ရသဆောင်းပါးစုံ
ကုသိုလ်ကံ မဆက်လိုက်မိတော့
ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
မတ်လ ၁၄၊ ၂၀၁၃
 လွန်ခဲ့သော ၃နှစ်ကျော်က ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတစ်ခုမှ အမေရိကန်နိုင်ငံ၊ ဂျူးဘာသာရေးအဖွဲ့  အစည်းတစ်ခု စပွန်စာဖြင့် မိမိနေထိုင်ရာ နော့သ်ကာရိုလိုင်းနား၊ မြန်မာဗုဒ္ဓဘာသာကျောင်းတိုက်အနီး (Greensboro)မြို့ တွင် စောနဘန်းတို့ မိသားစု အပါအဝင် မြန်မာနိုင်ငံတိုင်းရင်းသား ဒုက္ခသည် ၈-စု ရောက်ရှိလာခဲ့ကြသည်။ ဘာသာဝင်အနေနဲ့ တွက်ရင် ဗုဒ္ဓဘာသာမိသားစု ၅စု၊ မူဆလင်မိသားစု ၂စု၊ ခရစ်ယာန် မိသားစု ၁စု။ စပွန်ဆာပေးတဲ့ အဖွဲ့ ကသေးတော့  ဝန်းထမ်းနည်း၍ မြန်မာမိသားစု ၈-စုလုံး ရောက်ရောက်ခြင်း စားစရာ ဝတ်စရာ အချိန်မှီ မရရှိဘဲ ဒုက္ခရောက်နေကြောင်း သတင်းရသူ တစ်ဦးက မိမိထံ အကြောင်းကြားတော့ သွားတွေ့ ကာ လိုအပ်တာတွေ အကူအညီ ပေးခဲ့သည်။ မိမိဘာသာဝင်  မဟုတ်ကြသူများကိုလဲ နိုင်ငံသား စိတ်ဓာတ်အနေနဲ့  မခွဲမခြားစိတ်ထားကာ ကူညီခဲ့သည်။
    နောက် ၄လလောက်ကြာသည်ထိ အလုပ်များ မရကြ၍ မိသားစုတွေ ဒုက္ခပိုမိုကြီးလာသည်။  အိမ်လခတွေ ကိုယ်တိုင်ပေးရတော့မည်ဆိုတာ သိလာရတော့ ပိုပူပင်လာကြသည်။ မိမိထံဖုန်းဆက်ပြီး သူတို့  အပူများကို ပြောပြကြသည်။ သံသရာဝဋ်ဒုက္ခက အမြန်လွတ်မြောက်လို၏လို့ ဆုတွေတောင်းလာသူ မိမိအဖို့  သံသရာ၌ နစ်မွန်းနေသော သတ္တဝါတွေကို ကယ်တင်ရလို၏ ဆိုတဲ့ ဘုရားအလောင်းဆုကို ပြန်တောင်းရမလို။ သူတို့ အပူတွေက မိမိကို ကူးစက်လာခဲ့သည်။ အဲဒီအပူများထဲတွင် သူတို့ တွေ အဆင်မပြေကြလို့ ငါ့ဆီများ ငွေချေးခဲ့ရင်ဆိုတဲ့ အပူကတစ်ခု။ အဲဒီအပူမကပ်အောင် တတ်နိုင်သမျှ အလုပ်ရဖို့ ရှာပေးရသည်၊၊ အလုပ်မရခဲ့ ကြပါ။ မကြာမီဘဲ အပူက မိမိကိုကူးလာခဲ့သည်။ အလုပ်ပေါသော သူတို့ ငယ်ချင်းများရှိရာသို့  ပြောင်းချင် ကြောင်း၊ ခေတ္တ လမ်းစရိတ်စိုက်ပေးစေလိုကြောင်းများ ကိုယ့်ဘာသာဝင်အချို့က အပူကပ်လာကြသည်။ သူတို့  ဘိုးဘွားမိဘတွေ ညွန်ပြမှုကြောင့် ဒီနေ့ ထိ ဒုက္ခတွေကြားက ကိုယ့်ဘာသာတရားကို မမေ့ကြသေးတာပါ လားဆိုတဲ့ ကျေးဇူးအတွေးကို တွေးမိပြီး သွားလိုတဲ့နေရာကို ပို့ ပေးခဲ့သည်။ သူတို့ အပူကို ကိုယ့်ပေးထား ခဲ့သည်ကို သတိမှ ထားမိကြပါလေစပေါ့။ လေဆိပ်နဲ့  ကားဂိတ်တွေမှာ ကလေးငယ်များရဲ့ ရှိခိုးပြီး နှုတ်ဆက် သွားကြတာကို ကြည့်ရင်း စိတ်တွင်ကြည်နူးကာ သတိရကျန်ခဲ့သည်။ ကိုယ့်နိုင်သားတွေ ဘယ်မှာမေ့နိုင်ပ။
စောနဘန်း နဲ့ နန်းရွှေဝါတို့ မိသားစု ကလေးသုံးယောက်နှင့် နော့သ်ကာရိုလိုင်းနားမှာ ဆက်နေကြ သည်။ မှတ်မိနေသည်။ တနေ့  ဘဏ်တစ်ခုကို သူတို့ ရဲ့ ရှိစုမဲ့စု ဒေါ်လာလေးတွေ သွားပြီးတော့ စာရင်းဖွင့်တော့ လက်မှတ်ထိုးရာမှာ နန်းရွှေဝါက သူ့ လက်မှတ်ကို ဝလုံး ပိန်ပိန်လေး ထိုးပေးလိုက်သည်။ စောနဘန်းကတော့ တစ်မီးနှစ်လောက်အချိန်ယူကာ အင်္ဂလိပ်လို သူ့ နာမည်ရေးပြီး လက်မှတ်ထိုးပေးလိုက်သည်။ အင်္ဂလိပ်လိုသူ့  နာမည်လေး ရေးပေးလိုက်သော ခင်ပွန်းသည်စောနဘန်းကို နန်းရွှေဝါက ပြုံးလျှက် ဂုဏ်ယူစွာကြည့်နေခဲ့သည်။ ဘဏ်ဝန်ထမ်းက မိမိကို သူတို့ ဘဝအကြောင်းလေး မေးခိုင်းသည်။ အဲဒီတော့မှ စောနဘန်းက မြန်မာပြည်မှာ ၂တန်းအောင်ခဲ့ပြီး နန်းရွှေဝါက တစ်တန်းမှ မအောင်ခဲ့တာကိုသိခဲ့ရသည်။ ဘဏ်ဝန်ထမ်းက မြန်မာပြည်မှာ ဘာတွေလုပ်ခဲ့သလဲမေးတော့ နန်းရွှေဝါက ၁၁နှစ်သမီးထဲက လယ်ထဲမှာ မိဘများနှင့်အတူ စပါးစိုက်လိုက် ကြောင်းပြောတော့ ရိုက်စ်တက္ကသိုလ်(Rice University)မှာ ပညာသင်ခဲ့တာပေါ့လို့  ရယ်စရာ စလိုက်သည်။                စောနဘန်းတစ်ယောက် ကြက်သားစက်ရုံမှာ အလုပ်လုပ်ရင်း မိသားစုတာဝန်ကို ကျေပွန်ခဲ့သည်၊၊ နှစ်ကြာလာတော့ ဝင်ငွေပိုလေးတွေရှိလာကာ အပေါင်းအသင်းများနှင့် ယစ်ရေလေးချ ငါးကလေးတွေမျှားကာ ဘာသာရေးနဲ့ ဝေးလာသည်။ ၁နှစ် ၆ကြိမ်မျှသာ ကျင်းပပြုလုပ်သည့် မိမိကျောင်းဘာသာရေးပွဲများတောင်မှ ကားလွှတ် ခေါ်သော်လည်း မလိုက်ဖြစ်တော့။ နန်းရွှေဝါကတော့ သားသ္မီးတွေနှင့် ကျောင်းပွဲရှိလျှင် အရောက် လာတတ်သည်။ တတ်နိုင်သမျှ ကုသိုလ်လုပ်ရှာသည်။ ကလေးတွေက ဘုရားနဲ့ ဘုန်းကြီး ဦးချရာမှာ စနစ်တကျ လေးချတတ်၍ မိခင်က သင်ပေးထားသားဘဲလို့  မှတ်ချက်ချမိခဲ့သည်။ သူတို့ ဦးချတိုင်း ကျန်းမာချမ်းသာစေဗျား ဆိုတဲ့ ဆုကိုတော့  မိမိက အမြဲပေးခဲ့မြဲ။
စောနဘန်းဆုံးပြီဆိုတာကြားတော့ ကုသိုလ်လေးတွေ အတိတ်ကပါလာလို့  လူဖြစ်ရ၊ လူဖြစ်တော့လဲ အမေရိကလို နိုင်ငံမျိုးမှာ ပြောင်းရွှေ နေထိုင်ခွင့်ရပေမဲ့ ကံကောင်းလို့ ဆိုတဲ့ အသိ၊ မကောင်းတာတွေလုပ်နေတဲ့ အချိန်တွေကို ကောင်းတာလုပ်ချိန်တွေနဲ့ အစားထိုးရမယ်ဆိုတဲ့ အသိက မဝင်မိလေတော့ ရှိနေသည့် ကောင်းကံလေးတွေ နောက်ထပ် ကောင်းကံတွေနဲ့  ဂဟေမဆက်မိရှာ။ မိသားစုနှင့်အတူ အပျင်းပြေခရီး ထွက်ရင်း အပြန်မှာ ကားမှောက်ကာ နေရာတွင်ပင် ပအို့ ကရင် ဗုဒ္ဓဘာသာဝင် စောနဘန်းကြီး ဆုံးသွားခဲ့သည်။ ကရင်ဗုဒ္ဓဘာသာဝင် နန်းရွှေဝါနဲ့  သားသ္မီးတွေကတော့ အတိတ်က ကောင်းကံတွေကို ပစ္စုပ္ပန်ကောင်းကံတွေနဲ့   ဂဟေဆက်ထားလို့  ထင်ရဲ့ အနည်းငယ် ဒဏ်ရာကလွဲရင်  အသက်အန္တရာယ် မစိုးရိမ်ရ။
စောနဘန်းနဲ့ မိရွှေဝါတို့ ရဲ့ မိမိကားပေါ်မှာ လိုက်ပါလာတိုင်း ပြောစကားများနဲ့  အမူအရာများကို ငယ်ငယ်ကပါလာခဲ့တဲ့ ကဗျာဉာဏ်လေး တွေနှင့် လွန်ခဲ့တဲ့ ၃ နှစ်က ကဗျာတစ်ပုဒ်ဖွဲ့ ဖြစ်ခဲ့သည်။ စောနဘန်းကို အမှတ်ရ၍ စိတ်ထဲမှာ ရွတ်ကြည့်နေမိသည်။ ကဗျာခေါင်းစဉ်က “မင်းကြောင့်”တဲ့။
ငါဒီရောက်တော့မှ
မင်းတို့ အစိုးရ မကောင်းတာတွေ ကုန်စင်အောင် သိတော့တယ်။
အစစ ဘာမှကို အဆင်မပြေဘူး
အင်တာဗြူး မျက်လုံးကိုပြူးလို့ 
အလုပ်  အဟုတ်ကို  ရှာရခက်တာ
ရပြန်တော့လည်း ခဏခဏပြုတ်
ဆန်ပြုပ်တော့ မင်းတို့ ဆီမှာလို  မသောက်ရသေး။
စားစရာဖုစတန့် ကဒ်လေး  သူတို့ ကပေးလို့ 
တော်သေးတယ်နော်လို့  တိုးတိုးကပ်ပြော
ဝနှစ်လုံးပူး ထဆင်ထူးတောင် မသိတဲ့ချစ်သူကို
ဖြေသိမ့်ရတာကလည်း အမော။
သူ့ အထက်က ၂တန်းကြီးတောင်
မင်းတို့ ဆီက ပညာရေးနဲ့ ဆို
အရမ်းအရမ်းကို သာနေလို့ 
ဒီ၂တန်းတောင်၂ မိုင်ကျော် ခြေလျင်လျှောက်
၃ နှစ်လောက် ကြိုးစားခဲ့ရတာကို သူသာအသိဆုံးမို့ 
တန်ဖိုးတော့ ထားရမှာပေါ့။
အပိုအဆာလေး
ကွပ်ပျစ်ပေါ်မှာ မွေးခဲ့တဲ့ ၃ယောက်
အင်္ဂလိပ်စကားလေး ပေါက်တော့မှ
အားကိုးရတော့မှာဘဲလို့  ငြီးပြော ပြောနေတုန်း
တယ်လီဖုန်းလာတယ်
အလုပ်အတွက် အင်တာဗြူးရအောင် ကားလွှတ်လိုက်ပြီ်တဲ့။
အဆင်ပြေမှာပါအကို အကိုရဲ့ အရည်အချင်းနဲဆို
အထင်ကြီးတဲ့စကားလားတော့ မသိ
ကြီး၏တော့  ရှိသည့်ထင်ပါရဲ့။
ကမ့်ပ် (camp)ထဲမှာ သင်ခဲ့တဲ့  ဂွတ်ဒမောနင်း
တို့  အားတင်းပြောနေရတာ  မင်းလေး မသိရှာဘူး။
အိုကေကွာ ငါသွားတော့မယ် ။
အဆင်ပြေရမယ်ဟေ့ တစ်နေ့  ဟစ်ကြွေးလို့ အော်။
ထဆင်ထူး သိသူနဲ့  မသိသူ
အပူတွေ ဆူနေတဲ့ အမေရိကက တို့ ဘဝ
ဒါတွေဟာ မင်းတို့ ကြောင့် မဟုတ်ရင် ဘယ်သူ့ ကြောင့်။
မိမိရဲ့ ကဗျာတွေထဲက ဇာတ်ဆောင်တစ်ယောက် မျက်မှောက် ၀၃၊ ၀၉ ၊ ၂၀၁၃ နေ့ က ပျောက်သွားခဲ့ပြီ။ စောနဘန်းကြီးရာ မင့်မိသားစုနဲ့ တို့ တွေ (03/16/2013)နေ့ မှာ ဝိုင်းစုပြုမည့် ကုသိုလ်တွေကို သာဓုခေါ်ပြီး ကောင်းရာသုဂတိ ရောက်စေကွာလို့ သာ ပြောလိုက်ပါတယ်။
(ကွယ်လွန်သူ စောနဘန်း (NC) သို့ အမှတ်တရ)
သရုပ်ဖော်ပန်းချီအား ဤနေရာမှ ကူးယူပါသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts