ပင်တိုင်ကဏ္ဍ မာမာအေး

နှုတ်ဆက်ပွဲ၊ တင်မိုး (၆)နှစ်မြောက် – Mar Mar Aye

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၇၃)မာမာအေး

မတ် ၂၅၊  ၂၀၁၃

(photo: Mya Thandar’s facebook)

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မာအေးတော့ ကိုယ့်အိမ်ကလေး ရှိနေတဲ့ အမေရိကန်ရွာကလေးကို ချောချောမောမော ပြန်ရောက်နေပါပြီ။ အများသူငါ ပို့သတဲ့မေတ္တာပါဘဲ။

နေကေါင်းကျန်းမာရှိပါတယ်။ ချစ်စွာသော ပြည်သူ ပရိသဒ်အပေါင်းတို့တွေလဲ အစစ အရာရာ အေးချမ်းသာယာ မင်္ဂလာရှိပါစေရှင်။ မပြန်ခင်ကတည်းက လွမ်းရစ်ဦးတော့မှာဘဲဆိုတဲ့ ရောင်းရင်းတို့ကိုလဲ သွားလမ်းသာလို့ ပြန်လမ်းလှတဲ့ အချိန်မျိုးမှာ မကြာမကြာ ကျိုးစားလာမှာပါလို့ ပြောခဲ့တဲ့အတိုင်း တည်မှာပါ။

ကိုယ့်နိုင်ငံ ကိုယ်ပြန်ရောက်ခဲ့တဲ့ သုံးလ ဆိုတာ ဘာမှ ကြာလိုက်တယ်မထင်ဘူး။ ဘယ်မှလဲ သိတ်မရောက်လိုက်ဖူး။ မိတ်ဆွေတွေ အသိတွေနဲ့လဲ သိတ်မတွေ့ဖြစ်ပါဘူး။

အပြင်ရောက်တာ ကြာတော့ လိပ်စာတွေမမှတ်မိ၊ ဖုန်းနံပါတ်တွေလဲ မသိတော့လို့လေ၊ မှတ်မိသလေါက်ကလေးတောင်မှ ကိုယ်က လိုက်မတွေ့နိုင်၊ သူတို့လာကြပြန်တော့လဲ

ကိုယ်က ရှိမနေတော့ လွဲချည်းနေမှာလို့ တွေးမိပြီး ဆုံချင်သူတို့ ဆုံလို့ရအောင် နှုတ်ဆက်ပွဲလေးတပွဲ လုပ်မယ် လို့ အချိန်စောင့်နေခဲ့ရပါတယ်။

ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့ကတော့ နှုတ်ဆက်ပွဲလေး အထမြောက်သွားပါတယ်။ ဖိတ်စာလိုလိုလေးပေါ့။ ကိုယ့်လက်ရေးနဲ့ ကိုယ့်ဓါတ်ပုံလေးနဲ့ စာရွက်ကလေးတွေကို မြေးငယ် မမိဖူးက လက်စွမ်းပြပေးတာဘဲ။

ရတဲ့သူလဲရ မရတဲ့သူလဲမရတော့ ဖြစ်ဦးမှာဘဲပေါ့။ ကိုယ်ခွဲက သိတ်မရှိတော့ သိပြီးတဲ့သူက တွေ့တဲ့မိတ်ဆွေကို တဆင့်ပြီးတဆင့် ပြောပေး နှုတ်ဖိတ်ကလေးလဲ လုပ်ပါတယ်ရှင်။

မာအေးတို့တွေ အသံအလှူပေးနေကျဖြစ်တဲ့ မင်းကွန်းဆရာတော်ဘုရားကြီး တည်တော်မူခဲ့တဲ့ တိနိကျောင်းတော် ငွေရတုခန်းမမှာပါ။

မာအေးရဲ့ သီချင်းပွဲတွေမှာ ငွေလက်ဆောင်တွေလဲ ရခဲ့တော့ စေတနာရှင်တွေလဲ ၀မ်းမြောက် သာဓုခေါ်နိုင်ပါစေရယ်လို့ သာသနာရေး လူမှုရေး အဖွဲ့တချို့ကို လှူဖြစ်ပါသေးတယ်။ ကျောင်းရှိ သံဃာကုန် ဆွမ်းလုပ်ကျွေးပါတယ်။

မိတ်ဆွေတွေကို ကျွေးတဲ့နေရာမှာတော့ မျက်နှာလိုက်သလို ထင်ကြမှာ ထင်ပါရဲ့။ မြောင်းမြဒေါ်ချို မုန့်ဟင်းခါး ကျွေးတာကိုးရှင့်။ အဆင်သင့်သွားတာလဲ ပါပါတယ်။ မြောင်းမြအသင်းကလဲ မြောင်းမြသူ မာအေးဆီလာတာပေါ့။ အဲဒီမှာ သူတို့ ညီအမ မိသားစုတွေလဲ လူမှုရေး သာသနာရေးကိစ္စတွေ ကူညီနေတာတွေ့တော့ ဖြစ်တာတင်မက မုန့်ပါကျွေးဖြစ်သွားတာပါဘဲ။

အားလုံးလဲ ရောက်လာကြ စါးကြ ပြောနဲ့ အတော်ပျော်ကြပါတယ်။

သွားလေသူ ဂီတ အကိုတော်တွေလဲ ကုန်သလေါက်လို့တောင် ပြောလို့ရနေတော့ သတိရလိုက်မိတာနဲ့ အရင့်အရင် ဆုံကြရင် အော်ဟစ်နောက်ပြောင်ခဲ့သူတွေ မပါတော့ပါလား ဆိုတဲ့ ရင်တွင်းကြိတ်နဲ့ ဆွေးချင်ကြပါတယ်။

ကိုယ်လဲ  တနေ့ လို့ သံဝေဂ ယူရတာပေါ့ရှင်။

နောက်တပါတ်အတွင်းမှာ ကဗျာဆရာ ဖလ်မီးအိမ်တင်မိုး အတွက် ကျန်ရစ်သူတွေက ရောင်းရင်းများက မမေ့တဲ့နေ့လေး လုပ်ပါတယ်။ ကြုံတောင့်ကြုံခဲ ကဗျာမိုးရဲ့ ပွဲမို့လဲ မာအေး ဒီအခန်းအနားကို သွားတက်ခဲ့တာပါဘဲ။

ပန်းချီဆရာ ယဉ်မင်းပိုက် ရေးဆွဲခဲ့တဲ့ – တင်မိုးရဲ့ အပြုံးဟာ မြန်မာလွယ်အိတ်လေးတွေပေါ်မှာ အထင်အရှား ငါ့ကို ခေါ်သွားလို့ ပြောနေတဲ့အလား ခံစားမိတယ်။

အမှတ်တရ ကဗျာစာအုပ်လဲ ဝေငှပါတယ်။

ဆရာတင်မိုး အကြောင်းတွေကို ဆရာ့အရင်းအခြာတွေဖြစ်တဲ့ ဂုဏ်ထူးဦးသိန်းနိုင် စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ၊ ဟံသာဝတီဦးဝင်းတင် နဲ့ တောင်စွန်းဆရာတော်ဘုရားတို့က ပြောပြဘို့ရှိပါတယ်။ မာအေးလဲ ရောက်သွားတော့ အပြင်ကမ္ဘာမှာ ခင်လာရှာတဲ့နှမမို့ ၀င်ပြောခွင့်ပေးကြပါတယ်။

မာအေးအလှည့်ကျလို့ ပြောဖို့ စတဲ့အခါ ရင်ထဲမှာ ဆို့တက် ငိုချင်လာတာကို အတော် ပြန်ထိမ်းလိုက်ရပါတယ်။ ကိုယ်ကတော့ ပြန်ရောက်ပြီ၊ သူကတော့ သူအင်မတန့်အင်မတန် ပြန်ချင်တဲ့ ချစ်တဲ့မြေကို ခြေမချခဲ့ရလေခြင်း ဆိုတဲ့ ယူကြုံးမရစိတ်ကြောင့် ကြေကွဲလွန်းလို့ပါ။

အမှတ်တရ ကဗျာစာအုပ်မှာ မာအေးရေးတဲ့ ကဗျာလေးတွေ့ပါတယ်။ မဆုံးသေးတာက တွေ့တာနဲ့ ပါလာတဲ့ မာအေး မှတ်စုစာအုပ်ကလေးထဲက – ကဗျာမိုးကြီးတောင်ကွယ်တာ (၂) နှစ်မြောက်ချိန်မှာ ရေးတဲ့ ကဗျာလေးကို ထုတ်ပြီး ဖတ်ပြခဲ့ပါတယ်။

‘(၂) နှစ်ပြည့်ကဗျာမိုးအမှတ်တရ’ လို့ ခေါင်းစဉ် ပေထားတဲ့ကဗျာပါ။

* ဆရာတင်မိုး

ဒေါင်းရိုးဖြူစင် ဂန္တ၀င်၊

* ပွဲဝင် စင်တက်၊ ၀ိညာဉ်လက်တို့၊

အကို့နေရာ၊ လပ်ရှာသိ (၂) နှစ် ရှိပြီ၊

* ကသီလင်တ နှိုင်းမရသော

ဒေါသလောင်မီး၊ ခါးသီးစရာ

မြန်မာခံစား၊ ဒုက္ခများကို

ကြားရလေလေ၊ လူစုံလေတိုင်း

နဘေကါရံ၊ နှံထက်နှံတက်

‘ကလောင်မြတ်’သာ၊ ရှိစမ်းပါလား

‘အုတ်ကြားမျက်’တွေ၊ ညက်ညက်ကြေအောင်

“တဒေါင်နှင့်ထောင်း၊ ခြေစောင်းနှင့်ခတ်

မြိုင်ရပ်ကိုနှင်၊ ကဗျာဆင်လိမ့်” ပြောချိမ့်ချိမ့်၊

* တသိမ့်သိမ့်ဝေး၊ နုအေးညင်သာ

တွေးမိလာသော်၊ အတော်ပါဘဲ

ဆင်းရဲကိုယ်စိတ်၊ နိဗာန်ဆိတ်မည့်

သပိတ်မှောက်ကံ၊ သံဃာသွေးရှင်

မြင်ရဘူးပေါ့၊

* သော့သောရမ်းရမ်း၊ ရေလွှမ်းဒီရိုက်

လေကြမ်းတိုက်နှင့်၊ ဒိုက်သောလူသော

အတူမျောကြ၊ သဘာဝပေး

ကူဖေးမနိုင်၊ လက်မှိုင် မျက်ရည်

တို့တွေကျရာ၊ သူ မပါတာ၊ ကံကေါင်းတာပေါ့။

* ကန်တော့ရည်မှန်း၊ ဆွမ်းပန်းကပ်လှူ

ကဗျာချစ်သူ၊ စာချစ်သူတို့

သူနှစ်မြို့အောင် …

ကလောင်လက်စမ်း၊ ကဗျာတမ်းလော့

ကိုယ်စွမ်းရှိစဉ် …

ခွပ်ဒေါင်းပီပြင်၊ မြန်မာခင်လော့ ။   ။

နှစ်ထောင့်ကိုးခုနှစ်၊ ဇန္န၀ါရီလ (၂၁) ရက်၊ မနက် ကိုးနာရီခွဲက စန်ဖရန်စစ်စကိုမြို့ရောက် ‘မောင်ရစ်’တို့ အိမ်မှာ ရေးခဲ့တဲ့ ကဗျာလေးပါရှင်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော် 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts