ကံထွန်းသစ် ရသဆောင်းပါးစုံ

ကမ္ဘာတည်မည့် ဂုဏ်

ကံထွန်းသစ်
မတ်လ ၂၀၊ ၂၀၁၃
ရိုမန်ကက်သလစ်ဘာသာဝင်တို့၏ ရဟန်းမင်းကြီး ဘာနာဒစ်၏နေရာကို အာဂျင်တီးနားဇာတိ ရဟန်းမင်းကြီးဖြင့် အစားထိုးခန့်သည့်နောက်တနေ့၊ ပုပ်ဟောင်း၏နေရာကို ပုပ်သစ်ဖြင့်အစားထိုးပွဲ၊ ဘာတီကန်နန်းတော်ခေါင်းတိုင်မှ ရွေးချယ်မှုအောင်မြင်ခြင်းအထိမ်းအမှတ် မီးခိုးဖြူထွက်လာသည့် သတင်းကို ကိုယ်ငေးနေစဉ် …

 

“ဟလို …”

 

ကိုယ်၏ခွန်းဆက်သံပင်မဆုံး၊

 

“ဘုန်းဘုန်း … သတင်းဖတ်ပြီးပလား … မစိုးရိမ်ဆရာတော်ကြီး ပျံလွန်တော်မူသွားပြီဘုရား”

 

LA က အစ်မ၊ ဆရာတော်ကြီးအကြောင်း၊ နိုင်ငံရေးနယ်ပယ်က ဂယက်၊ ဟိုအကြောင်း သည်အကြောင်း အနည်းငယ်စီပြောကာ ဖုန်းချသွားသည့်တိုင် ပဲ့တင်ထပ်ကျန်ခဲ့သည်က “ဆရာတော် ပျံတော်မူ သွားပြီ” … တဲ့။

 

“ဆရာတော်ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ”၊ မစိုးရိမ်တိုက်ကြီးတို့၏ နာယက၊ စာသင်သားတို့၏ဆရာ၊ ထက်မြက်သော၊ ရဲရင့်သော၊ ရိုးသားသောဂုဏ်တို့အရှင်။ မနေ့ကပင် ဆရာတော်မိန့်ခဲ့သော စကားလေးတခွန်းကို စာကိုးလို၍ အမိမြေကို လှမ်းတောင်းခဲ့သေးရဲ့၊ ခုတော့ … နှောင်းခဲ့ပြီ။

 

ဆရာတော် ရှစ်ဆယ်ပြည့်ပူဇာ စာအုပ်ထုတ်ရန်ပြင်ကြတော့ ကိုယ့်ကိုလည်း ရေးဖော်ညီနောင် တွေက တိုက်တွန်းကြသည်။ သူတို့ရေးသားကြသည့် ဆောင်းပါးတို့ကို ပေးဖတ်ကြသည့်အခါ ဆရာ တော်ကို တိုး၍ ကြည်ညိုခဲ့ရသလို ရေးသားပူဇော်လိုခဲ့သည်မှာအမှန်။

 

နောက်ပြီး ဆရာတော်၏တပည့်ဒကာရင်း၊ ဆန်ဖရန်မှ အစ်မက ထိုစာစောင်တွင် ရေးသား ခြင်းဖြင့် ပူဇော်စေချင်ကြောင်း၊ ဆရာတော်ကြီးကို သူ့ဖခင်လက်ထက်ကတည်းက  ဆည်းကပ်ခဲ့ကြ ကြောင်း၊ “အင်မတန်” … ဆိုသည့် စကားဝိသေသနပုဒ်လေးဖြင့် ဆရာတော်၏ သီလဂုဏ်၊ ပညာဂုဏ်၊ ခမာဂုဏ်၊ ဥဇုဂုဏ်တို့ကို ပြောပြနေသည်။ ကိုယ့်ဆီက တုံ့ပြန်သံ လေးဖင့်နေ၍ထင့်၊

 

“အင်း … ဘာမဆို စိတ်ပါမှလုပ်တတ်တဲ့သူကို အတင်းရေးခိုင်းနေတာကိုက တပည့်တော်မ အမှားဖြစ်နေပြီထင်ပါရဲ့” ဆိုကာ ဖုန်းချသွားတော့သည်။ အမှန်က အဲသည်ကတည်းက စာရေးဖို့ စိတ်ကူး ရှိသည်ကို မပြောဖြစ်လိုက်။

 

နီးနေ၊ ဝေးနေ တပည့်တွေက ပူဇော်ကြသည်သာမက၊ မြင်တပည့်၊ ကြားတပည့်တွေကလည်း ပူဇော်ကြခြင်းကို ဖတ်ရှုရလျှင် ဆရာတော်ကြီး ပို၍ ပီတိဖြစ်တော်မူမည်။ ပြီး … ကိုယ့်အရေးသား ကိုလည်း ထိုစာအုပ်ကြီးမှာ ပါစေချင်သည်တဲ့၊ ထိုအစ်မ၏ ကြီးသန်သောဆန္ဒ၊ ခက်တာက စာဖြစ်ရုံ ကိုယ်မရေးတတ်၊ “ရှင်ဘုရင့်အသရေ၊ ငတေကြောင့်မပျက်စေချင်”၊ ဂုဏ်နှင့်သကတ် ထပ်မိစေရန် ကိုယ်ဆရာတော့်အကြောင်းတွေ စဉ်းစားနေမိသည်။ အချက်လက်လေးတွေ ရှာဖွေနေမိသည်။ ထိုစဉ် ဆရာတော် စင်္ကာပူမှာ ဆေးကုသခံနေရကြောင်း ကြားရပြန်သည်။

 

ကိုယ် ရေးဖို့အားခဲမိသည်။ ညစဉ် စာရေးစားပွဲထိုင်တိုင်း ဆရာတော်၏ပုံလေးကိုဖူးရင်း ပိန်ပါး ပါးခန္ဓာနှင့် ကြီးမြင့်သောသိက္ခာ၊ ခိုင်မာသော ဇွဲနှင့် ရဲရင့်သောနှလုံးသားတို့ကို ဖူးတွေ့ရသည်။

 

နီညိုရောင်သင်္ကန်းနေရာတွင် ဖြူညစ်ညစ်၊ ပြာတာတာ ဝတ်စုံဖားဖားနှင့်ဆရာတော်၊ သံဃာ ရာပေါင်းများစွာကို ပရိယတ္တိစာပေ တွေပို့ချပေးနေ ရာမှ မအပ်စပ်သည့်နေရာတွင် “ပုံစံထိုင်” နေတော်မူ ရသည့် ဆရာတော်။

 

သံဃာရာကျော်ကိုအုပ်ချုပ်ခဲ့သောဆရာတော်အား ဝါဒါဆိုသူများ၏ “ဦး” မပါ “ကို” မထည့်ဘဲ ခေါ်သံ၊ လောက၏ပူဇော်ခံဆရာတော်သည် တခါက ရေချိုးရန်ပင် ပန်းကန်ပြားပက်နှင့်ခပ်၍ အမိန့်ပေး မှ ချိုးရသည့်အနေအထား၊ သီလကြီးသူနှင့် ရာဇဝတ်သား၊ ပညာကြီးသူနှင့် အာဏာငတ်၊ သူတော်စင်နှင့် စစ်မာန်ကြွ တို့ကို နှိုင်းယှဉ်မြင်မိရင်း တညဥ့်လွန်ရမြဲ။ တက်ခေါက်ရင်း၊ ရေရွတ်ရင်း စာရေးစားပွဲမှ ထခဲ့ရမြဲ။

 

အခုရော ဘာကိုရေးရမလဲ … ။ သည်အကြောင်းတွေကို ပြည့်စုံစွာကမ္ဗည်းမတင်နိုင်ဘဲ ရေးမိသောကိုယ့်စာသည် တာဝန်ကျေသောကမ္ဗည်း ဖြစ်မှဖြစ်ပါလေစ … ဟူး …။

 

အရာရာကို မလိုလားလျှင် နယ်ချဲ့အမွေဟု လက်ညှိုးထိုးလေ့ရှိသော အုပ်ချုပ်သူများသည် သည်ထောင်တွင်းကျင့်စဉ်တွေကိုတော့ ဘာ ကြောင့် မြတ်နိုးထိန်းသိမ်းနေပါလိမ့်။ ဒါဆိုလျှင် … ကိုလိုနီ နယ်ချဲ့က ဂုဏ်သိက္ခာ၊ ပညာအလိုက် “အေ ကလပ်၊ ဘီ ကလပ်၊ စီ ကလပ်” စသည် အကျဉ်းသားတွေကို အခွင့်ပေးခဲ့သည်ကျ ဘာကြောင့် ဖျက်ဆီးပစ်ခဲ့ကြသလဲ …၊ ကိုယ် ကျယ်ကျယ် လောင်လောင် မေးစမ်းချင် သည်။

 

ခုတော့ … အေကလပ် ဝေးစွ၊ မုဒိန်းတန္တနှင့် သူတော်စင်၊ တခါတရံ  မုဒိန်းတန္တတို့ကပင် အခွင့်ရေးသာချင်။ ကြောင့်ကြမဲ့ စံနေနိုင်ပါလျက်နှင့် အများအရေး၊ လောကအရေး၊ သာသနာတော် အရေးအတွက် ထောင်ရပ်မှာ သီတင်းသုံးခဲ့ရ။ အကျဉ်းစံဖက် သူ့နောင်တော် “ဆရာတော်ဘဒ္ဒန္တ ကောဝိဒါ ဘိဝံသ” ဆိုလျှင် ရွှေပြည်နှင့်ဝေးသည့် နယူးယောက်မှာပင် ခေါင်းတော်ချခဲ့ရ။

 

အော် … တခါတလေ “မှန်သူက ဒဏ်၊ မမှန်သူက စံ” ရသည့်ကိန်းတွေလည်း ရှိတတ်ပေရဲ့။ ဒါကိုပင် ကံဟု ဆိုကြလေသလား။

 

မည်သို့ဖြစ်စေ၊ ဆရာတော် (ဆရာတော်နှစ်ပါးလုံး) ကတော့ လောကအပေါ် တာဝန်ကျေသူ များမို့ လောက ကလည်း ထိုက်တန်သော ပူဇော်မှုဖြင့် ကမ္ဗည်းတင်နေမည်မှာအမှန်ပင်။

 

သာသနာနှင့် လောကကို တိုးပွားစည်ပင်စေသလို သာသနာနှင့်လောက ဘေးကြုံရန် တွေ့သည့်အခါလည်း “ဒေဝါရက္ခန္တတု သဗ္ဗဒါ” နှင့် မျက်နှာလွှဲလေ့မရှိသော ဆရာတော်၊

 

“အေး … သြဝါဒဆိုလို့ သည် ငါ့သြဝါဒတွေနာရပြီး အားလုံး လိမ္မာယဉ်ကျေးသွားကြမယ်လို့ မမျှော်လင့်ကြနဲ့၊ ဘုရားရှင်ရဲ့အဆုံးအမတွေ နာရ၊ ဖတ်ရပြီး လမ်းလွဲသွားတဲ့သူတွေ အများကြီး” ဟု ကိုယ်ရည်မသွေး၊ အတိဝုတ္တ ဒေါသမပါ မိန့်ခဲ့သောဆရာတော်။

 

“အေးကွာ … ပုတီးနဲ့အမြဲ စိတ်နေပေမယ့် ပုတီးစေ့တိုင်း သမာဓိရတယ်မထင်ပါနဲ့ကွာ၊ ဒါပေမယ့် ကာယကံကုသိုလ်တွေဖြစ်နေတာပေါ့” ဟု ရိုးသားစွာမိန့်လေ့ရှိသော ဥဇုဂုဏ်၊ သုဟုဇု ဂုဏ်ရှင်။

 

ခုတော့ သူမြတ်နိုးသောသာသနာနှင့် သူချစ်သောလောကကို မျက်ကွယ်ပြုပေပြီ။

 

“သရီရဿ ဂုဏာနဉ္စ၊ ဒူရမစ္ဆ န္တ မန္တဝံ

 

သရီရ ခဏ ဝိဒ္ဓံသီ၊ ဂုဏာတု ကပ္ပဌိတိယော” တဲ့ …။

 

ရှေး “ရစနာ” လေးတပုဒ် ခေါင်းထဲမှာပေါ်လာသည်။ ကိုယ်ခန္ဓာနှင့် ထိုခန္ဓာကိုမှီ၍ ဆည်းပူး ခဲ့သော ဂုဏ်ကျေးဇူးတို့ကား များစွာကွာခြားသည်တဲ့။ ကိုယ်ခန္ဓာက ခဏလေးနှင့်ပျောက်ကွယ်သွားပြီး ဂုဏ်ကတော့ ကမ္ဘာဆုံးတိုင် တည်သည်တဲ့။ ဒါ … ဆရာတော်တို့လို ပုဂ္ဂိုလ်မြတ်များတွက် ရွယ်ခဲ့မည်မှာ မလွဲနိုင်။ ကိုယ်ပြောရဲသည်၊ ဆရာတော်၏ ဂုဏ်တို့ကား ခေတ်အဆက်ဆက် တည်သွားလိမ့်မည်ဟု …။

 

ဘာပဲဖြစ်ဖြစ်လေ၊ “ပုပ်ရဟန်းမင်းကြီးဘာနာဒစ်” နေရာတွင် “ပုပ်ရဟန်းသစ်ဖရန်စစ်”နှင့် အစားထိုးသလို ဆရာတော်၏နေရာမှာ အစားမ ထိုးနိုင်သော်မှ သာသနာညှိုးသောအခါ၊ လောက လောင်ခြစ်သောအခါ၊ တိုင်းပြည်ပူပင်သောအခါ အားလုံးအတွက် “ရဲရင့်သည့်ဂုဏ်ရှင်” ဆိုသည့် နေရာကိုတော့ အစားထိုးနိုင်ကြပါစေသား …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts