လူများ၊ ရုပ်ပုံလွှာများ

အမျိုးသမီးများ သမိုင်းလနဲ့ မစ္စဆေဂန်

ဇ၀ါရီ
မတ်လ ၂၇၊ ၂၀၁၃


အကြောင်းအမျိုးမျိုးကြောင့် လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ရေးခြစ်ထားတဲ့စာကြမ်းကို အဆုံးမသတ်နိုင်ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့လကတော့ “သမိုင်းလရာသီ ဖေဖေါ်ဝါရီ” ခေါင်းစဉ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ ဂုဏ်ပြုကျင်းပတဲ့ အာဖရိကန်-အမေရိကန် လူမျိုးနွယ်များ (လူမည်း) သမိုင်း နဲ့ နိုင်ငံတော်သမ္မတများနေ့အကြောင်းကို တင်ပြခဲ့တယ်။ ဒီလမှာတော့ အမေရိကန်ပြည်ထောင်စုမှာ ဂုဏ်ပြုကျင်းပတဲ့ အမျိုးသမီးများသမိုင်းလ (womenshistorymonth.gov) အကြောင်း တစေ့တစောင်း တင်ပြဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ လုပ်ငန်းခွင်မှာ လုပ်ရမယ့်အလုပ်တွေနဲ့ ပိနေတာရယ်၊ တခြားအကြောင်းအရာတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် ဒီဆောင်းပါး အပြီးသတ်ရေးဖို့ အချိန်မပေးနိုင်ဖြစ်ခဲ့ရလို့ အချိန်မီ မတ်လမကုန်ခင်မှာ ကြိုးစားပြီး အဆုံးသတ်ရေးလိုက်ရတယ်။

 

● အမျိုးသမီးသမိုင်းလ ဘယ်ကစ

သမိုင်းဦးစကတည်းက ယောက်ျားသားများနဲ့အတူ လူဘောင်အဖွဲ့အစည်းကို တည်ဆောက်ခဲ့ကြတဲ့ အမျိုးသမီးထုမှာ သူတို့ဆန့်ကျင်ဘက် ယောက်ျားများ ရရှိခဲ့တဲ့ အခြေခံအခွင့်အရေးများကို တန်တူညီတူ တချိန်တည်း တပြိုင်တည်း မရရှိခဲ့။ ဒီအတွက် အမျိုးသမီးထုအနေနဲ့ ခေတ်ရေစီးကြောင်း ပြောင်းလဲလာမှုနဲ့အညီ ယောက်ျာ-မိန်းမကြား ခွဲခြားကန့်သတ်ထားတဲ့ တားမြစ်ချက်များ ပပျောက်ရေးနဲ့ တရားမျှတမှု၊ တန်တူညီတူ အခွင့်အရေးများ ရရှိရေးအတွက် နှစ်ပေါင်းများစွာ၊ ခေတ်အဆက်ဆက် တော်လှန်တိုက်ပွဲဝင်ခဲ့ကြလို့ တိုးတက်ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံများမှာ တူညီတဲ့ အခွင့်အရေးများကို အမျိုးသမီးထု ရရှိလာခဲ့ကြပေမယ့်၊ ယနေ့အထိ ကမ္ဘာ့နိုင်ငံအများစုနဲ့ အထူးသဖြင့် မတိုးတက် မပွင့်လင်း၊ ခေတ်နောက်ပြန်သွားနေတဲ့ လူ့ဘောင်အသိုင်းအဝိုင်း တိုင်းနိုင်ငံများရှိ အမျိုးသမီးများအနေနဲ့ အခြေခံ လူ့အခွင့်အရေးများ ဆုံးရှုံးလျှက်ရှိနေကြသေးတာကို တွေ့မြင်နိုင်တယ်။လွတ်လပ်ရေးရချိန် ၁၇၇၆ ခုနှစ်ကတည်းက လူတိုင်း တူညီတဲ့ လွတ်လပ်မျှတမှု ရရှိရမယ်ဆိုတဲ့ လွတ်လပ်ရေးကြေညာစာတမ်းနဲ့အတူ ဒီမိုကရေစီစနစ် တည်ဆောက်ပြီး တိုးတက်ဖွံ့ဖြိုး၊ ပွင့်လင်းလူဘောင်ဖြစ်လာခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှာတောင် အမျိုးသမီးထုမှာ အမျိုးသားများနဲ့အတူ တန်တူညီတူ အခြေခံ လူ့အခွင့်အရေးများကို နှစ်ပေါင်းများစွာ မရရှိခဲ့။ ဒီလို တန်တူညီတူ အခွင့်အရေးများ ကင်းမဲ့ဆုံးရှုံးခဲ့တဲ့ အမျိုးသမီးထုရဲ့  ပထမဦးဆုံးအကြိမ် ငြိမ်းချမ်းစွာချီတက် ဆန္ဒပြတောင်းဆိုမှုကို ၁၉၁၃ ခုနှစ် မတ်လ ၃ ရက်နေ့ (၂၈ ယောက်မြောက် အမေရိကန်သမ္မတ Woodrow Wilson သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတစ်ရက်အလို) မှာ အမျိုးသမီးအင်အား ငါးထောင်ကျော်နဲ့ ဝါရှင်တန်ဒီစီမြို့  သမ္မတအိမ်တော် တဝိုက်မှာ ချီတက်ဆန္ဒပြပြီး အမျိုးသမီးများ မဲပေးပိုင်ခွင့် ရရှိရေးကို တောင်းဆိုခဲ့တယ်။ ရဲတပ်ဖွဲ့နဲ့ ကန့်ကွက်ဆန့်ကျင်သူများရဲ့  တိုက်ခိုက်ဖြိုခွဲမှုကြောင့် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြတဲ့ အမျိုးသမီး (၁၀၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး အနှောက်အယှက်၊ အဟန့်အတား၊ တားမြစ်ချက်များကြားမှ တခြားပြည်နယ်မြို့ ကြီးများမှာ ထောင်ပေါင်းများစွာသော အမျိုးသမီးတပ်ဦးများနဲ့ ထောက်ခံသူများ ဆက်တိုက်လူထုဆန္ဒပြပွဲများ ကျင်းပပြီး တန်တူမဲပေးခွင့် ရရှိရေးနဲ့ တခြားလူ့အခွင့်အရေးများကို အပြင်းအထန်တိုက်ပွဲဝင် တောင်းဆိုခဲ့ကြတယ်။

 

 အစောပိုင်းမှာ သမ္မတ ဝလ်ဆင်အစိုးရက ဆန္ဒပြတောင်းဆိုမှုတွေကို မျက်ကွယ်ပြုနေခဲ့ပေမယ့် နောက်ဆုံး ၁၉၁၈ မှာ သူ့ရပ်တည်ချက်ကိုပြောင်းပြီး အမျိုးသမီးများ မဲပေးခွင့်ရရှိရေးကို ထောက်ခံခဲ့ပြီး၊ အထက်/အောက်လွှတ်တော်မှ ပြင်ဆင်ပုဒ်မ (၁၉) နဲ့ အမျိုးသမီးများ တန်တူညီတူ မဲပေးပိုင်ခွင့်ကို ဥပဒေပြုပြဌာန်း အတည်ပြုခဲ့တယ်။ မဲပေးပိုင်ခွင့် ရရှိခဲ့ပေမယ့် ကျန်ရှိနေသေးတဲ့ အမျိုးသမီးများ တန်တူအခွင့်အရေးများ ရရှိရေး လိင်ခွဲခြားမှု ပပျောက်ရေး၊ အမျိုးသမီးအပေါ် အကြမ်းမဖက် ဆက်ဆံရေး၊ ပညာသင်ကြားပိုင်ခွင့်၊ အာဏာရာထူးအခွင့်အရေး ရရှိရေး စတဲ့ လူ့အခွင့်အရေး ရပိုင်ခွင့်များ ရရှိရေးများကို ဆက်လက်တိုက်ပွဲဝင် တောင်းဆိုခဲ့ကြတယ်။ ဒီလို နှစ်ပေါင်းများစွာ မျိုးဆက်အဆက်ဆက် တိုက်ပွဲဝင်တော်လှန်ခဲ့ကြတဲ့ အမျိုးသမီးခေါင်းဆောင်များ၊ သူရဲကောင်းများ၊ စွန့်စားသူများ၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနဲ့နည်းပညာ၊ စီးပွားရေး၊ ဘာသာရေး စတဲ့ နယ်ပယ်အသီးသီးမှ အောင်မြင်ထင်ရှား ဂုဏ်ပြုထိုက်သော အမျိုးသမီးများကို ရက်သတ်မှတ် ဂုဏ်ပြုသင့်တယ်ဆိုပြီး ၁၉၈၁ ခုနှစ်မှာ အမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်အဖွဲ့များက အဆိုပြုတောင်းဆိုမှုကြောင့် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ၁၉၈၂ ခုနှစ် မတ်လ ပထမပတ်ကို အမျိုးသမီးများသမိုင်း ရက်သတ္တပတ်အဖြစ် သတ်မှတ် ဂုဏ်ပြုခဲ့တယ်။ အမျိုးသမီးသမိုင်းဆိုင်ရာ အဖွဲ့အစည်းက ရက်သတ္တပတ်အစား မတ်လတစ်လလုံးကို အမျိုးသမီးများသမိုင်းလလို့ ပြင်ဆင်သတ်မှတ်ပေးရန် တိုက်တွန်းတောင်းဆိုမှုကြောင့် ၁၉၉၄ ခုနှစ် သမ္မတ Bill Clinton အစိုးရလက်ထက်မှာ တရားဝင်အတည်ပြုပြီး နှစ်စဉ် မတ်လကို အမျိုးသမီးများသမိုင်းလလို့ သတ်မှတ်ဂုဏ်ပြုကျင်းပခဲ့တယ်။

 

ဒီအမျိုးသမီးများ သမိုင်းလမှာ ထုတ်ဖော်ဂုဏ်ပြုချင်တဲ့ စံပြအမျိုးသမီး မြောက်မြားစွာထဲမှ ဒီတကြိမ် ရွေးချယ်တင်ပြလိုတဲ့ အမျိုးသမီးသူရဲကောင်းတစ်ဦးကတော့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) အဖွဲ့ကြီးကို တည်ထောင်ခဲ့သူ Ginetta Sagan ဖြစ်ပါတယ်။ သူမကို ရွေးချယ်မိတ်ဆက်ပေးချင်တဲ့ အကြောင်းတချက်ကတော့ အမေရိကန်ပြည်ထောင်စုကို အလည်အပတ် လေ့လာရေးခရီး ရောက်ရှိလာခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဌေးကြွယ် ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက သူတို့နှစ်ပတ်လည်ဂုဏ်ပြု အခမ်းအနားကို တက်ရောက်စကားပြောဖို့ ဖိတ်ကြားခဲ့တာနဲ့ မတ်လ ၂၄ ရက်နေ့ ကိုဌေးကြွယ် ဟောပြောပွဲကို တက်ရောက်နားထောင်ပြီး မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း ထောင်တွင်းအ ကျဉ်းချခံရတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောက်လျှောက်လှုံဆော် ဆောင်ရွက်ပေးခဲ့တဲ့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့သူ Ginetta Sagan ကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ သိစေချင်။ အထူးသဖြင့် မတရားအကျဉ်းချ၊ ချုပ်နှောင်းခံခဲ့ကြရတဲ့ နိုင်ငံရေးအကျဉ်းသူ/သားများကိုယ်စား သူမလို ပုဂ္ဂိုလ်မျိုးကို ကျေးဇူးတင်၊ ဂုဏ်ပြုလိုတဲ့ဆန္ဒနဲ့ တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

 

● အီတလီအမျိုးသမီးငယ် ဂျီနက်တာ ဆေဂန်

ဒုတိယကမ္ဘာစစ်အတွင်းမှာ အသက် (၂၀) ပတ်ဝန်းကျင်အရွယ် အမျိုးသမီးငယ်လေး Ginetta Sagan တစ်ယောက် အီတလီဖက်စစ် အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံနေရပြီး ထောင်အာဏာပိုင်များရဲ့  အဓမ္မပြုကျင့်ခြင်း၊ နှိပ်စက်ညဉ်းပမ်းခြင်းတို့ကို သေလုမြောပါး ခံနေရတယ်။ ဒီလိုနဲ့ သူကိုသတ်ဖို့ သတ်မှတ်ထားတဲ့ ရက်ပိုင်းအလို ညတစ်ညမှာ ဂျာမန်စစ်သားနှစ်ယောက် သူ့အကျဉ်းခန်းထဲကို ဒရောသောပါး ဝင်ရောက်လာတာကို မြင်တော့ အရင်နေ့ညတွေအတိုင်း လူမဆန်စွာ ညဉ်းပမ်းနှိပ်စက်ခြင်းခံရပြန်ပြီး ဒီညဟာ သူ့အတွက် နောက်ဆုံးည၊ နောက်တနေ့ နံနက်မိုးသောက် နေရောင်ခြည်ကို မြင်ခွင့်မရတော့ဘူးလို့ ထိတ်လန့်ဝမ်းနည်းစွာ တွေးနေမိတယ်။ ဂျာမန်စစ်သားနှစ်ယောက်က အီတလီအစောင့်ကို သူမကို အထက်အမိန့်နဲ့ ဂျာမန်အချုပ်စခန်းတစ်ခုကို ပြောင်းရွှေ့ ရမယ်ဆိုပြီး ပါးစပ်ပိတ်၊ အတင်းချုပ်နှောင်ပြီး စစ်ကားတစီးထဲကိုတင်ပြီး ခေါ်ဆောင်သွားခဲ့တယ်။ သူမအဖို့ ကြယ်တွေ တလက်လက်တောက်ပနေတဲ့ မိုးကောင်ကင်ကြီးကို တချက်မော့ကြည့်ပြီး နောက်ဆုံးညကို စိတ်ထဲကနှုတ်ဆက်ပြီး သူတို့ခေါ်ဆောင်ရာကို လိုက်ပါခဲ့တယ်။

အံ့သြဖို့ကောင်းတာက အမှောင်ထုကြီးရဲ့ နောက် ပေါ်ထွက်လာတဲ့ အာရုဏ်ဦးအလင်းတန်နဲ့အတူ သူမ သေကံမရောက်ခဲ့။ တကယ်တော့ သူကို အတင်းအဓမ္မ ခေါ်ဆောင်လာတဲ့ စစ်သားနှစ်ဦးမှာ ဂျာမန်တပ်ပြေးများဖြစ်ပြီး အီတလီ ဖက်စစ်ဆန့်ကျင်ရေး တော်လှန်ရေးသမားများနဲ့ ဆက်သွယ်လှုပ်ရှား နေကြသူများဖြစ်တယ်။ ဒီ စစ်သားနှစ်ယောက်က သူကို နာဇီအကျဉ်းစခန်းကို ခေါ်ဆောင်မသွားဘဲ ကတ်သလစ်ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းတကျောင်းကို လျှို့ ဝှက်စွာ ပို့ဆောင်ပေးခဲ့တယ်။

 

 ဆေဂန် ကို အီတလီလူမျိုး ဖခင်နဲ့မိခင်တို့က ဥရောပတိုက်မှာ ဂျာမန်နာဇီ နဲ့ အမျိုးသားရေးအစွန်းရောက် ဖက်စစ်ဝါဒီများ လွှမ်းမိုးလာချိန် ၁၉၂၃ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ သူမဖခင် က အီတလီ ဖက်စစ်အာဏာရှင် ဘန်နီတို မူဆိုလီနီ (Benito Mussolini) ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပုန်ကန်နေသူဖြစ်ပြီး နာဇီအာဏာရှင် ဟစ်တလာ (Hitler) ကိုတော့ ဒီလို အရိုင်းအစိုင်း တစ်ယောက်ကြောင့် တို့ ဥရောပတစ်ခုလုံး စစ်မီးတောက်လောက်ပြီး နောက်ဆုံး သူ့ကိုယ်သူလည်း ဖျက်စီးမယ့်လူလို့ ကောက်ချက်ချ ပြောဆိုခဲ့တယ်။

 

 

ဒီလိုနဲ့ ဟစ်တလာ တန်ခိုးအာဏာ ကြီးထွားလာပြီး ဥရောပတိုင်းနိုင်ငံများကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အထူးသဖြင့် ဂျာမဏီနဲ့ နာဇီ သိမ်းပိုက်ခံနိုင်ငံများရှိ ဂျူးလူမျိုးများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးပြီး၊ လူမျိုးတုန်းသတ်ဖြတ်နေချိန်မှာ ဂျူးလူမျိုးနွယ် သူ့အမေလည်း အီတလီနိုင်ငံမှာ ဖမ်းဆီးခြင်းခံရပြီး နာဇီအကျဉ်းစခန်း Auschwitz ကို အပို့ခံရပြီး အဲဒီမှာ သေဆုံးသွားခဲ့တယ်။ သူ့အဖေလည်း အီတလီနိုင်ငံမှာ အာဏာရှင် မူဆိုလီနီ လက်ကိုင်တုတ်များရဲ့  ဖမ်းဆီးသတ်ဖျက်ခြင်းကို ခံခဲ့ရတယ်။ မိဘများ ဆုံးပါးသွားခဲ့ပြီးနောက် သူမလည်း ဖက်စစ်-နာဇီ အာဏာရှင်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေး အင်အားစုများနဲ့ ချိတ်ဆက်ပြီး လျှို့ ဝှက်ဆက်သားအဖြစ် မြေအောက်လှုပ်ရှားမှုအဖွဲ့တွေကြား ဆက်သွယ်ရေး လှုပ်ရှားမှုတွေကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တယ်။ အသက်အရွယ်ငယ်ငယ်၊ ကိုယ်ခန္ဓာ သေးသေးကွေးကွေး၊ အရပ်ပုပုလေးရှိပေမယ့် တနေရာနဲ့တနေရာ လျင်မြန်စွာ ဆက်သွယ်သွားလာနိုင်တဲ့ သူမကို အီတလီစကားနဲ့ topolino ခေါ် ဖြတ်လတ်လျင်မြန်တဲ့ ကြွက်ကလေးလို့ မြေအောက်တော်လှန်ရေးသမားများက ချစ်စနိုး ခေါ်ဆိုကြတယ်။

ဒါပေမဲ့ တနေ့ သစ္စာဖောက်တဦးရဲ့  သတင်းပေးချက်နဲ့ ဖက်စစ်အာဏာရှင်တို့ နောက်ဆုံးတော့ သူမရဲ့  လျှို့ ဝှက်လှုပ်ရှား သွားလာမှုများကို သိရှိသွားပြီး ဖမ်းဆီးနိုင်ခဲ့တယ်။ သူမကို တရားရုံးတော်တင် စီစစ်ခြင်းမရှိ၊ ဥပဒေမဲ့ စစ်စခန်းအကျဉ်းထောင်တခုမှာ တိုက်ပိတ်ချုပ်နှောင်ထားလိုက်တယ်။ အကျဉ်းကျခံနေရချိန်မှာ ထောင်အာဏာပိုင်များရဲ့  လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုကို နေည ခါးစည်းခံခဲ့ရပြီး လွတ်မြောက်ဖို့ မျှော်လင့်ချက်ရောင်ခြည် တဖြည်းဖြည်း ကင်းမဲ့လာခဲ့တယ်။ ဒီလို နေ့ညရက်များစွာ ပြင်ပနဲ့ ဆက်သွယ်ခွင့်မရ၊ အဓမ္မပြုကျင့်၊ ရိုက်နှက်ညဉ်းပမ်းနှိပ်စက်မှုကို သေလုမတတ်ခံစားနေရချိန်၊ တစ်နေ့မှာ ထူးထူးဆန်ဆန် တစ်စုံတစ်ယောက်က သူမ အကျဉ်းခန်းကလေးထဲကို ပေါင်မုန့်တစ်လုံး ပစ်ထည့်သွားခဲ့တယ်။ အဲဒီ ပေါင်မုန့်ထဲက ထွက်ကျလာတဲ့ စာရွက်လေးပေါ်မှာ အီတလီယန်ဘာသာနဲ့ Coraggio – သတ္တိရှိပါလို့ ရေးထားတဲ့ စာလေးကို ဖတ်လိုက်ရတယ်။

 

ရက်ပေါင်းများစွာ ပြင်ပလောကနဲ့ အဆက်ပြတ်နေတဲ့ သူ့အဖို့ ဒီတစ်လုံးတည်းသောစာကို ဖတ်လိုက်ရတာခြင်းက အတော်အားတက်စရာ ဖြစ်ခဲ့တယ်။ သူကို လူတွေ မေ့မနေကြပါလားလို့ ခံစားရပြီး လက်မြောက်အရှုံးပေးတော့မယ့်စိတ်ကို ပြန်အားတင်းပြီး လွတ်မြောက်ရေးအတွက် မျှော်လင့်နေခဲ့ပြန်တယ်။ အဲဒီ ခံစားမျှော်လင့်ချက်လေးနဲ့ပဲ အကယ်၍ ဒီ ငရဲစခန်းမှ ပြန်လည်လွတ်မြောက်လာခဲ့ရင် ဖိနှိပ်အုပ်ချုပ်အစိုးရ အာဏာပိုင်များအောက်မှာ ဥပဒေမဲ့၊ တရားမဲ့ အကျဉ်းချုပ်နှောင်ခံရသူများကို တနည်းတလမ်းနဲ့ အားပေးကူညီသွားဖို့၊ ယုံကြည်ချက်နဲ့ ထောင်သွင်းညဉ်းပမ်း နှိပ်စက်ခံနေရသူများ အခြေအနေကို ကမ္ဘာသိ ဖော်ထုတ်တင်ပြပြီး သူတို့ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးရပိုင်ခွင့်များ၊ လွတ်မြောက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သံန္နိဋ္ဌာန်ချခဲ့တယ်။ “ကျမအနေနဲ့ ဒီလောက်ဆိုးဝါးလှတဲ့ အကျဉ်းစခန်းထဲမှာ ညဉ်းပမ်းနှိပ်စက်မှုအမျိုးမျိုးခံပြီး ဆက်လက်အသက်ရှင် မနေလိုပေမယ့် ဖုန်မှုန့်သဲမှုန့်ကလေးများ ပျောက်ကွယ်သွားသလို ကျမဘဝကို လူမသိသူမသိ အဆုံးရှုံးမခံချင်သလို၊ အသက်ရှင် အခြေအနေပေးလာခဲ့ရင် ဒီလို တရားမဲ့လုပ်ရပ်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်သွားဖို့ ကြိုးပမ်းလုပ်ဆောင်ချင်လို့ အသက်ရှင်နေခဲ့တယ်” လို့ သူ့ဘဝမှတ်တမ်းစာအုပ်ထဲမှာ ဖော်ပြထားတယ်။

 

အကျဉ်းထောင်မှ မမျှော်လင့်ဘဲ ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံမှာ ပညာသွားရောက်သင်ကြားပြီးနောက် စစ်ဒဏ်ကင်းဝေး၊ တိုးတက်ပြောင်းလဲ ပွင့်လင်းလာတဲ့ အမေရိကကို ပြောင်းရွှေ့ လာခဲ့တယ်။ အစပိုင်းမှာ အမေရိကန်အလယ်ပိုင်း ချီကာဂိုမြို့ မှာ ကျောင်းပြန်တက် တက္ကသိုလ်ပညာသင်ယူ၊ ဘွဲ့ရ၊ အိမ်ထောင်ကျပြီးနောက် အမေရိကန်အနောက်ဖက် ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ မိသားစုနဲ့ ဘဝသစ် ပြန်တည်ဆောက်ခဲ့တယ်။ အကျဉ်းထောင်ထဲရှိနေစဉ် ထားရှိခဲ့တဲ့ သံန္နိဋ္ဌာန် ခံယူချက်အတိုင်း သူ့အိမ်ခန်းကလေးကနေ ကမ္ဘာတဝှမ်းရှိ အာဏာပိုင်အစိုးရ အဖွဲ့အစည်းတွေရဲ့  လူ့အခွင့်အရေးချိုးဖောက်၊ ဥပဒေမဲ့လုပ်ရပ်များကို ဖော်ထုတ်ပြီး နိုင်ငံရေး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားများ လွတ်မြောက်ရေးကို လှုံဆော်ဆောင်ရွက်ခဲ့တယ်။ အထူးသဖြင့် အကျဉ်းသားများ ရရှိရထိုက်တဲ့ တရားမျှတသော တရားစီရင်မှု၊ ပြင်ပနဲ့ ဆက်သွယ်နိုင်ခွင့်၊ ညဉ်းပမ်းနှိပ်စက်မှုကင်း နေနိုင်ရေး၊ လွတ်ငြိမ်းချမ်းသာခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးများ ရရှိရေးများကို နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများ၊ အာဏာပိုင်များကို စာရေးတိုက်တွန်း၊ ပြောဆိုစည်းရုံး၊ အစီရင်ခံစာတင်သွင်း လှုံဆော်ခဲ့တယ်။

 

သူ့ကိုယ်တွေ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့ နာဇီအကျဉ်းစခန်းထဲက အတွေ့အကြုံများကို ရေးသားပြောဆိုတင်ပြပြီး မိမိရဲ့  ရည်ရွယ်ချက်၊ ယုံကြည်ချက်ကို ရှင်းရှင်းလင်းလင်း၊ ခိုင်ခိုင်မာမာ လက်ကိုင်စွဲပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) အဖွဲ့တစ်ခု တည်ထောင်ပြီး လုပ်ကိုင်ဖို့ စည်းရုံးလှုံဆော် ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်။ အစိုးရအဖွဲ့အစည်းတွေရဲ့  သတင်းထုတ်ပြန်ချက်၊ ရှင်းလင်းချက်များကို အလွယ် လက်မခံခဲ့။ ဥပမာ အကျဉ်းသား ထွက်ပြေးဖို့ ကြိုးစားလို့ ပစ်သတ်လိုက်ခြင်းဖြစ်တယ်ဆိုတဲ့ အာဏာပိုင်တွေရဲ့  အကြောင်းပြချက်ကို လက်မခံ။ အကြောင်းက သူ့အဖေကိုလည်း ထွက်ပြေးဖို့ကြိုးစားလို့ အီတလီဖက်စစ်ရဲတွေက ပစ်ခတ်လို့ သေဆုံးသွားတယ်ဆိုတဲ့ ထုတ်ပြန်ချက်လိုမျိုး ဖြစ်တာကြောင့် အစိုးရတွေရဲ့  ထုတ်ပြန်ချက် မှန်မမှန်ကို အချက်အလက် ခိုင်ခိုင်မာမာ၊ တိတိကျကျရရှိအောင် စုံစမ်းစီစစ်ပြီး တင်ပြခဲ့တယ်။

လူမသိသူမသိ အိမ်ရှင်မလေးတဦးရဲ့  ကြိုးပမ်းချက်ကို အစပိုင်းမှာ အများရဲ့  အလေးပေး၊ ပံ့ပိုးထောက်ခံခြင်း မရရှိခဲ့။ သူတဦးတယောက်တည်းနဲ့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အရေးကိစ္စကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပေမယ့် အတိုင်းအတာတခုထက်မပို အောင်မြင်ဖို့ ခက်ခဲကြန့်ကြာမယ်ဆိုတာကို နားလည်းပြီး။ ကြီးမားကျယ်ပြန့်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) အဖွဲ့အစည်းတခုမျိုး တည်ထောင်နိုင်ဖို့ တခြားအထောက်အပံ့များနဲ့ လူသိများတဲ့ အထင်ကရပုဂ္ဂိုလ်များ ပူးပေါင်းထောက်ပံ့ဖို့ အရေးကြီးတာကြောင့် အကူအညီပံ့ပိုးမှုများ ရရှိဖို့ ကြိုးပမ်းခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ သူ့အိမ်နီးနားချင်းတစ်ဦးဖြစ်သူ နံမည်ကျော်အဆိုတော် ဂျိုအန် ဘေဇ် (Joan Baez)  က လူဖြူ-လူမည်း အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးမှာ ရှေ့ တန်းက ပါဝင်လှုပ်ရှားဆန့်ကျင်နေသူ ဖြစ်တာကြောင့် သူကိုကူညီပံ့ပိုးဖို့ စည်းရုံးဖိတ်ခေါ်နိုင်ခဲ့တယ်။ ဂျိုအန် ဘေဇ်ရဲ့  အကူအညီနဲ့ လိုအပ်တဲ့ အသင်းရန်ပုံငွေများ ရှာဖွေနိုင်ပြီး အဖွဲ့ကြီးရဲ့ လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့တယ်။

 

သူတို့နှစ်ဦးရဲ့  မနားမနေ ကြိုးပမ်းစည်းရုံး လုပ်ဆောင်မှုကြောင့် ၁၉၇၆ ခုနှစ်မှာ အဖွဲ့ဝင် ၇ သောင်းကျော် ရှိလာခဲ့တယ်။ ပြည်နယ်မြို့ ရွာများစွာမှာ အဖွဲ့ခွဲများ ဖွဲ့စည်းနိုင်ပြီး ကမ္ဘာ့အနှံရှိ အကျဉ်းထောင်များအတွင်း လွတ်လပ်မျှတတဲ့ တရားဥပဒေနဲ့အညီ တရားစီရင်ချက်မရရှိဘဲ အကျဉ်းကျချုပ်နှောင်းခံနေရသူများ လွတ်မြောက်ရေး၊ လွတ်လပ်မျှတသော တရားဥပဒေနဲ့အညီ တရားစီရင်ချက်များရရှိရေး၊ အာဏာပိုင်များရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းပြုစု၊ သတင်းထုတ်ပြန်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ပွင့်လင်းအစိုးရများကို အစီရင်ခံစာတင်သွင်းပြီး အလေးပေးကူညီဖြေရှင်း လုပ်ဆောင်ကြဖို့ကို တောက်လျှောက်တိုက်တွန်း လုပ်ဆောင်ခဲ့တယ်။ အာဏာရှင် နဲ့ လက်ဝဲကွန်မြူနစ် အစိုးရများက သူတို့ရဲ့  တရားမဲ့လုပ်ရပ်များကို ရှုတ်ချဖော်ထုတ်နေတဲ့ သူကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးသူလျှိုလို့ စွပ်စွဲပြောဆိုသလို၊ အမေရိကန်အစိုးရနဲ့ အနောက်အုပ်စုအစိုးရများရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ထုတ်ဖော်တင်ပြတဲ့အခါ သူကို လက်ဝဲကွန်မြူနစ်အုပ်စု အားပေးနောက်လိုက်လို့ သမုတ်ကြတယ်။ သူမ တုံ့ပြန်ချက်ကတော့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ ဘယ်အစိုးရ အာဏာပိုင်အဖွဲ့အစည်းများရဲ့  နောက်လိုက်၊ လက်ဝေခံအဖွဲ့ မဟုတ်သလို၊ မတရားမှု ဖြစ်ပေါ်နေတဲ့ နေရာမှန်သမျှ၊ လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ရပ်များကို ရဲရဲဝံ့ဝံ့၊ မှန်မှန်ကန်ကန်၊ ကျောသားရင်သား မခွဲခြား ထုတ်ဖော်သွားမည်ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။

 

ဒီလို သူ့ဘဝ ထောင်တွင်းအတွေ့အကြုံကို အခြေပြုပြီး တည်ထောင်ခဲ့တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့  ကြိုးပမ်းလုပ်ဆောင် ချက်ကြောင့် ကမ္ဘာအနှံမှာ အစိုးရအသီးသီးရဲ့  တရားလက်လွတ်ပြုကျင့်မှုများကို ထုတ်ဖော်နိုင်ခဲ့သလို၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်း ခံနေရ တဲ့အကျဉ်းသားများကို မေ့ပျောက်မထားဘဲ၊ သူတို့လွတ်မြောက်ရေးကို အင်တိုက်အားတိုက် စွမ်းဆောင်နိုင်ခဲ့တယ်။ နိုင်ငံတကာက ပေးအပ်ဂုဏ်ပြုတဲ့ လူ့အခွင့်အရေးဆိုင်ရာဆုပေါင်း မြောက်များစွာကို လက်ခံရရှိခဲ့ပြီး ထင်ရှားတဲ့ ကမ္ဘာ့ခေါင်းဆောင်ကြီးများဖြစ်တဲ့ ပိုလန်အလုပ်သမားခေါင်းဆောင် Lech Walesa, ချက်သမ္မတနိုင်ငံ ဒီမိုကရေစီခေါင်းဆောင် Vaclav Havel, တောင်အာဖရိကခေါင်းဆောင်ကြီး Nelson Mandela စတဲ့ ခေါင်းဆောင်ကြီးများရဲ့  ဂုဏ်ပြုခြင်းကိုလည်း ရရှိခဲ့တယ်။ အမျိုးသမီးများရဲ့  စံပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မစ္စ ဂျီနက်တာ ဆေဂန် ဟာ ၂၀၀၀ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့၊ အသက် (၇၅) နှစ်အရွယ်မှာ ၁၉၆၈ ခုနှစ်ကတည်းက နေထိုင်ခဲ့တဲ့ ကယ်လီ ဖိုးနီးယားပြည်နယ် အေသာတန်မြို့  သူ့နေအိမ်မှာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။ အသက်ရှင်နေချိန်အတွင်း သူကြိုးပမ်း တည်ဆောက် ခဲ့တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ အဖွဲ့ကြီးကတော့ ဆက်လက်ရှင်သန်နေပြီး နိုင်ငံတကာ အစိုးရများရဲ့  လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိထိရောက်ရောက် ဖော်ထုတ်တင်ပြပြီး မတရားချုပ်နှောင်ဖမ်းဆီးခံနေရတဲ့ အကျဉ်းသားများ လွတ်မြောက်ရေး နဲ့ လူ့အခွင့်အရေး ရရှိရေးတို့ကို အောင်မြင်စွာလုပ်ကိုင်ပေးလျှက်ရှိတယ်။

 

မိမိရှေ့ မှောက်မှာ ကျူးလွန်းနေတဲ့ မတရားမှုကို နှုတ်စိတ်နေခြင်းက ဖိနှိပ်သူကို အားပေးရာရောက်တယ် ဆိုတဲ့ မစ္စဆေဂန် ပြောဆိုချက်နဲ့ အမျိုးသမီးသမိုင်းလမှာ ဂုဏ်ပြုထိုက်သူ အမျိုးသမီးသူရဲကောင်းအာဇာနည်ကို ဂုဏ်ပြုဂါရဝပြု တင်ပြလိုက်ပါတယ်။

စာကိုး –

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts