ရသဆောင်းပါးစုံ အခန်းဆက်များ မောင်လူရေး

စီမံကိန်း (သို့မဟုတ်) အကြမ်းဖက်တိုက်ခိုက်မှု

မောင်လူရေး
ဧပြီ ၃၊ ၂၀၁၃
(လက်ပံတောင်းကို ဖတ်ရှုခြင်း အပိုင်း ၆)
မေတ္တာဟာ သိပ်အရေးကြီးပါတယ်။ အားလုံးကောင်းချီးဖို့၊ ပေါင်းစည်းဖို့ဆိုတာ ချစ်ခြင်းကဘဲ လာတာပါ။ မကောင်းတာတွေ၊ ပြိုကွဲတာတွေဟာ အချစ်မဲ့ရာကလာတာပေါ့။

 

တကယ်တော့ မေတ္တာထားဖို့ဆိုတာ အကျင့်သိက္ခာမရှိလို့မရပါဘူး။ အကျင့်သိက္ခာမရှိရင် ကြီးနိုင်ငယ်ညှင်းတွေ ဖြစ်လာတာပေါ့။ ဒါဆိုရင် ဘယ်လိုလုပ်ငြိမ်းချမ်းတဲ့တိုင်းပြည်ကြီးဖြစ်လာနိုင်မှာလဲ။

 

“ကျွန်တော်တို့ အဓိကလိုအပ်ချက်ကတော့ တိုင်းပြည်တည်ငြိမ်းအေးချမ်းရေးပဲဖြစ်ပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဆူဆူပူပူဖြစ်နေရင်တော့ ကျွန်တော်တို့တိုင်းပြည်အတွက် အခွင့်အလမ်းတွေ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်း မှုရှိအောင် ၀ိုင်းဝန်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” လို့ သမတကြီးကတော့ မတ်လ ၃၁ ရက်နေ့ညက ပြောသွားတာဘဲ။

 

တကယ်တော့ လက်ပံတောင်းတောင်စီမံကိန်းဆက်လုပ်ဖို့ပြောတာဟာ ကြီးနိုင်ငယ်ညှင်းပါ၊ ဒါဆိုရင်တော့ အကျင့်သိက္ခာမဲ့မှုပေါ့၊ ဒါဆိုရင်တော့ ပြည်သူတွေအပေါ်ထားတဲ့မေတ္တာတရားကို မေးခွန်းထုတ်ရတော့မယ်လေ။

 

စီမံကိန်းဟာ သမတကြီးမိန့်ခွန်းနဲ့တော့ ပြောင်းပြန်ဘဲ။ သမတကဘဲညာတာလား၊ ကော်မရှင်ကဘဲ မညှာတာလားတော့မသိဘူး၊ သမတကြီးစကား နာကြားလိုက်ရမှာပါ…

 

“စတုတ္ထအချက်ကတော့ ကျွန်တော်တို့တိုင်းပြည်မှာ အခြေခံအကျဆုံး လူအများစုဖြစ်တဲ့ အလုပ်သမားနဲ့ တောင်သူလယ်သမားများဘ၀ တိုးတက်မြင့်မားရေးဖြစ်ပါတယ်။ တိုင်းပြည်လူဦးရေအများစုဟာ ကျေးလက်မှာနေထိုင်ကြပြီး လယ်ယာလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်း ပေါ်မှာအခြေခံတဲ့ လက်လုပ်လက်စားသမားများဖြစ်ကြပါတယ်။ လယ်ယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားရေးဝတ်ရေးနဲ့ နေရေးတို့ ပြည့်စုံဖူလုံလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် တောင်သူလယ်သမားများအနေနဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြပြီး လယ်ယာထွက် ကုန်များပိုမိုထွက်ရှိအောင် ကြိုးပမ်း ဆောင်ရွက်ကြဖို့၊ မိမိတို့လယ်မြေများ တန်ဖိုးမြင်တက်လာအောင် လယ်မြေများကို ပြုပြင်ကြဖို့၊ အထွက်တိုးတဲ့ မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုးကြဖို့၊ စနစ်တကျ သိပ္ပံနည်းကျ စိုက်ပျိုးကြဖို့နဲ့ စက်မှုလယ်ယာကူးပြောင်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ် ”

 

သမတကြီးရယ် လယ်သိမ်းတာ၊ ယာသိမ်းတာ တောင်သူတွေဘဝတိုးတက်မြင့်မားဖို့လား၊ အောက်ကျပြားဝပ်ဖို့လားမေးရတော့မယ်။ ဒါမှမဟုတ် သမတကြီးကဘဲ ပလီတာလား၊ ကော်မရှင်ကဘဲ သမတကြီးလောက် တောင်သူဘဝတွေအပေါ် မခံစားတတ်တာလား၊ ခက်တော့လဲ ခက်သား၊ ဝမ်ပေါင်နဲ့ချုပ်ခဲ့တဲ့စာချုပ်မှာ သမတကြီးနုစဉ် ဝန်ကြီးချုပ်ဘဝက လက်မှတ်ထိုးခဲ့တာဆိုလား။ ခုသမတရင့်မကြီးဖြစ်တော့ရော သဘောက ဘယ်လိုလဲ၊ တောင်သူတွေအသက်ကတော့ သမတကြီးလက်ပေါ်မှာဘဲ ရှိတော့တာပေါ့လေ။ သမတကြီးပြောသလို စက်မှုလယ်ယာတော့ မဟုတ်ဘူး၊ စီမံကိန်းလယ်ယာအဖြစ်တော့ ကူးပြောင်းသွားကြပြီ။

 

ဒေါ်စုကတော့ လက်ပံတောင်းနဲ့ပတ်သက်ရင် ရွှေးစရာတခြားလမ်းမရှိတဲ့ပုံမျိုးပြောသွားတာဘဲ။ ဆက်လုပ်ရမယ်တဲ့။ ဂိုလ်ရှယ်လေးဆိုတဲ့ဆောင်းပါးရှင်ကတော့ တောင်သူတွေကို သတင်းစာမဖတ်လို့အပြစ်တင်တဲ့ဒေါ်စုဟာ အစီရင်ခံစာကို သေချာတောင်မဖတ်ခဲ့ဘူးဆိုဘဲ၊ သူ့ရဲ့ အကြမ်းဖက်အဓိကရုဏ်းလက်သည်ဘယ်သူလဲ အပိုင်း၎ မှာ အောက်ပါအတိုင်းရေးထားလေရဲ့။

 

“ဖေဖေါ်ဝါ၇ီလ ၁ ရက် ၂၀၁၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီမှ ရန်ကုန်သို့ ပြန်ရောက်ပြီး ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် ကကကြီးနှင့် နောက်ချန် လက်ပံတောင်းကော်မရှင်တို့ ရေးသားထားပြီးသော အစီရင်ခံစာအား ဒေါ်အောင်ဆန်းစုကြည်ထံပြသခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ အစီရင်ခံစားအား အသေခြာပင်မဖတ်တော့ပဲ သဘောတူလက်ခံခဲ့သည်ဟု ကော်မရှင်အတွင်းရေးမှုးမှ ပြောသည်။ သို့သေည် မတ်လ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ လက်ပံတောင်း အစီရင်ခံစားအား ပြန်လည်ဖတ်ရှု့ခဲ့ပြီး အချို့သော အချက်များအား ပြင်ဆင်လိုသော်လည်း သူမ လက်ခံပြီးသားမို့ ဆက်လက် ရှေ့မတိုးတော့ပဲ ထုတ်ပြန်ရန်ဆုံးဖြတ်ခဲ့၏ ”

 

ဒီရေးသားချက်တွေမှန် မမှန်ကတော့ ဒေါ်စုနဲ့ကော်မရှင်နာများရှင်းရမဲ့ဟာပ။

 

သမတကြီးရော ရွှေးစရာလမ်းမရှိတော့ဘူးလား။

 

တာဝန်အကြီးဆုံးယူထားသူတွေက ရွှေးစရာမရှိတော့ဘူး ပြောတော့ တိုင်းသူပြည်သားတွေမှာ ညှိုးငယ်စရာဘဲ။ အထူးသဖြင့် လက်ပံတောင်းဒေသခံတွေလေ။ ရွှေးစရာမရှိတော့ဘူးဆိုဒါဟာ ခေါင်းဆောင်တွေမှာ စွမ်းအားတွေမရှိတော့ဘူးဆိုတဲ့သဘောပေါ့လေ။ ဒို့ပြည်ကြီးက ပါဝါမရှိတော့ဘူးပေါ့။ ဒို့ပြည်ကြီးမှာ ရွှေးစရာမရှိတော့ဘူးတဲ့။ ဒို့ပြည်ကြီးက ချာတူးလန်ဘဲ။

 

လယ်သမားတွေမှာ မွေးရာပါအားနဲချက်ရှိပါတယ်ခေါင်းရှောင်ကြီးတို့ရယ်။ အဲဒါဟာ ဆင်းရဲခြင်းပါ။ အဲဒီဆင်းရဲသူတွေဆီက သူတို့ပိုင်ဆိုင်တဲ့၊ မှီခိုတဲ့၊ စိုက်ပျိုးစားသောက်တဲ့၊ သူတို့ရဲ့ခွန်အားဖြစ်တဲ့မြေကို သိမ်းယူပြီး စီမံကိန်းလုပ်တာဟာ သူတို့ဘဝတွေကို ချေမှုန်းပစ်လိုက်တာပါဘဲ။ အဲဒီတော့ စီမံကိန်းဆိုတာ ရွာတွေဖျက်ပြီဆိုမှတော့ အကြမ်းဖက်တိုက်ခိုက်မှုပါဘဲလေ။ ခင်ဗျားတို့ရှုံ့ချနေတဲ့မိတ္ထီလာမီးရှို့သတ်ဖြတ်မှုထက်ဆိုးတာပေါ့။

 

နိုင်ငံရေးဆိုတာ တိုင်းသူပြည်သားတွေ ပိုပျော်ဖို့ပါ။ ဖွံ့ဖြိုးရေးဆိုတာ အကျင့်ကောင်းမေတ္တာထားတဲ့ခေါင်းဆောင်တွေပေါ်ထွက်လာခြင်းပါ။

 

အဘွားကြီး၊ အဘိုးကြီးတွေ၊ ကလေးငယ်တွေဟာ ဘေးဒဏ်တွေပိုခံရပါတယ်။ ကလေးတွေသေဆုံးနေရတယ်ဆိုတာတွေဟာ သန့်ရှင်းတဲ့ ရေမရှိလို့ပါ။ တောင်တွေဖြို၊ တောတွေခုတ်တဲ့စီးပွားရေးလုပ်ငန်းဆိုတာ ကလေးတွေအနာဂတ်ကို လုယက်သတ်ဖြတ်မှုသာဖြစ်ပါတယ်။ ဆင်းရဲမှုထူပြောလာရင် လူမှုရေးပြိုကွဲပါတယ်။ မျှော်လင့်ချက်တွေလဲ ကင်းမဲ့၊ ပျေက်ကွယ်လာပါတယ်။ အလုပ်လက်မဲ့တွေလဲ တိုးလာလို့၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ သေရည်သေရက်လုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေထွန်းကားရာက အဆုံးစွန်ပျက်စီးမှုတွေဖြစ်၊ အသိဥာဏ်အားနဲ၊ လူကျင့်ဝတ်တွေကနေ ပိုသွေဖည်လာ၊ လယ်ယာထွက်တွေမရှိတော့ စားသောက်ကုန်တွေဈေးနှုံးပိုမြင့်။ ကြောက်စရာအဆိုးသံသရာကြီးပါဘဲ။

 

တကယ်တော့ စားသောက်ကုန်ဈေးနှုံးမြင့်တာနဲ့ လူမှုရေးမညီမျှတာဟာ တိုက်ရိုက်အချိုးကျပါတယ်။ လူတွေဟာ လက်လှမ်းမမီအတူတူ လွယ်လွယ်ရဖို့ကျိုးစားရာကနေ ရာဇဝတ်မှုတွေပိုထူပြောလာတော့မှာပါ။

 

သမတကြီးခင်ဗျား စီမံချက်ပြေးဒုက္ခသည်တွေအကြောင်း ကြားဖူးပါသလား။

 

မျှော်လင့်ချက်မဲ့နေတဲ့သူတွေအကြောင်းလေ။

 

မျှော်လင့်ချက်မဲ့ပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုဖျက်ရင်ဖျက်၊ မဟုတ်ရင် သူများကိုဖျက်တော့မှာဘဲ။ ကိုယ့်ကိုယ်ကိုမချစ်နိုင်တဲ့နောက် သူများကိုလဲ ချစ်စရာအကြောင်းမရှိတော့ပါဘူး။

 

စိုက်ပျိုးမြေတွေ ကောင်းအောင်လုပ်ဖို့၊ အထွက်တိုးဖို့၊ စက်မှုလယ်ယာပြောင်းဖို့၊ ဒေသတခုလုံးငြိမ်းချမ်းသာယာဝပြောဖို့ တကယ်တော့ ငွေနဲနဲဘဲလိုတာပါ။ တသက်လုံး မပူမပင်နေထိုင်လို့လဲရပါတယ်။

 

သတ္ထုတွင်းစီမံကိန်းကြောင့် ပျက်သွားတဲ့မြေတွေပြင်မယ်ဆိုရင်တော့ ငွေကြေးအလွန်ကုန်ကြမှာပါ။ ထွက်တာနဲ့ ပျက်တာလဲ မကာမိပါဘူး။ ဒီဒဏ်တွေကလဲ ဘယ်တော့မှ စီမံကိန်းအကျိုးအမြတ်ရှိသူတွေ မခံရပါဘူး။ ဦးပိုင်က နိုင်ငံတော်ကိုစွန့်ကြဲတဲ့အခွန်လောက်နဲ့တော့ ဘယ်ပြင်လို့ရနိုင်ပါ့မလဲ။

 

တကယ်တော့ မြေဆိုတာ ဘယ်သူမှမပိုင်ပါဘူး။ မြေယာကိုအသုံးချနေတာဟာ ကလေးတွေဆီက ချေးငှားသုံးရတာနဲ့အတူတူပါဘဲ။ သူတို့ထမင်းလုပ်ကို ကိုယ်ကအရင်ယူစားလိုက်တာပါ။

 

လူတယောက်ချင်းစီက အချိန်တန်သေသွားရမှာ၊ နောက်ဆက်ပေါက်ဖွားလာမဲ့သူတွေအတွက် မြေဟာ သူ့အတိုင်းရှိနေရမှာပါ။ ကိုယ်ဒီမြေပေါ်ကနေ စားနေရသလို၊ သောက်နေရသလို သူတို့လဲ စားရမှာ သောက်ရမှာပါ။ မြေကိုထင်သလိုဖျက်ဆီးတာဟာ လူသားရဲ့အနာဂတ်ကို ဖျက်ဆီးတာပါဘဲ။ ခင်ဗျားတို့သက်သာချောင်ချိရေးအတွက်ဆိုရင်တော့ ပိုမလုပ်ကောင်းဘူးပေါ့။ ခု ဒေသခံတောင်သူတွေ မီးလိုပူနေရတယ်။ နေလို ပူနေရတယ်။ အလွန်ပူပြင်းတဲ့နေအောက်မှာ စိုးရိမ်သောကအပြည့်နဲ့ နေနေရတယ်။ ခက်ခက်ခဲခဲရပ်တည်နေရတယ်။

 

အဲဒီအချိန် ဦးပိုင်ကလူတွေလဲ အဲယားကွန်းခန်းထဲမှာ၊ အဲယားကွန်းကားပေါ်မှာ။ သမတကြီးလဲ စံအိမ်တော်ကြီးထဲမှာ၊ လေယဉ်ပေါ်မှာ။ ဒေါ်စုလဲ တက္ကသိုလ်ရိပ်သာလမ်းကအိမ်တော်မှာ။ နေပြည်တော်က ဇိမ်ကျကျအိမ်ထဲမှာ။ ပျော်မွေ့ဖွယ်အခမ်းအနားတွေမှာ၊ ဝမ်ပေါင်ကတော့ စက်ရုံထဲမှာ ရေကူးကန်တောင်တူးထားသေးသတဲ့။ တရုတ်ပြည်တွင်းကဆရာကြီးတွေဆိုတာတော့ ပြောမနေနဲ့တော့ပေါ့လေ။

 

ရွာတွေရွှေ့ပြောင်းတာဟာ အကြမ်းဖက်တိုက်ခိုက်မှုလို့ မပြောရင်ကို မရတော့ပါဘူး။ မြေတွေသိမ်းတာကတော့ လုယက်မှုပေါ့။

 

ဟုတ်ပါတယ်။

 

စီမံကိန်းဆိုတာ အကြမ်းဖက်တိုက်ခိုက်မှုပါဘဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “စီမံကိန်း (သို့မဟုတ်) အကြမ်းဖက်တိုက်ခိုက်မှု
  1. You are absolutely right. They talked about MeitTeLar to get cover about Letpantawn. Amay Suu is not careless person, so she would be read about the report. If something is underneath?

Comments are closed.