရည်စူး၍ပြုလုပ်ရသော ကုသိုလ်ထူးကြောင့် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးနှင့် လူမှုဒုက္ခများ ခံစားနေရသော ပြည်သူတို့အား ပိုမိုတွင်ကျယ်စွာ ကူညီပေးနိုင်မည် ဖြစ်သဖြင့် ကွယ်လွန်သူဖခင်ကြီး ဦးရွှေပုအနေဖြင့်လည်း သာဓု … သာဓု … သာဓု ခေါ်ဆို၍ ပိုမိုမြင့်မြတ် သောဘုံဘဝမှ သားသမီးများပြုလုပ်သော ဒါနကုသိုလ်အတွက် ကြည်နူးပီတိစိတ်ဖြင့် မုဒိတာပွားနေမည် မှာ ယုံမှားဖွယ်ရာ မရှိပါတော့ချေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts