ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ကုသိုလ်မှတ်စု

ကျော်သူ – နာရေးကူညီမှုအသင်း (ရန်ကုန်)
မတ်လ ၁၄၊ ၂၀၁၃
 
● Sompo Japan Foundation ၏ မြတ်ဒါန
(၅.၃.၂ဝ၁၃) ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် Sompo Japan Foundation မှ နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)သို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။

Sompo Japan Foundation မှ အမေရိကန်ဒေါ်လာ US$ 7552.87 အား လှူဒါန်းပေးအပ်ပြီး Mr. keiji Okada မှ “Sompo Japan Foundation သည် အာရှနိုင်ငံများတွင် နှစ်စဉ်လှူဒါန်းမှုများအဖြစ် မြန်မာ နိုင်ငံအား ပထမဦးဆုံးရွေးချယ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို လှူဒါန်းရန် ရွေးလိုက်ရခြင်းဖြစ် ကြောင်း၊ Sompo Japan Foundation သည် ၁၉၉၅ ခုနှစ် ကတည်းက မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ အာမခံကုမ္ပဏီဖြစ်ကြောင်း၊ ၁၉၆၄ ခုနှစ်မှာ ဘဏ္ဏာရေးလုပ်ငန်းကို ဆိုရှယ်လစ်လမ်းစဉ် ကျင့်သုံးပြီးနောက် မြန်မာနိုင်ငံကို ပထမ ဆုံးပြန်ဝင်လာတဲ့ နိုင်ငံခြားအာမခံကုမ္မဏီတစ်ခုဖြစ်ကြောင်း၊ ဒီလိုလှူဒါန်းရန် ဆုံးဖြတ် လိုက်ရတာက ၂ဝဝ၈ ခုနှစ်၏ နာဂစ်မုန်တိုင်းလို့ခေါ်တဲ့ ကြောက်စရာကောင်းတဲ့ သဘာဝဘေးတစ်ခု မြန်မာနိုင်ငံမှာဖြစ်ခဲ့တာကို မြင်ခဲ့လို့ဖြစ်ကြောင်း၊ မိမိတို့၏ကုမ္ပဏီသည် အာမခံကုမ္မဏီဖြစ်သောကြောင့် ဒီလိုသဘာဝဘေး ကြုံတဲ့လူတွေကို အကျိုးရှိရှိ ဘယ်လိုအာမခံလုပ်ပြီး ကူညီရမှလဲဆိုတာ ကောင်းကောင်း သိရှိကြောင်း၊ ဒါကြောင့် နာဂစ်ဆိုင်ကလုန်းဟာ မြန်မာပြည်သူတွေကို အာမခံလုပ်ငန်းနဲ့ ရင်းနှီးစေတဲ့ အရင်းခံအကြောင်းရင်းထဲက တစ်ခုဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ကျွန်တော်တို့ဟာ ကပ်ဘေးသင့် ပြည်သူ မြောက်များစွာ၏ နာရေးကိစ္စများကို အခမဲ့လုပ်ဆောင်နေတဲ့ သင်တို့၏ လုပ်ဆောင်ချက်များကို ကြားသိ သောအခါ အာမခံလုပ်ငန်းဟာ လူတွေကို စီးပွားရေးအရ တစ်ဝက်တပျက်သာကူညီနိုင်ကြောင်း၊ သူ၊ သူမတို့၏ ချစ်လှစွာသော သူတို့်ဆုံးရှုံးသွားခဲ့တဲ့ လူတို့၏ပျောက်ဆုံးနေသော လမ်းတဝက်ဟာ စိတ်ပိုင်း ဆိုင်ရာ ကုသခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ သိမြင်နားလည်လာပါကြောင်း၊ ထိုအရာနဲ့ပတ်သက်လို့ အခြားသူတွေကြားမှာ ပထမဆုံးခြေလှမ်းဟာ ဘာသာရေးနှင့်ဆိုင်တဲ့ နာရေးကိစ္စပဲဖြစ်ကြောင်း၊ မိမိတို့က ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကုသခြင်းကသာ အာမခံလုပ်ငန်းလိုမျိုး အပိုမပါတဲ့ နစ်နာကြေးပေးမှုကို ပြည့်စုံ စေတယ်လို့ တွေ့ရှိရပါကြောင်း၊ ဒီအချက်က ကျွန်တော်တို့ကို တွန်းပို့ပါကြောင်း၊ ဒါကြောင့် ကျွန်တော်တို့ သင်တို့ Organization ကို အလှူခံပုဂ္ဂိုလ်အဖြစ် ရွေးဖို့ဆုံးဖြတ်ခဲ့ကြောင်း” လှူဒါန်းရခြင်း ရည်ရွယ်ချက် အား ပြောကြားသွားခဲ့ပါသည်။

………………….
● တမလွန်မှ အလင်းပေးသူ
တမလွန်ဘဝသို့ ရောက်ရှိသွားသောသူသည် မွန်မြတ်သော အလှူဒါနတစ်ခုကို အောင်မြင်စွာ လုပ်ဆောင် သွားသည့်ကိစ္စရပ်အား (၄.၃.၂ဝ၁၃) ရက်နေ့တွင် တွေ့ကြုံခဲ့ရပါသည်။ ၄.၃.၂ဝ၁၃ ရက်နေ့တွင် အမှတ် ၉၂၂၊ ပင်းယလမ်း၊ (၅)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေ ဒေါ်ဖုန်းမေ အသက် (၆၈) နှစ်သည် ကွယ်လွန်သွားခဲ့ သည်။

နေအိမ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားနှင့် ယာဉ်မောင်း/နောက်လိုက်တို့ ရောက်ရှိချိန် ၌ နာရေးရှင်မိသားစုတို့မှ ခေတ္တခဏ စောင့်ဆိုင်းပေးပါရန် တောင်းဆိုခဲ့သဖြင့် (၁ဝ) မိနစ်ခန့်စောင့်ခဲ့သည်။ နာရေးရှင်၏ပြောပြချက်အရ ကွယ်လွန်သူ ဒေါ်ဖုန်းမေသည် မိမိ၏ မျက်ကြည်လွှာအား အမျိုးသားမျက်စိဘဏ်တွင် လှူဒါန်းထားပြီးဖြစ်သည်။ အမျိုးသားမျက်စိဘဏ်မှ မျက်ကြည်လွှာအား သူနာပြု (Nurse) ရောက်ရှိသောအခါ မျက်ကြည်လွှာအလှူရှင် ဒေါ်ဖုန်းမေ၏ မျက်ကြည်လွှာ (၁) စုံအား မိနစ် (၃ဝ) ခန့် ထုတ်ယူခဲ့ပြီးနောက် နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမ ပို့ဆောင်ပေးခဲ့သည်။

မျက်စိဝေဒနာရှင်တစ်ဦး မျက်ကြည်လွှာမကောင်းလျှင် ကွယ်လွန်သွားသူတို့မှ လှူဒါန်းထားသော မျက် ကြည်လွှာဖြင့်သာ အစားထိုး ကုသရပေသည်။ မျက်ကြည်လွှာအလှူသည် အလှူရှင်ကွယ်လွန်မှသာ ရသည်ဖြစ်၍ လွန်စွာရှားပါးသော အလှူဒါနဖြစ်သည်။ မျက်စိမမြင် သူနှစ်ဦး၏ ဘဝအား အမြင်အာရုံပြန်လည်ရရှိစေပြီး လူ့ လောကထဲတွင် စိတ်ချမ်းသာစွာနှင့် နေထိုင်သွားနိုင်မည်ဖြစ်သည်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင်ပင် လေးအသေင်္ချနှင့် ကမ္ဘာတစ်သိန်း စွန့်ခြင်းငါးပါး ဖြစ်သော လက်၊ ခြေ၊ မျက်လုံး၊ အသက်တို့အပြင် ဇနီး၊ သားသမီး တို့အား ဝေနေယျများစွာ သတ္တဝါတို့အတွက် လောကအကျိုးစီးပွားအလို့ငှာ ကြိမ်ဖန်များစွာ စွန့်လွှတ်အနစ် နာခံကာ လှူဒါန်းခဲ့သည်။ အလွန့်အလွန် မွန်မြတ်သော အလှူဒါနပါရမီ ဖြစ်ပါသည်။
ထို့ကြောင့် တမလွန်မှ အလင်းပေးသွားသော မျက်ကြည်လွှာအလှူရှင် ဒေါ်ဖုန်းမေအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ လိုက်လံပို့ဆောင် သင်္ဂြိုလ်လိုက်ရသည့်အတွက် အလှူရှင်များနှင့်တကွ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အသင်းသား/သူများ၊ ဝန်ထမ်းများတို့မှ ကုသိုလ်အကျိုးထူးများရရှိသဖြင့် မျက်ကြည်လွှာ အလှူရှင် ဒေါ်ဖုန်းမေ အား သာဓု .. သာဓု .. သာဓု ခေါ်ဆိုလိုက်ရပါတော့သည်။
မျက်စိလှူကြ၊ မျက်ကြည်ရ၊ မြတ်သည့်လှူဒါန တစ်ခုဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts