မျက်မှောက်ရေးရာ သတင်းပဒေသာ

နယ်စပ်ဒုက္ခသည်စခန်းတစ်ခု မီးအကြီးအကျယ်လောင်၊ သေဆုံးသူ များပြား – Myanmar refugees killed in fire at Thai camp

မိုးမခအထောက်တော် အမှတ် ဝဝ၃မတ် ၂၃၊ ၂၀၁၃

ထိုင်းမြန်မာနယ်စပ် မဲဟောင်ဆောင် ဒေသ ဒုက္ခသည်စခန်း တစ်ခုတွင် ယမန်နေ့ ညနေပိုင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားရာ အများအပြား ဒဏ်ရာရ သေဆုံးသွားကြသည်။

ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ ဟု မြန်မာတို့က ခေါ်သည့် ထိုစခန်းအတွင်း မီးလောင်မှုကြောင့် သေဆုံးသည့် အရေအတွက်မှာ ၃၀ ခန့်သာ ဖြစ်သော်လည်း ယနေ့ နေ့ခင်းပိုင်းတွင် အရေအတွက်က ၄၀ ကျော်အထိ တိုးပွားလာသည်ကို သတင်းများတွင် တွေ့ရသည်။

ပြီးခဲ့သောနာရီပိုင်းအတွင်း ပေါ်ထွက်လာသည့် ဘန်ကောက်ပို့စ်သတင်းစာ အင်တာနက် သတင်းတစ်ပုဒ်တွင်မူ သေဆုံးသူ အရေအတွက် အနည်းဆုံး ၆၂ ဦး ရှိသည်ဟု  အာဏာပိုင်တို့က ပြောဆိုကြောင်း ရေးသားထားသည်ကို တွေ့ရှိရသည်။

မီးလောင်ရုပ်ကြွင်းများကို စခန်းအတွင်း ထပ်မံတွေ့ရှိရကြောင်း မယ်ဟောင်ဆောင်ဒေသ ပြည်သူ့ကျန်းမာရေးဌာန အကြီးအကဲ ဒေါက်တာ  Paisarn Thanyawinitchakul က ပြောကြားသည်ဟု ဆိုသည်။

မီးဘေးမှ လွတ်အောင် မပြေးနိုင်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့ကြောင့် သေဆုံးမှု များပြားရခြင်းဖြစ်သည်ဟု သူက ပြောဆိုသည်။

ထောက်လှမ်းရေးအရာရှိတစ်ဦး၏ အဆိုအရ အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အိုတို့ အများဆုံး သေဆုံးသည်ဟု ဘန်ကောက်ပို့စ်တွင် ရေးထားသည်။

မီးလောင်ရခြင်းမှာ အစားအစာချက်ပြုတ်ရာမှ စတင်ကြောင်း၊ တဲအိမ် ၃၀၀ ကျော် လောင်ကျွမ်းသွားကြောင်း၊ မီးလောင်မှုကို ယနေ့နံနက်တွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း

ထိုဒေသ အုပ်ချုပ်ရေး အရာရှိတစ်ဦးဖြစ်သူ Sangkom Klapthiangsaen က ပြောဆိုသည်ဟု ဘန်ကောက်ပို့စ်တွင် ရေးထားသည်။

မီးကူးစက်မှု လျှင်မြန်လွန်းကြောင်း၊ လူနာများ ရှောင်တိမ်းချိန် မရသဖြင့် စခန်းအတွင်းရှိ ဆေးရုံတွင် အများအပြား သေဆုံးကြောင်း ဘန်ကောက်အခြေစိုက် နေးရှင်းသတင်းစာ အွန်လိုင်းသတင်း တစ်ပုဒ်တွင် ရေးထားသည်။

ရာသီဥတု ပူပြင်းခြင်း၊ လေတိုက်ခတ်ခြင်းတို့ကြောင့် သက်ငယ်မိုးဝါးတဲအိမ်များ မီးလောင်မှု ဆိုးရွား ကြီးထွားခဲ့ရသည်ဟု ဒေသခံ အရာရှိတစ်ဦးက ပြောကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် ရေးထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts