ဆောင်းယွန်းလ

ဆောင်းယွန်းလ – တဒင်္ဂလေးများ (၂)

တဒင်္ဂလေးများ (၂)
ဆောင်းယွန်းလ
နိုဝင်ဘာ ၆၊ ၂၀၁၃


အခြေအနေ ရွှေငွေတို့နှင့်
ဘ၀အရေး ခဏတဖြုတ်လေးများမှသည်
လူတလုံးသူတလုံးဖြစ်ရေးနှင့် ရှေးဟောင်းနှောင်းဖြစ် ဘိုးဘေးဘီဘင်ထိ
တဒင်္ဂစိတ်ကူးများအတွင်း တဒင်္ဂနှင်းမိုးများရွာချပြီးနောက်
တဒင်္ဂနေတပွင့်က တဒင်္ဂပန်းခြံတခုအတွင်းသို့
အလေအလွင့်များကိုသယ်ဆောင်လျှက် လမ်းလျှောက်ဝင်လာခဲ့သည်…
ကံအကြောင်းလှခဲ့ဖူးသော ဒဏ္ဏာရီထဲက ပုံပြင်များစွာတို့နှင့်
ရောင်းအားအသွက်ဆုံး ကုန်ပစ္စည်းကြော်ငြာထက်က
ခေတ်ရှေ့သို့ ဟပ်ထိုးလဲနေသော နောက်ဆုံးပေါ်မော်ဒယ်မလေး၏ ရုပ်ပုံလွှာတို့သည်
နှုတ်လုံအောင် ကိုယ်ခံအားအထပ်ထပ်ကျင့်မှတ်ထားခဲ့သော သမာဓိအားကို
ကမ္ဘာစစ်ပွဲများ တပွဲပြီးတပွဲ ကြေငြာသလို တဒင်္ဂအတွင်း စစ်ကြေငြာလျှက်…
ဗလာမဲများဖောက်ပြီး ချက်အရက်ပုလင်းထဲသို့ မူးလဲသွားသော ကံကြမ္မာနှင့်
သံသရာတွင် ဒဏ်ရာပါးပါးတို့ကိုပေးပြီး အလံထူထားသည့်
မိတ်ဖက်အသွင်ဆောင်/ပြုထားသော ရန်သူသည်
အဖြူအမည်းမသဲကွဲသေးသော ဆုတ်သာတတ်သာရှိမည့် ဝေလီဝေလင်းလှေခါးထစ်တွင်
နေရောင်ထွက်လာမည့် ရွှေရောင်မနက်ခင်းသစ်များစွာတို့ကို စိမ်ပြေနပြေရိတ်သိမ်းလျှက်…
အပျင်းပြေတရေးတမော အိပ်မောကျခြင်းထဲတွင်
အိပ်မက်မက်နေတတ်သော အလိုဆန္ဒလွန်ရမ္မက်များအား
အပျိုရည်ပျက်သွားသည့် တဖက်လမ်းကျော်က အလန်းဇယားမလေးက
မှန်းချက်မကိုက်သော ခရိုနီတကောင်၏ ဗိုက်ပေါ်တွင် 
ဟစ်ပ်ဟော့ပ်တေးသီချင်းတပိုဒ်ကို ဆိုပြလျှက်…
တိုက်ပုံဒီဇိုင်းအသစ်အဆန်းများနှင့် ထင်တိုင်းလန်းနေကြသော အဖြစ်သနစ်များစွာတို့ကို
အသက်ကုန်နေသော ဓာတ်ပုံတချပ်ထဲမှ ရဲရဲတောက်မိန့်ခွန်းတို့သည်
မသိမသာငဲ့စောင်းကြည့်ရင်းမှ သက်ပြင်းများစွာတို့ကို မီးခိုးလုံးကြီးငယ် မှုတ်ထုတ်လျှက်…
နေ့လည်ခင်းများကို တခင်းပြီးတခင်း အမှောင်ထဲရွှေ့သွင်းသွားသည့် ညတစ္ဆေများနှင့်
နံနက်ကိုင်းဖျားတွင် တဖျပ်ဖျပ်လာနားသွားသော နိုင်ငံတော်သီချင်းတပိုင်းတစတို့သည်
ကျွန်ဇာတ်သွင်းခဲ့သူများ၏ လေထဲက ဖယောင်းတိုင်မီးတောက်ကို ဖင်ခုထိုင်ရင်းက
ကကြိုးကကွက်များကို တနေ့တမျိုးမရိုးရစေအောင်
တဒင်္ဂအတွင်း အဆင်ပြေသလို အကွက်ရွှေ့ အကွက်ပြောင်းရင်း…
တဒင်္ဂများစွာတို့၏ …………….. တဒင်္ဂများစွာတို့သည်……………
တဒင်္ဂဇာတ်ခုံပေါ်တွင် တဒင်္ဂဇာတ်လမ်းများနှင့် တဒင်္ဂငြိမ်းချမ်းစွာ တဒင်္ဂ ဖြေဖျော်လျှက်…
တဒင်္ဂအငတ်ဘေးများ တဒင်္ဂစစ်ပွဲများ တဒင်္ဂသဘာဝကပ်ဘေးများ
တဒင်္ဂပျော်ရွှင်ခြင်း တဒင်္ဂငြီးတွားသံ တဒင်္ဂအတိတ်နှင့် တဒင်္ဂပစ္စုပ္ပန်တို့အားလုံး
ရေကြည်ရာမြက်နုရာ အနာဂတ်သို့ တဒင်္ဂထွက်ခွာသွားချိန်တွင် 
တသက်လုံးနေထိုင်လာခဲ့ရာ အိမ်သည်လည်း မှုံပျပျမြင်ကွင်းများအောက်တွင်

တဒင်္ဂအတွင်း တဖြေးဖြေးနှင့် တရေးရေး ပျောက်ကွယ်…..။        ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts