သောင်းပြောင်းထွေလာ

ကမ္မ၀ါ ရွှေစာထမ်းပါလို့ (Ashin Dhamma Piya)

 ကမ္မ၀ါ ရွှေစာထမ်းပါလို့
ဒေါက်တာဓမ္မပိယ (ITBMU) ၊ နိုဝင်ဘာ ၆၊ ၂၀၁၃
(အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် ၁၀-နှစ်ပြည့်အထိမ်းအမှတ် မော်ကွန်းစာစောင်တွင်  ဖေါ်ပြထားသော စာမူကို ကူးယူတင်ပြသည်)
ကမ္မ၀ါ ရွှေစာထမ်းပါလို့၊ ခေမာလမ်း ကူးလိုက်တော့မည်၊
ဆွတ်လှမ်းလို့ ကျွတ်တမ်းရည်တယ်၊ ၀တ်ပန်းထည် ဆင်သစ်နှင့်၊
ကြင်ချစ်သူ ဖေါ်မခေါ်၊ မြန်းချင်ပေါ့နော်၊
မေတ္တာသွန်းတဲ့ ငယ်ကျွမ်းဖေါ်ငယ်၊ ခင်လွမ်းတော် ဖြေရစ်ရှာတော့လေး။
          စာဆိုတော်ကြီး ဦးပုည ရေးဖွဲ့ခဲ့တဲ့ တောထွက်ဖွဲ့ ကဗျာစာညွန့်လေးတစ်ပုဒ်ပါ။ ရှေးခေတ် ရှေးအခါ များဆီက အမျိုး ဘာသာ သာသနာနှင့်စပ်တဲ့ ခံယူချက်အမြူတေတွေက မြန်မာပြည်မှာ အမတေ-အမတ မသေ မပျောက်နိုင်လောက်အောင် (ဆိုလိုတာက) မပျက်စီးနိုင်လောက်အောင် ခိုင်ခံ့ခဲ့လေတော့ သာသနာ့ယဉ်ကျေးမှု နှင့်စပ်တဲ့ အမွေအနှစ်တွေကို စာဖွဲ့လို့ မကုန်နိုင်အောင်ပဲ ရှိနေခဲ့တယ်။ ဦးပုညရဲ့ ဘာသာ သာသနာ ယဉ်ကျေး မှုနှင့်စပ်ပြီး ရေးဖွဲ့ခဲ့တဲ့ ဒီစာပိုဒ်လေးဟာ ဖတ်ရှုသူတိုင်းအတွက် ကရုဏာသက်စရာ ဖြစ်ခဲ့ရခြင်းပါ။
          လွမ်းမောဖွယ်ကောင်းတဲ့ မြန်မာပြည်သူတို့ရဲ့ ဘာသာ သာသနာဓလေ့နှင့် လူမှုရေးဓလေ့ထုံးစံလေးကို လွမ်းမောဖွယ်ဖြစ်အောင် ပုံဖေါ်ပြနိုင်ခဲ့တယ်။ သာသနာဘောင်ကို ၀င်ရောက်တော့မည့် မောင်ရှင်လောင်း တစ်ပါးရဲ့ ခံစားချက်ကို  လူ့ဘောင်မှာ ကျန်ရစ်ခဲ့တဲ့ သံယောဇဉ်နှင့် ချစ်ခဲ့မိသူအပေါ်မှာ ထားရှိတဲ့ မေတ္တာ တရားကို အခြေပျိုးဖွဲ့နွဲ့ထားခဲ့တာမျိုးဖြစ်လို့ အဖွဲ့အနွဲလေးက ချစ်စရာတစ်မျိုး ဖြစ်နေပြန်တယ်။ အရေးအသားက ညက်ညောလေတော့ သူ့စာကိုဖတ်ပြီး သူတို့နှစ်ဦးရဲ့အပေါ်၌မှာ ထားမိတဲ့ ကရုဏာတရားတွေက စာပေရဲ့ ရသကို ပိုမိုအသက်ဝင်စေတယ်။ ရှုကြည့်ပါဦး – ̏မေတ္တာသွန်းတဲ့ ငယ်ကျွမ်းဖေါ်ငယ်၊ ခင်လွမ်းတော် ဖြေရစ်ရှာတော့လေး˝ တဲ့။
          ဒီစာပိုဒ်လေးကို ဖတ်ပြီး ဘာသာ သာသနာ ယဉ်ကျေးမှုတွေနှင့် ဝေဆာနေတဲ့ မြန်မာပြည်ကြီးကို  ၀မ်းသာမှုပီတိတွေနှင့် တွေဝေငေးမောမိတယ်။ ဘာသာဓလေ့၊ သာသနာဓလေ့တွေနှင့် ဝေဖြာနေတဲ့ မြန်မာပြည်ကြီးအပေါ်မှာ သံယောဇဉ်တွေ ဝေဖြာနေမိတော့တယ်။ သို့သော် ယနေ့မျက်မှောက်ခေတ်ကာလမှာ ဖြစ်ပျက်နေတဲ့ ဘာသာရေးအသွင်ဆောင်တဲ့ လူမျိုးရေးပဋိက္ခတွေကြောင့် အနာဂတ်တိုင်းပြည်နှင့် အနာဂတ် သာသနာတော်အတွက် ရင်မအေးနိုင်အောင် ဖြစ်ခဲ့မိပြန်တယ်။ တိုင်းပြည်ရဲ့အနာဂတ်အရေးကို တွေမိတိုင်း ၀မ်းသာ ကြည်နူးမှုတွေဟာ ရွေ့ရှားနေတဲ့ မိုးတိမ်တိုက်တွေပမာ တမဟုတ်ချင်းဆိုသလို ပျောက်ကွယ်လုနီးပါး ဖြစ်သွားရပြန်တယ်။ ဘာကြောင့်ပါလိမ့်။ တွေးမိတိုင်း ရင်မအေးနိုင်ပါ။  
          တိုက်ဆိုင်တယ်လို့ ဆိုရလေမလားမသိ။ အဲဒီအချိန်မှာ ခင်မင်လေးစားရတဲ့  အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်ရဲ့ ပဓာနနာယကဆရာတော် အရှင်သုစိတ္တာဘိဝံသမှ ၁၀-နှစ်ပြည့်အထိမ်းအမှတ်အတွက် စာမူမရသေးဘူးလားလို့ ကပ္ပိယမှတဆင့် မေးလာတဲ့အချိန်နှင့် တိုက်ဆိုင်နေပြန်တယ်။ ဒီတော့ စာပေနှင့် ဖြစ်စဉ်ကို ပေါင်းကူးပေးမိတယ်။
          အလိုတော်ပြည့်ဆရာတော်တို့၊ ဓမ္မာစရိယတက္ကသိုလ်ဆရာတော်တို့ဆိုတာ ရခိုင်တိုင်းရင်းသားများ ဖြစ်ကြတယ်။ ရခိုင်ပြည်နယ်ဟာ တချိန်တစ်ခါက သူ့ထီးသူနန်း သူ့ကြငှန်းနှင့် ခန့်ခန့်ထယ်ထယ်ရှိခဲ့ပြီး ဘာသာ သာသနာ ထွန်းကားပြန့်ပွားရာ ဒေသကြီးတစ်ခုဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာကို ယုံကြည်မှုမှာ မြန်မာပြည်သူတို့ထက် မသာလွန်ခဲ့သော်လည်း မြန်မာပြည်သူများအောက် မယုတ်လျော့ခဲ့တဲ့ ယုံကြည်မှုမျိုးတွေနှင့် ယုံကြည်ခဲ့ ကြသူများ ဖြစ်ကြတယ်။ ဘုရားကို အသက်နှင့်ထပ်တူ ကြည်ညိုခဲ့ကြသူများပီပီ သာကီဝင်မင်းတို့၏ ကျင့်ထုံးကို နှလုံးမူ အတုယူခဲ့ကြသူများလည်းဖြစ်ခဲ့ကြတယ်။ အခြားဘာသာဝင်များနှင့် သွေးမရောတဲ့ အလေ့၊ သွေးမနှော တဲ့ ဓလေ့ကို ခိုင်ခိုင်မြဲမြဲကြီး ကျင့်သုံးနိုင်ခဲ့ကြတယ်။ ဒါဟာ ရခိုင်လူမျိုးတို့အတွက် အခြားလူမျိုးများ တုနှိုင်းလို့မမှီတဲ့ စံနမူနာတစ်ခုဖြစ်ခဲ့တယ်။ ထို့ကြောင့် ရခိုင်လူမျိုးများရဲ့ ဘာသာ သာသနာနှင့်စပ်တဲ့ အမျိုးသားရေးစိတ်ဓာတ်ဟာ သမိုင်းရဲ့ကြေးမှုံပြင်မှာ အထင်အရှား ထင်ဟပ်နေဆဲဖြစ်တယ်။   
          သို့သော် ယနေ့ခေတ်မျက်မှောက်ခေတ်အနေအထားအရ ဘူးသီးတောင်ဒေသနှင့်၊ မောင်းတောဒေသ နှစ်ခုမှာ ရခိုင်လူမျိုးများအတွက် အမျိုးအနွယ်ကိုစောင့်နိုင်ဖို့ အခွင့်အလမ်းများ၊ ဘာသာ သာသနာ ယဉ်ကျေးမှု များကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အခွင့်အရေးများ တစ်နေ့တစ်ခြား နည်းပါးလာနေတာကို တွေ့ရှိရတယ်။ ထိုအခြေအနေများသည် အနာဂတ်မြန်မာနိုင်ငံတော်နှင့် အနာဂတ်သာသနာတော်အတွက် ရင်လေးစရာတွေ ဖြစ်နေသလို၊ တစ်စုံတစ်ရာက ခြိမ်းခြောက်နေသလိုလဲ ခံစားမိတယ်။ ထိုမြို့နယ်နှစ်ခု၌ ရခိုင်လူမျိုးက ၃% ရာခိုင်နှုန်းမျှသာ ကျန်ရှိတော့၍  အခြေအနေက အတော်ကိုဆိုးနေတယ်။ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများအတွက် အားမတန်၍ မာန်လျော့ရမဲ့ အဖြစ်မျိုးတွေနှင့် ကြုံနေရပြီလို့ဆိုရတော့မလားမသိ။ သို့သော် အချိန်တော့ မနှောင်းသေးပါ။   
          ထို့ကြောင့် ထိုဒေသ၌ အမျိုး ဘာသာ သာသနာယဉ်ကျေးမှုအမွေအနှစ်များ မပပျောက်နိုင်စေရန် ရခိုင်ရဟန်းတော်များက ဦးဆောင်လျှက် တစ်တိုင်းပြည်လုံးရှိ ရဟန်းသံဃာတော်များက တာဝန်သိသိဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် အခန်းကဏ္ဍ၊ နိုင်ငံတော်အစိုးရက တာဝန်ယူ၍ ဆောင်ရွက်ရမည့် အခန်းကဏ္ဍ၊ ရခိုင်လူမျိုးများရဲ့ သွေးစည်း ညီညွတ်မှု၊ စည်းရုံး ပေါင်းစည်းမှု၊ အချင်းချင်း ကူညီပံ့ပိုးမှုစတဲ့ ကဏ္ဍအသီးသီး၌  ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြဖို့ပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်များအားလုံးသည် လိုအပ်သော ကဏ္ဍအသီးသီး၌ စွမ်းနိုင်သမျှ ပါဝင်၍၊ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဘာသာ သာသနာ ယဉ်ကျေးမှုများ မောင်းတောဒေသနှင့် ဘူးသီးတောင်ဒေသဖြစ်တဲ့ မြို့နယ်နှစ်ခုလုံး (သို့မဟုတ်) ခရိုင်တစ်ခုလုံးကို စုပေါင်း ကာကွယ် စောင့်ရှောက်ပေးကြဖို့ တိုက်တွန်းလိုခြင်းပါ။
          ရခိုင်ပြည်နယ် အချို့သောဒေများ၌ အထူးသဖြင့် ဘူးသီးတောင်၊ မောင်တောကဲ့သို့သော ဒေသများ၌ သာသနာပြုနေကြသော ရဟန်းတော်များ၊ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများအတွက် ကိုယ့်ပြည်တွင်းမှာပင် နေထိုင်သူများဖြစ်ပါလျှက် အသက် အိုး အိမ်များအတွက် တစ်စုံတစ်ခုသောအရာအား ကြောက်ရွံ့နေရခြင်းကို တိုင်းပြည်အုပ်ချုပ်နေသူများနှင့် မြန်မာပြည်သူ၊ ပြည်သားများ မသိကြယောင်လေတကား။   
          ဘူးသီးတောင်၊ မောင်တောဒေသအရေးနှင့်စပ်၍ ဓမ္မာစရိယတက္ကသိုလ်ဆရာတော်နှင့် ဆွေးနွေးခဲ့ ဖူးပါသည်။ စာချအကျော် ကျမ်းပြုအကျော် ထိုဆရာတော်သည် စာချ စာသင်သည့် သာသနာ့အလုပ်ကို တစိုက်မတ်မတ် လုပ်ကိုင်၍ (၁၀)နှစ်တာအချိန်အတွင်း အစိုးရဓမ္မာစရိယအောင်၊ အစိုးရနိကာယ်အောင် ဘွဲ့ရသံဃာတော် (၁၀၀)ကျော်ကို ထိုကျောင်းတိုက်မှ မွေးထုတ်နိုင်ခဲ့သည်။ ဆရာတော်သည် ရခိုင်ဒေသများ၌ ဘာသာ သာသနာ ယဉ်ကျေးမှုများ ပြန်လည်ထွန်းကားရေးအတွက် အားသွန်ခွန်စိုက် အလုပ်လုပ်နေသည်။ ရခိုင်ပြည်နယ်တို့လို ဒီဒေသ၊ ဒီရေ၊ ဒီမြေနှင့် သဟဇာတ်ဖြစ်အောင် နေနိုင်ကြပြီး၊ ဦးဆောင်မှု ပေးနိုင်ကြသော ပုဂ္ဂိုလ်များမှာ ရခိုင်ရဟန်းတော်များနှင့် အာဏာပိုင်အဖွဲ့အ၀င်များ ဖြစ်နိုင်တယ်ဆိုတာ သူယုံကြည်ထားသည်။ ထိုယုံကြည်ချက်ဖြင့် စာသင်သားသံဃာတော်များကို မွေးထုတ်ရာ၌ ထိုဒေသမှ သံဃာတော်များကို အထူးမွေးမြူ၍ စာဝါများကို ပို့ချပေးလျှက်ရှိသည်။ (မြန်မာနိုင်ငံ ဒေသအသီးသီးမှ စာသင်သား သံဃာတော် များကိုလည်း လက်ခံကြောင်း သိရှိရသည်။)
          သို့သော် ရခိုင်ပြည်နယ်မှ သံဃာတော်များကို စွမ်းနိုင်သမျှ အားပေး၍ ရေရှည်မျှော်ကိုးလျှက် ကူညီစောင့်ရှောက်ပေးလျှက်ရှိသည်။ ထို့ကြောင့် အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် သာသနာပြု ၀န်ဆောင်ခရီး (၁၀)နှစ်အတွင်း ထိုကျောင်းတိုက်မှ အစိုးရဓမ္မာစရိယအောင်၊ အစိုးရနိကာယ်အောင်၊ ပရိယတ္တိ ဓမ္မာနုဂ္ဂဟအောင်၊ စုစုပေါင်း (၁၂၇)ပါးထိရှိခဲ့ရာ အများစုမှာ ရခိုင်ပြည်နယ်မှ သံဃာတော် များဖြစ်နေသည်ကို တွေ့ရှိနိုင်ပေသည်။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ ရဟန်းတော် အရှင်ဓမ္မဓဇသည် အဂ္ဂမဟာအကျော် ဘွဲ့ကို ထိုဓမ္မာစရိယတက္ကသိုလ်မှ ရရှိခဲ့၍ ရခိုင်ပြည်နယ်၏ အနာဂတ်သာသနာတော်အတွက် အားတက်မိ ပါသည်။ သို့သော် … ။
          ဤနေရာ၌ ထိုပြည်နယ်အရေးနှင့် ဆက်စပ်၍ ပြောချင်ပါသည်။ ရခိုင်ပြည်နယ်ရှိ အချို့မြို့ရွာများသည် ခရီးလမ်းပန်း ဆက်သွယ်ရေးများ ခက်ခဲလှ၍ ဒေသဖွံ့ဖြိုး တိုးတက်မှုအပိုင်း၌ နှေးကွေးလျှက်ရှိနေသည်ကို တွေရှိရသည်။ စီးပွားဖြစ်ထွန်းနိုင်ရန် ခက်ခဲသော အနေအထားမှာလည်း ရှိနေဆဲဖြစ်သည်။ ထိုကြောင့် နိုင်ငံတော်အစိုးရမှ ဒေသဖွင့်ဖြိုးရေးနှင့် ဌာနေရခိုင်လူမျိုးများနှင့် တိုင်းရင်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်းတီးပေးသင့်သည်။ ထိုဒေသများ၌ တာဝန်ထမ်းဆောင်နေကြသော အထူးသဖြင့် မောင်းတောနှင့် ဘူးသီးတောင်ဒေသများ၌ တိုင်းပြည်တာဝန်ကို ထမ်းရွက်နေကြသော တိုင်းပြည် ၀န်ထမ်း များအတွက်  အထူးဇုန်သတ်မှတ်ပေးပြီး ၀န်ထမ်းလစာကို နှစ်ဆတိုးမြင့်ပေးခြင်း စသည်မျိုးကိုပါ ပြုလုပ်ပေး သင့်သည်ဟု အကြံပြုလိုပါသည်။  
          အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်၏ သာသနာပြု ၀န်ဆောင်ခရီး (၁၀)နှစ်အတွင်း၌ ရခိုင်ပြည်နယ်မှ စာအောင်သံဃာတော်အများအပြားကို တွေ့ရှိရ၍ ရခိုင်ပြည်နယ် သာသနာတော်အတွက် အားတက်မိပါ၏။ သို့သော် ဘူးသီးတောင်မြို့နယ်မှ စာအောင်သံဃာ စုစုပေါင်း တစ်ပါးမျှသာ တွေ့ရှိရ၍ ထိုဒေသအတွက် အားမလို၊ အားမရဖြစ်ရပြန်သည်။ ဘူးသီးတောင်ဒေသနှင့် မောင်းတောဒေသများ၌ အမျိုး ဘာသာ သာသနာတော်အတွက် စာတတ် ပေတတ် ရဟန်းသံဃာတော်များ၊ ခေတ်ပညာတတ် ကျောင်းသား၊ ကျောင်းသူများ အများအပြားပေါ်ထွန်းလာနိုင်ရန် စုပေါင်း၍ မွေးထုတ်ပေးကြဖို့ လိုအပ်နေပါသည်။ စွမ်းနိုင်သမျှ အကူအညီများ ပေးနိုင်ကြဖို့ အလှူရှင်များ လိုအပ်လျှက်ရှိပါသည်။ 
          ဤကဲ့သို့ ပြုသင့်ပြုထိုက်သည်များကို စုပေါင်းလျှက် ပရဟိတလုပ်ငန်းများကို အမျိုး ဘာသာ သာသနာ အတွက် ၀ိုင်းဝန်း၍ ပြုလုပ်ပေးကြမည်ဆိုလျှင် အမျိုးသားရေးနှင့် ဘာသာ သာသနာအရေးသည် ပြန်လည် တိုးတက်ကောင်းမွန်လာနိုင်ပြီး၊ ချစ်စရာကောင်းတဲ့ ရခိုင်လူမျိုးတို့ရဲ ရိုးရာဓလေ့များနှင့် မြတ်နိုးစရာ ကောင်းတဲ့ ဘသာသာသနာယဉ်ကျေးမှု အမွေအနှစ်များသည် ထိုမောင်းတောဒေသနှင့် ဘူးသီးတောင်ဒေသများ၌ ပြန်လည်ရှင်သန်လာနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ ၀ိုင်းဝန်း၍ ပြုလုပ်မပေးနိုင်ကြဘူးဆိုလျှင် ရခိုင်ပြည်သူတို့ရဲ့ ဘ၀သည် အချိန်ကောင်းကို မှီနိုင်သော်လည်း ပြုလုပ်သင့်၊ ပြုလုပ်ထိုက်သည်များကို မပြုလုပ်နိုင်ကြပဲ အချိန် နှောင်းမှ ပြုလုပ်ကြမည်ဆိုလျှင် – ရခိုင်သမီးပျိုလေးဘ၀နှင့်တူသော ဘူးသီးတောင်၊ မောင်းတောဒေသနေ ရခိုင်ပြည်သူတို့ရဲ့ ဘ၀များသည်  ̏မေတ္တာသွန်းတဲ့ ငယ်ကျွမ်းဖေါ်ငယ်၊ ခင်လွမ်းတော် ဖြေရစ်ရှာတော့လေး˝ ဟု လွမ်းချင်းကဗျာ ဖွဲ့ရုံမှလွဲပြီး ဘာမှတတ်နိုင်ကြတော့မည်မဟုတ်ပါ။
          ထိုဒေသအရေးသည် သာသနာတော်အရေးဖြစ်၍ ရခိုင်လူမျိုးတို့ရဲအရေးသည် ဗုဒ္ဓဘာသာဝင်လူမျိုး တို့၏ အရေးပင်ဖြစ်သည်ဟု နှလုံးသွင်းဆင်ခြင်တော်မူကြလျှက် ၀ိုင်းဝန်းကူညီတော်မူကြပါလို့ သံဃာတော် များအား ရိုသေစွာ လျှောက်ထားရင်း၊ မြန်မာပြည်သူ၊ ပြည်သားများအား လေးစားစွာ တိုက်တွန်းရင်းဖြင့် ရွှေနားတော်သွင်း ဤစာလွှာကို နိဂုံးချုပ်လိုက်ပါသတည်း။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။ 
ဒေါက်တာဓမ္မပိယ (ITBMU)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts