ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

အစိမ်းရောင်စစ်ဆင်ရေး

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၅၊ ၂၀၁၃


“တပေါင်းတန်ခူး မိုးသားကြူး၊ ကဆုန်နယုန် ဆွေ့ဆွေ့ခုန်” စသည့်ဆိုရိုးစကားအတိုင်း မြန်မာနိုင်ငံ အတွက် အပူပြင်းဆုံးကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ပူပြင်းလှသော နေမင်းကြီး၏ အပူဒါဏ်အပြင် ယခုနှစ်တွင် UV (ခ) ခရမ်းလွန်ရောင်ခြည်သည်လည်း မြန်မာပြည်အတွင်းတွင်  ပမာဏများပြားစွာ အလွန် အမင်း ကျရောက်နေခဲ့လေပြီဖြစ်သည်။ မြန်မာပြည်အရပ်ဒေသ အသီသီးတို့တွင်လည်း ရန်သူမျိုးငါးပါး ဒါဏ်အား အလူးအလဲ ခံစားနေရပြီဖြစ်သည်။

မတ်လဆန်းပိုင်းတွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌနှင့် အသင်းသူ/သား များသည် မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်မြို့များသို့ သွားရောက်၍ လူမှုရေး ဟောပြောပွဲများ၊ နယ်အသီးသီးရှိ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲများပြုလုပ်ရန်အတွက် ဗြဟ္မစိုရ် ခြေလှမ်းများဖြင့် ခရီးသွားခဲ့ကြရာတွင် တစ်ဖက်နိုင်ငံဖြစ်သော ရွှေလီမြို့သို့လည်း ရောက်ရှိခဲ့သည်။ ရွှေလီ မြို့ကြီးတွင် မြန်မာပြည်သူ/သားများ ဖွဲ့စည်းတည်ထောင်ထားသော ရွှေလီမြို့ နာရေးကူညီမှုအသင်း၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းခရီးစဉ်တလျှောက်တွင်ရှိသော ဒေသအသီးသီး တို့တွင် ယခင်ကာလများက စိမ်းစိုအုံ့မှိုင်းနေသော သစ်တောများ၊ တောင်တန်းများ အလွန်နည်းပါးသွား သည်ကို တွေ့မြင်ခဲ့ရသည်။ ရွှေလီမြို့သို့ရောက်ရှိသောအခါ ယခင်ဆယ်နှစ်ခန့်က ရောက်ရှိခဲ့ဖူးသော ခြောက်သွေ့နေသော ပတ်ဝန်းကျင်အနေအထားမျိုး မဟုတ်တော့ဘဲ ရှေးဟောင်းသက်တမ်းရင့် အဖိုးတန် သစ်ပင်ကြီးများအပြင် တန်ဖိုးနည်းသစ်ပင်များနှင့် မြို့လယ်လမ်းတလျှောက်တွင် ပိန္နဲပင်များ၊ သရက်ပင် များ၊ ညောင်ပင်ကြီးများဖြင့် စိမ်းလန်းစိုပြေလျှက် ကြည်နူးဖွယ်ရာ တွေ့မြင်ခဲ့ရသည်။ မြို့ခံ၊ နယ်ခံ၊ ဒေသခံ တို့၏ ပြောကြားချက်အရ ၎င်းသစ်ပင်ပန်းမန်များမှာ “ခင်ဗျားတို့ မြန်မာနိုင်ငံအတွင်းမှ သစ်ပင်များ ဖြစ်ကြောင်း နာဂစ်လေမုန်တိုင်းဒါဏ်ကြောင့်၎င်း၊ ပြည်တွင်းမှ ဖြတ်တောက်ခိုးယူမှုကြောင့်၎င်း၊ မြန်မာပြည် တွင်းရှိ စီမံကိန်းလုပ်ကွက်များမှ သစ်ပင်များဖြစ်ကြောင်း” အံ့သြရင်နင့်ဖွယ်ရာ သိခဲ့ရတော့သည်။ ကျွန်တော်၏ စိတ်တွင်ဖြစ်ပေါ်လာသော ခံစားမှုတစ်ရပ်မှာ မြန်မာနိုင်ငံရှိ တောအုပ်တစ်အုပ်ထဲသို့ စိုက်ထူ ထားသော တရုတ်စာတန်းများ။ လှုပ်ရှားသွားလာနေကြသော တရုတ်လူမျိုးများ၊ ရောင်းဝယ်ဖောက်ကား နေကြသော တရုတ်စီးပွားရေးသမားများ ရောက်ရှိနေသကဲ့သို့ ခံစားမိသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် တော့ သက်ရင့်အဖိုးတန်သစ်ပင် အပိုင်းအပြက်များသည်  အဘယ်ကြောင့် တရုတ်နိုင်ငံတွင် သစ်ရွက်နု များပြန်လည်၍ နုဝေကာအမြစ်များ ပြန်လည်ရှင်သန် နေရပါသနည်းဟု မေးမြန်းကြည့်သော်  “ခင်ဗျားတို့ မြန်မာနိုင်ငံအတွင်းမှာ ဒီလိုအဖိုးတန်တဲ့အပင်တွေ လဲလျောင်းကျိုးပြတ်သွားခဲ့ရင် ခင်ဗျားတို့က ခုတ်ထစ်ပြီး ထင်းလုပ်ပစ်လိုက်တယ်မဟုတ်လား။ အဲဒါမှားယွင်းတာပဲ ကျွန်တော်တို့ဆီမှာက နည်းပညာအသစ်တွေ ရှိတယ်။ ခင်ဗျားတို့ဆီက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရရှိလာတဲ့ ပင်စည် အပိုင်းပြတ်တွေကို ကျုပ်တို့က မြေကြီးထဲ စိုက်ထည့်လိုက်ပြီး အပေါ်ကနေ ဒရစ်ပိုက် (အပင်အားဆေးတစ်မျိုး) ချိတ်ပေးလိုက်တာပဲ (၁ဝ) ရက်လောက်နေရင် ဒီပင်စည်က  ခင်ဗျားတို့သေနေပြီ ထင်နေတဲ့ ဒီသစ်လုံး အပိုင်းအပြတ်ကနေ သစ်ရွက် နုလေးတွေ ထွက်ပေါ်လာတာဘဲ” ဟုပြန်လည်၍ အားရပါးရ ပြောကြားခြင်းကို ခံခဲ့ရလေသည်။

ထို့ကြောင့်ပြီးခဲ့တာတွေလည်း ပြီးခဲ့ပါပြီ၊ ကုန်ခဲ့တာတွေလည်း ကုန်ခဲ့ပါပြီ၊ ဆုံးရှုံးခဲ့တာတွေလည်း ဆုံးရှုံးခဲ့ပါပြီ၊ နစ်နာခဲ့တာတွေလည်း နစ်နာခဲ့ပါပြီ ပြန်လည်၍ တောင့်တနေလို့မရတော့ချေ။ နောင်တွင် ထိုကဲ့သို့သော နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ကျွန်တော်တို့ နိုင်ငံ၏ နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအပြင် ကျွန်တော်တို့ ပြည်သူအားလုံးအပေါ်တွင် တာဝန်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကျွန် တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် မန္တလေးမြို့ရှိ “လောကပါလ” လူမှုကူညီရေးအသင်းမှ ဦးသန်းနိုင်၊ ဦးမြင့်သိန်း၊ ဦးမောင်အေး၊ ဦးကျော်ကျော်၊ ဦးခင်မောင်တင့် စသည့် လူမှုရေးသမား ရဲဘော်များ နှင့် တွေ့ဆုံတိုင်ပင် ညှိနှိုင်းကာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်၍ ရေဂါလံ (၃၆ဝဝ)ဆံ့ ရေသယ်ယာဉ် မော်တော်ကားအား ဝယ်ယူပြင်ဆင်မှုတို့ကို လုပ်ဆောင်ခဲ့ကာ ယခင်နှစ်များ တွင် မြန်မာနိုင်ငံအဝှမ်း နွေရာသီကာလ၍ ရင်ဆိုင်ခဲ့ရသော ရေရှားပါးမှု၊ သောက်သုံးရေ လုံလောက်စွာ မရရှိမှု အစရှိသည့် ပြဿနာများအား ဖြေရှင်းပေးနိုင်ရန်အတွက် အသင်း၏ အတွင်းရေးမှူးဖြစ်သူ ဒေါ်မြင့် မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် မှလည်း အကြံပြုထားသည်နှင့်အညီ ယခုကဲ့သို့ သဘာဝပတ်ဝန်းကျင် စိမ်း လန်းစိုပြေရေးနှင့် ရေရှားပါးမှုပြဿနာအား တပိုင်တနိုင် ထမ်းရွတ်ပေးဆပ်နိုင်ရန်အတွက် ထိုရေသယ် မော်တော်ယာဉ်အား ဝယ်ယူခဲ့ရာ (၃.၄.၂ဝ၁၃) နေ့တွင် လောကပါလ လူမှုကူညီရေးအသင်းမှ ဦးသန်းနိုင် ဦးစီး၍ မန္တလေးမှ ရန်ကုန်သို့ သယ်ယူမောင်းနှင်ကာ အပ်နှံခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင် မော်တော် ယာဉ်အား ရေဖြည့်ခြင်း၊ ရေစုတ်စက်များအား စမ်းသပ်ခြင်း၊ ရေသယ်ယာဉ်အား စမ်းသပ်မောင်းနှင်ခြင်းနှင့် သစ်ပင်ပန်းပင်တို့အား ရေဖျန်းခြင်းလုပ်ငန်းများအား စမ်းသပ်လုပ်ဆောင်ခဲ့သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ပတ်ဝန်းကျင် စိမ်လန်းစိုပြေရေ၊ ရေရှားပါး ဒေသများသို့ ယင်းမော်တော်ယာဉ်ဖြင့် သွားရောက်ကာ ကူညီမှုများအပြင် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ် လာခဲ့ပါကလည်း မီးသတ်တပ်ဖွဲ့များအား ရေပံ့ပိုးကူညီမှုများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ထိုသို့သော ပံ့ပိုး ကူညီမှုများအပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက်  ကျွန်တော်တို့ အသင်းအဖွဲ့အနေဖြင့် မိမိတို့ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်များမှလည်း ဝိုင်းဝန်းကူညီလုပ်ဆောင်မှုများကို နိုင်ငံကိုချစ်သောစိတ်၊ မြို့နယ်ကိုချစ်သောစိတ်၊ ရပ်ကွက်ကိုချစ်သောစိတ်၊ မိသားစုကိုချစ်သောစိတ်၊ မိမိကို မိမိချစ်သောစိတ် များဖြင့် လုပ်ဆောင်ကြပါမှ ကျွန်တော်တို့ ဘိုးဘွားလက်ထက်က တောတောင်ရေမြေများ စိမ်းလန်းသာ ယာကာ ကျေးငှက်တိရိစ္ဆာန်များ၏ တွန်ကျူးသော သာယာနာပျော်ဖွယ် နိုင်ငံအားပြန်လည် ရောက်ရှိမည် ဖြစ်ပေသည်။

ထိုကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ရေရှားပါးမှုပြဿနာ၊ မီးလောင် ကျွမ်းမှုပြဿနာ၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ပြဿနာများအား အတက်နိုင်ဆုံး ဖြေရှင်းပေးမှု များ ပြုလုပ်ပေးနိုင်ရန်အတွက် “အစိမ်းရောင်စစ်ဆင်ရေး” တစ်ရပ်အား စတင်တော့မည် ဖြစ်ပါကြောင်းနှင့် ကျွန်တော်တို့နှင့် လက်တွဲကူညီပံ့ပိုးမှုများ ပြုလုပ်ပေးကြပါရန် လေးစားစွာဖြင့် အများပြည်သူအလှူရှင် များနှင့် မြန်မာပြည်တွင်းရှိ လူမှုရေး ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေးသမားမျာအား အသိပေးနှိုးဆော် လိုက်ရပါတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts