ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

လဲနေသူ ထူပေးပါ … ထူပေးသူကို အားပေးပါ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၆၊ ၂၀၁၃

ကျွန်တော်တို့ ငယ်စဉ်အခါက မူလတန်းဖတ်စာတွင် “အားငယ်သူ အားပေးပါ၊ လဲနေသူ ထူပေးပါ” ဟူသော စာသားလေးအား မိဘပြည်သူများ မှတ်မိကြဦးမည်ထင်ပါသည်။ ထိုစာသားလေးအား ငယ်စဉ် အခါက ကျောင်းဖတ်စာတစ်ခုအနေဖြင့်သာ အမှတ်တမဲ့ ကျက်မှတ်ခဲ့ဖူးပေမဲ့ ယခုကဲ့သို့ ပရဟိတလုပ်ငန်း များ၊ လူမှုအကျိုးပြုလုပ်ငန်းများအား လုပ်ကိုင်ပေးဆပ်နေသောအခါတွင် ယင်းစာသားကလေးသည် “ပရ ဟိတ” စိတ်ဓါတ်များမွေးဖွားစေရန် တိုက်တွန်းထားသော စာသားလေးဖြစ်သည်ကို ကျွန်တော်သဘော ပေါက်မိသည်။ ယခုအခါ ၄င်း “အားငယ်သူ အားပေးပါ၊ လဲနေသူ ထူပေးပါ” ဟူသော စာသားလေး၏ နောက်တွင် “ထူပေးသူ အားပေးပါ” ဟူသော စာသားလေးတစ်ခုသည် လူမှုအကျိုးပြု အဖွဲ့အစည်းများ ကြား ဆင့်ပွား၍ တိုးတက်လာခဲ့ပြီဖြစ်လေသည်။

 

၅.၄.၂ဝ၁၃ ရက်နေ့တွင် အများပြည်သူတို့အား ကူညီပေးဆပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် အားငယ်သူအား အားပေးရန်၊ လဲနေသူအား ထူပေးရန်ထပ်မံ၍ အကြောင်းဖန်လာခဲ့ပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆို မွေးရာပါ ပိုလီယိုရောဂါ ခံစားနေရသော အောက်ပိုင်းမသန်စွမ်းသည့် မောင် ကျော်သက်ပြည့်စုံအား သူဝါသနာပါလွန်းသော ကွန်ပျူတာပညာရပ်အား ဆက်လက်လေ့လာ သင်ယူ ဆည်းပူးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကွန်ပျူတာတစ်စုံအား ဥက္ကဌ ဦးကျော်သူ ကိုယ် တိုင် ပေးအပ်လှူဒါန်းခဲ့သောကြောင့်ပင်ဖြစ်သည်။ မောင်ကျော်သက်ပြည့်စုံသည် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့၊ အ.ထ.က မှ ၂ဝ၁ဝ/၁၁ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီးနောက် အကြားအာရုံ အားနည်းလာခဲ့သည့်အတွက် တက္ကသိုလ်အား တက်ရောက်လိုသော်လည်း ခန္ဓာကိုယ် အောက်ပိုင်း မသန်စွမ်းခြင်း၊ အကြားအာရုံ အားနည်းခြင်း အစရှိသည့် အားနည်းချက်များကြောင့် တက္က သိုလ်အား ဆက်လက်မတက်ရောက်ဘဲ သူ၏ဝါသနာပါလွန်းသော ကွန်ပျူတာပညာရပ်အား လေ့လာ ဆည်းပူးလိုသည့် စိတ်ဆန္ဒကြောင့် မိတ်ဆွေတစ်ဦး၏အကူအညီဖြင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မသန်စွမ်း သူများအဖွဲ့ချုပ်တွင် ကွန်ပြူတာပညာရပ်များအား (၃) လကြာ လေ့လာသင်ယူပြီးနောက် မိမိနေအိမ်ရှိရာ သနပ်ပင်မြို့သို့ပြန်ပြီး ကွန်ပျူတာဘာသာရပ်များအား ဆက်လက်လေ့လာ သင်ယူနိုင်ရန်အတွက် ကွန်ပြူ တာတစ်စုံ လိုအပ်နေပါသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကူအညီတောင်းခံခဲ့ရာ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ စေတနာသဒ္ဓါထက်သန်စွာဖြင့် လှူဒါန်းပေးခဲ့သည်။

 


မောင်ကျော်သက်ပြည့်စုံ၏ ဖခင်သည် မောင်ကျော်သက်ပြည့်စုံ ကျောင်းတက်သည့် သနပ်ပင် အ.ထ.ကတွင် ရေခဲချောင်းရောင်း၍ မိခင်ဖြစ်သူသည် ကွမ်းယာရောင်း၍ ဝင်ငွေရှာပြီး သားဖြစ်သူ မောင် ကျော်သက်ပြည့်စုံနှင့် ညီမဖြစ်သူတို့ မောင်နှမနှစ်ဦး၏ ပညာရေးအတွက် နှစ်ဦးသားရုန်းကန်ရှာဖွေကာ ကျောင်းထားပေးခဲ့သည်။ “ကျွန်တော့်အနေနဲ့ ကွန်ပျူတာပညာရပ်တွေကို အရမ်းဝါသနာပါတယ်။ အနာ ဂတ်မှာ Web Design ဆွဲတဲ့ Web Designer ကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်ချင်တယ်။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ချင်တယ်။ Softweare ပိုင်းတွေကိုလည်း စိတ်ဝင်စားတဲ့ အတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။ အခုလိုကျွန်တော့်ကို ကွန်ပျူတာလှူဒါန်းပေးတဲ့အတွက် ဘဘ ဦးကျော်သူနှင့် ဒီအသင်းမှာရှိတဲ့ ဌာနပေါင်းစုံက အစ်ကိုအစ်မတွေ၊ အလှူရှင်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။” ဟုပြောကြားခဲ့သည်။ ၄င်း၏မိခင်ဖြစ်သူ ဒေါ်အေးအေးမြမှလည်း “အခုလောလော ဆယ်မှာတော့ ကွန်ပျူတာကိုဘဲ အရမ်းဝါသနာပါနေတော့ တက္ကသိုလ်တက်ဖို့ကို ခဏနားထား လိုက်ရ တယ် ငွေရေးကြေးရေး အခက်အခဲကြောင့်လည်းပါတာပေါ့” ဟုပြောကြားခဲ့ကာ မောင်ကျော်သက်ပြည့်စုံမှ ဆက်လက်၍ “နားသိပ်မကောင်းတော့ တက္ကသိုလ်တက်ဖို့ကို နည်းနည်းလေး အခက်အခဲရှိတယ် ဖြစ်နိုင် ရင်တော့ အကြားအာရုံကို အထောက်အကူပြုတဲ့ နားကြပ်ကလေး တစ်ခုလောက်လည်းလိုချင်ပါတယ် ”ဟု အကူအညီ တောင်းဆိုခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မောင်ကျော်သက်ပြည့်စုံ နေအိမ်တွင် အသုံးပြုရန်အတွက် ဝှီးချဲ (Wheel Chair) တစ်စီးအားလည်း ၂ဝ၁၃ ခုနှစ်၊ မတ်လပိုင်းတွင် လှူဒါန်း ပေးခဲ့ပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့အနေဖြင့် ယခုကဲ့သို့ မသန်သော်လည်း နိုင်ငံတော်၏ အနာဂါတ်၊ မိမိမိသားစု၏ အနာဂါတ်၊ မိမိ၏အနာဂါတ်အတွက် လင်းလက်လာမည့် ကျောက်ရိုင်းတစ်ပွင့် အား သွေး၍အရောင်တင်ပေးရန် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သာမက မြန်မာ နိုင်ငံသား အားလုံးအပေါ်တွင် တာဝန်ရှိသည်ဟုပင် ကျွန်တော်ခံစားမိလေသည်။

 

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ယင်းကဲ့သို့သော အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်၊ အနာဂါတ်၏ ခေါင်းဆောင်များဖြစ်ကြသော ကျောင်းသားလူငယ်များ၏ လိုအပ် ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားလျှက်ရှိပါသည်။ မိဘပြည်သူ အလှူရှင်များအနေဖြင့်လည်း “အားငယ်သူ အားပေးပါ၊ လဲနေသူ ထူပေးပါ” ဟူသော ဆောင်ပုဒ်လေးအတိုင်း အားငယ်သူအား အားပေး နေကြသော … လဲနေသူအား ထူပေးနေကြသော လူမှုရေးပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များ အား ဆက်လက်ရှင်သန် ကူညီပေးဆပ်နိုင်ရန်အတွက် “ထူပေးသူ အားပေးပါ” ဟူသော ဆောင်ပုဒ်နှင့် အညီ ဝန်းရံအားပေး ကူညီပေးနိုင်ကြပါစေကြောင်း နှိုးဆော်လိုက်ရပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts