ဓာတ်ပုံသတင်း

၈၈ မျိုးဆက် ကိုဌေးကြွယ်နှင့် နယူးယောက်မြို့တော် မြန်မာကွန်မြူနီတီတို့ တွေ့ဆုံ

၈၈ မျိုးဆက် ကိုဌေးကြွယ်နှင့် နယူးယောက်မြို့တော် မြန်မာကွန်မြူနီတီတို့ တွေ့ဆုံ

မိုးမခဓာတ်ပုံသတင်း၊ မတ် ၂၃၊

ယမန်နေ့ မတ်လ ၂၂၊ သောကြာနေ့ ညနေခင်းက နယူးယောက်မြို့တော်ရှိ မြန်မာမိသားစုများနှင့် အမေရိကန်သို့ အလည်အပတ်ရောက်ရှိနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်တို့ ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံကြသည့် မိတ်ဆုံ ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ဧည့်ပရိသတ် ၁၀၀ နီးပါး တက်ရောက်ကြပြီး၊ နယူးယောက်မြို့တော်နှင့် အိမ်နီးချင်းမြို့နယ်များက မြန်မာ့အရေး နိုးကြားလှုပ်ရှားသူများ၊ အနုပညာရှင်များ၊ မြန်မာအသင်းအဖွဲ့များ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ စုံလင်စွာ တက်ရောက်ကြသည်။ လက်ရှိ မြန်မာနိုင်ငံရေးဖြစ်စဉ်နှင့် အပြောင်းအလဲများအပေါ် မြန်မာဧည့်ပရိသတ်၏ ပွင့်လင်းလွတ်လပ်စွာ မေးမြန်းခြင်း၊ ကိုဌေးကြွယ်က တိုက်ရိုက် ဖြေကြားခြင်းတို့ဖြင့် စိတ်ဝင်စားဖွယ်ရာ ပွဲတပွဲဖြစ်သည်ဟု ဆိုသည်။


ဧည့်ပရိသတ်တို့က လက်ရှိ လက်ပတောင်းတောင်အစီရင်ခံစာ၊ မိတ္ထိလာပဋိပက္ခ၊ ပြည်ပရောက် မြန်မာမိသားစုများအရေး နှင့် ၂၀၁၅ ရွေးကောက်ပွဲ အလားအလာများ၊ မျှော်လင့်ချက်များကို မေးမြန်းကြသည်ဟု ပွဲစီစဉ်သူတဦးဖြစ်သူ၊ အင်န်အယ်ဒီပါတီ လူငယ်ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူ ကိုနေတင်မြင့်က မိုးမခကို ပြောကြားသည်။

            “ဆရာမောင်စွမ်းရည်က နယူးယောက်မြန်မာမိသားစုများကိုယ်စား ကြိုဆိုတဲ့ မိတ်ဆက်စကားပြောကြားတယ်။ နောက်ပြီးတော့ ကျနော်က ကိုဌေးကြွယ်နဲ့ မြန်မာ့အရေးလှုပ်ရှားမှု ဖြတ်သန်းမှုတလျောက် ကြုံခဲ့ရတာတွေ၊ အမှတ်တရအကြောင်းတွေနဲ့ ပရိသတ်နဲ့ မိတ်ဆက်ပေးပါတယ်။ ကိုဌေးကြွယ်က သူရဲ့ သဘောထားနဲ့ အတွေ့အကြုံတွေကို ဆွေးနွေးအပြီးမှာ ပရိသတ်က တိုက်ရိုက်မေးမြန်းခွင့်ရတယ်။ ကိုဌေးကြွယ်ကလည်း ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ပြန်လည် ဖြေကြားတယ်။ ဆွေးနွေးပါတယ်။”

            လို့ ကိုနေတင်မြင့်က ပြောပြပါသည်။


            “ဧည့်သည်တွေထဲမှာ မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးကာလဖြစ်နေသည့် အားလျော်စွာ သီးသန့်စီ နေကြတဲ့ မြန်မာအသိုင်းအ၀ိုင်းတွေကို တစုတစည်းတည်း ထူးထူးခြားခြား ဆုံစည်းကြတယ်၊ စုဝေးကြတယ်လို့ ပြောနိုင်ပါတယ်။ အသိပညာ အတတ်ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောင်းသားလူငယ်တွေ၊ စသဖြင့် အလွှာပေါင်းစုံကို တွေ့ကြရတယ်”

            ဟု သူက ဆက်ပြောသည်။

            လက်ရှိဖြစ်ပေါ်နေသော မိတ္ထိလာပဋိပက္ခ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ပြည်တွင်းရှိ ၈၈ မျိုးဆက် ကိုမင်းကိုနိုင်တို့၏ သဘောထားနှင့် ထပ်တူရှိပြီး ဘေးပယောဂတွေ၊ သွေးထိုး လှုံဆော်မှုတွေကို သတိပြုကြရန် ပြောကြားသွားသည်ဟု ဆိုသည်။

            ကိုဌေးကြွယ်က နယူးယောက်မြို့တော် တွေ့ဆုံပွဲအပြီး အမေရိကန်အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် ၀ါရှင်တန်ဒီစီသို့ ပြန်လည် ထွက်ခွာသွားသည်။ ယခု သီတင်းပတ်အတွင်း နယူးယောက်ပြည်နယ် အခြားမြို့နယ်အချို့သို့သွားမည်ဟု သိရသည်။ နောက်ရက်သတ္တပတ်၊ သောကြာနေ့ မတ် ၂၉  ညနေခင်းတွင် ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများနှင့် ဖရီးမောင့်မြို့ စင်တာဗေးလ်ရိပ်သာတွင် တွေ့ဆုံမည် ဖြစ်သည်။


            (ဓာတ်ပုံ – နယူးယောက်မြန်မာကွန်မြူနီတီမိသားစုများနှင့် ကိုနေတင်မြင့်က ကျေးဇူးပြုသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts