ကဗျာ

ဧပြီ အရူးများ

ငြိမ်းချမ်းအေး
ဧပြီ ၁၊ ၂၀၁၃
တကယ် မရူးပါဘဲ
ခေတ် “ကောင်း” လို့
ရူးချင်ယောင်ဆောင်နေကြတဲ့
အရူးပါးတွေရဲ့
တိုင်းပြည်မှာ
“April Fools” နဲ့ အတူ
“အရူးလုပ်ခြင်း” ကို
သိလျက်နဲ့..
“သိဒ္ဓိ” တင်ပေးခဲ့ခြင်း
ဒီနေ့.. တနှစ်ပြည့်ပြီ..။
အတန်းထဲ အသစ်ရောက်လာလို့
ဈေးခေါ်ကောင်းနေတဲ့ သူလို
ကမ္ဘာ့ ကာလသား ပန်းဦးဆွတ်ချင်သူတွေ
ဝိုင်းဝိုင်းလည်နေတဲ့
ဒီ တနှစ်အတွင်း..
ကိုကာကိုလာ၊ ဟီလာရီ၊ အိုဘားမားကနေ
ဘုန်းတော်ကြီး တူးတူး အလယ်..
မိုက်ကယ်လန်း အဆုံး
ဦးခိုက်ရတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကြီးတွေအပြည့်နဲ့
ဒီ တနှစ်အတွင်း..
မိုဘိုင်းဖုန်းတွေ ဈေးမကျဘဲနေပါ့မယ်..
ကားမော်ဒယ် အသစ်တွေ မသွင်းရရင် ဒုက္ခဖြစ်သွားမယ်..
အင်တာနက်တွေ ပိုနှေးသွားပါ့မယ်..
ဒီလို.. “သူတောင်းစား ထမင်းဝ” သောကတွေနဲ့..
“နောက်ပြန်လှည့် အကြောက်” တရား ကို
ဒီမိုကရေစီ နိဗ္ဗာန် ရောက်ကြောင်း “အမြိုက်” တရားအလား
ထမင်းဝနေသူ လူလည်ကြီးများက အတွင်တွင် ဟော.. “ခြောက်” ရင်း..
အလုပ်သမားသပိတ်တွေ
လူတန်းစားပျက်တွေရဲ့ တံတွေးခွက် ပက်လက် မျောခဲ့ရ
မြေယာတိုက်ပွဲတွေ
လူ့ကပ်ပါးတွေရဲ့ အငြူစူ၊ အစောင်းမြောင်း ခံရ
တိုင်းရင်းသား အခွင့်အရေး အသံတွေ
လူ့အန္ဓ ဗာလာနံတွေရဲ့ ပြက်ရယ်ပြု ခံရ
ဒီလိုနဲ့..
အနာဂတ် ဒီမိုကရေစီ ဘုရား အသွင်ဆောင်
စစ်ခရိုနီ ရဲ့ လူထု ဇက်ပေါ် ဝဲမြဲ ဝဲမယ့် “ဓါး” အတွက်
မီးလောင်ဗုံးဒဏ်ခံ နင်းပြား အငတ်ထုကြီး ရဲ့
“ကျော” တွေ “တံတား” လို ချနင်းခံခဲ့ရတဲ့
“ဧပြီအရူးများ” ကြီးစိုးတဲ့
နှစ်.. တနှစ်.. ဖြစ်ခဲ့ရပြီပေါ့..။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဧပြီ အရူးများ

Comments are closed.